ပညာနှင့်သညာ - အသိနှင့်သတိ

လူသတ္တဝါ တို့သည် အမိဝမ်းတွင်း မှစ၍ လူ သတ္တဝါ ဘဝကို ရောက်ရှိ ရသည်မှာ လောက ကြီးရဲ့ နိယာမ တစ်ခုဖြစ်သည်ဟု ဆိုရပေမည်။ ထိုလူ သတ္တဝါတို့ အထဲမှာ လူသည် ၃၁ ဘုံသားမှာ တစ်ဘုံသော အရာသည် လူ့ဘုံဖြစ်သည်။ အခြား အခြားသော ဘုံသားများဖြင့် မတူပေ။ ဤကဲ့သို့ လူ့အသိုင်းအဝိုင်း လူ့ပတ် ဝန်းကျင်တို့ကို အကျယ် ချဲ့ ရလျှင် လောကကြီးဟု ဆိုရမည် ဖြစ်ပါသည်။

လောကကြီးကို အကျယ်ချဲ့လျှင်လည်း သုံးဘုံဟု ရှုမြင်ရပါမည်။ (၁) သြကာသ၊ (၂) သတ္တ၊ (၃) သင်္ခါရ ဟူ၍ လောကသုံးဘုံကို အလုံးစုံသိမြင်သော သူသည် ဗုဒ္ဓဘုရားရှင်တည်း။ ၃၁ ဘုံထဲမှ လူ့ဘုံဖြစ် သော လူသားထဲတွင် ဗုဒ္ဓဘုရားသည် အထွတ်မြတ်ဆုံးသော လူပုဂ္ဂိုလ် တစ်ဦးဟု မှတ်ယူ ကြရပေမည်။

လူ့ဘုံလောက၊ လူ့ဘဝဝယ်၊ ကျယ်ကျယ်ဆန်းပြား၊ ဤသုံးပါး၌၊ ကျင်လည်ကျက်စား ရောက်ရှိငြား သော်၊ လူသားပီသ၊ နေထိုင်မှသာ ဘုံ ၃၁ မြတ်လှ လူ့ဘုံရောက်ပုံစစ်၏ဟု ရေးသားတင်ပြလိုပါသည်။ ဤသို့ လူ့ဘဝကိုရောက်ပြီဆိုကတည်းက လူ့ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းကြားမှာ မွေးကင်းစအရွယ် မှသည် သေဆုံးသည်အထိ တွေ့ကြုံရသည်များကို မှတ်သားကြရပါသည်။ ၎င်းမှတ်သားမှုများကို သဉ္ဒာဟုခေါ်ဆို ကြရပေမည်။ လောကကြီးထဲတွင် (၁) သြကာသ-ရေမြေတောတောင်သဘာဝဖြစ်စဉ်၊ (၂) သတ္တ-လူ့သတ္တဝါ၊ (၃) သင်္ခါရ-ဖြစ်ခြင်း ပျက်ခြင်းသဘောတို့ကို မှတ်ယူခြင်း မှတ်သားခြင်းဟူသော (သဉ္ဒာ) ကို လူသတ္တဝါတိုင်းရှိနေမည်မှာမလွဲပါ။ သို့ဖြစ်၍သဉ္ဒာသည်ရှိနေရမည်ဖြစ်သည်။

‘အကြင်အရပ်၌ မြတ်နိုးသူမရှိ၊ အသက်မွေးဝမ်းကျောင်းအလုပ်မရှိ၊ ဆွေမျိုးမိတ်သင်္ဂဟမရှိ၊ ပညာရခြင်း မရှိသော်၊ ထိုအရပ်ကိုစွန့်ပစ်အပ်၏။ အလုံးစုံသော ဥစ္စာတို့တွင် “ပညာ” တည်းဟူသော ဥစ္စာသည်သာ အမြတ်ဆုံးဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လူလည်းမခိုးနိုင်၊ အဖိုးလည်းမဖြတ်နိုင်၊ ပေး၍သုံး၍မကုန် နိုင်သောကြောင့်တည်း” ဟူ၍ နီတိပညာရှိတို့က ပညာ၏အသုံးဝင်တန်ဖိုး (Value of Education) ကို ဖော်ပြခဲ့ကြပါသည်။

