သတိပြုဆင်ခြင်ဖွယ် ကလေးကင်ဆာအန္တရာယ်



လူကြီးတစ်ယောက်မှာ ထူးခြားတဲ့ရောဂါလက္ခဏာ တစ်ခုခုဖြစ်လာတဲ့အခါ၊ ကင်ဆာများဖြစ်နေမလားဟု စိုးထိတ်ကာ ဆေးရုံဆေးခန်းသို့ လာရောက်ပြသကြပါတယ်။ သို့ သော် မိမိ၏ ကလေး မကျန်းမာတဲ့အခါ ကင်ဆာဖြစ်နေမလားဟု တွေးမိ၍ ဆေးရုံဆေးခန်းသို့  ခေါ်လာသူ အင်မတန်မှ ရှားပါးလှပါတယ်။ကလေးမှာ ဘာရောဂါဖြစ်နေမှန်းမသိဘဲ၊ ဆေးရုံဆေးခန်းသို့ ရောက်လာပြီး လိုအပ်တဲ့ စစ်ဆေးစမ်းသပ် မှုတွေ ပြုလုပ်ပြီးနောက် ဆရာဝန်က “ကင်ဆာဖြစ်နေတယ်” လို့  ပြောမှသာ အထိတ်တလန့်  သိရှိသွား တဲ့ ဖြစ်စဉ်မျိုးပါ။ ဒါဘာကြောင့်လဲဆိုရင် ကလေးများဟာ မိမိခံစားနေရတဲ့ ဝေဒနာကို ဂဃဏန မပြောပြ တတ်တာရယ်၊ ကလေးကင်ဆာရောဂါ၏ ရှေးဦးလက္ခဏာများက အခြားရောဂါလက္ခဏာများနှင့် ထူးထူးခြားခြား ကွာခြားမှု မရှိတာရယ်၊ မိဘများ အနေဖြင့်လည်း ကလေးဘ၀အရွယ်မှာ ကင်ဆာမဖြစ် လောက်နိုင်ဘူးလို့  ကျန်းမာရေး အသိခေါင်းပါးကြတာရယ်… စသည်ဖြင့် အကြောင်း အမျိုးမျိုးကြောင့် အသိနောက်ကျ ကြရပါတယ်။ တကယ်တော့ကလေးကင်ဆာရောဂါများကို အချိန်မီထိရောက်စွာ ကုသ ပေးနိုင်ရင်၊ လူကြီးအရွယ်တွင်ဖြစ်တတ်တဲ့ ကင်ဆာများထက် သက်သာပျောက်ကင်းနိုင်မည့် အခွင့်အ လမ်း သိသိသာသာပိုများတာကြောင့် အောက်ပါကလေးကင်ဆာလက္ခဏာများကို လေ့လာမှတ်သားရင်း မိမိရင်သွေးကို ကာကွယ်စောင့်ရှောက်သင့်ပါကြောင်း။

(၁) လူကီးမီးယား(ခေါ်)သွေးဖြူဥကင်ဆာ

မြန်မာနိုင်ငံရှိ အသက် ၃-