ထို့ကြောင့် ဆရာမျိုးစုံနှင့်တွေ့ကြုံကြရမည်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဟူ၍ ရှိကြပေမည်။ ကောင်း သည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ ကောင်းသောအရာဖြစ်စေ၊ မကောင်းသောအရာဖြစ်စေ၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကြားမှာမြင်တွေ့ ကြားသိသမျှအားလုံးကို (သဉ္ဒာ) ဆိုသော မှတ်ယူခြင်းကို (ပညာ) ဆိုသောကောင်းသောဖော်ထုတ်ယူခြင်းနှင့် ကပ်လျက်တွဲဖက်သွားလျှင် အရာရာမှာအောင်မြင် နိုင်ပါလိမ့်မည်။ “အင်္ဂလိပ်ဘာသာဖြင့် (Education) ဟူသောဝေါဟာရ၏မူရင်းမှာ လက်တင်ဘာသာမှ ဆင်းသက်လာခြင်းဖြစ်သည်။ အနှစ်ချုပ်အဓိပ္ပာယ်မှာ ဖော်ထုတ်ယူခြင်းဟူ၍ ဖြစ်၏။ တစ်ဖက်ပရိသတ် အားလုံးတို့သည် သဉ္ဒာနောက်တွင် ပညာကပ်မှသာ အရာရာကိုအောင်မြင်နိုင်ပါမည်။

နောက်တစ်ချက်တင်ပြလိုပါသည်။ အသိနောက်မှ သတိကပ်ဟု ဆရာ၊ ဆရာကြီးများ၏ ဆုံးမသြဝါဒ စကားရှိထားပါသည်။ အသိဆိုသည်မှာ လူ့ဘဝရောက်သည်မှစ၍ မြင်တွေ့သမျှ ကြားခဲ့သမျှ ကောင်းမှု (ကုသိုလ်) မကောင်းမှု (အကုသိုလ်) ဟူ၍ သိရှိနေသော အရာရာများအကြောင်း အကျိုးများဖြစ်ခြင်း ပျက်ခြင်းများ သဘာဝဖြစ်စဉ်များ၊ ရှင်သန်ခြင်း၊ သေဆုံးခြင်းများကို သိရှိထားသော “အသိ” အများ အားလုံးတို့ရှိနေပါသည်။

သဒ္ဓါလွန်လျှင် ကွန့်သည်၊ ပညာလွန်လျှင် ဆွံ့သည်၊ ဝီရိယလွန်လျှင် ပျံ့သည်၊ ဥမာဓိလွန်လျှင်တွန့် သည်၊ “သတိ” သည်သာ၊ လွန်သည်မရှိဟု ဆိုဆုံးမစကား ရှိခဲ့ပါသည်။ သို့ဖြစ်၍ လူတို့တွင်သိရှိနေ သောကောင်း မှု (ကုသိုလ်) မကောင်းမှု (အကုသိုလ်) တို့ကိုကောင်းသော အသိများဖြစ်စေရန် လွန် သည်မရှိဆိုသော “သတိ” ဖြင့်ကပ်ထားခြင်းဖြင့် လူ့ဘဝ၊ လူ့အသိုင်းအဝိုင်းတွင် အောင်မြင်သောသူ တစ်ယောက်ဖြစ်လာ မည်မှာ မလွဲနိုင်ပါ။ ထို့ကြောင့်အသိနောက်မှ သတိမမြဲရှိနေပါ။ ကပ်နေပါဟုဆိုချင် ပါသည်။

အနှစ်ချုပ်ရလျှင် “ပညာ” နောက်မှာ “သဉ္ဒာ” ကပ်ပါ။ “အသိ” နောက်မှာ “သတိ” ကပ်ပါဟု ဆိုဆုံးမ သြဝါဒစကားပြောကြားခဲ့သော ကျွန်တော့်၏ဆရာဆန်းအား ဤဆောင်းပါးဖြင့် အစဉ်ထာဝရ ဂါရဝပြု၍ ရေသား တင်ပြအပ်ပါသည်။


ကြေးမုံသတင်းစာ
ဇူလိုင် (၁၇) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...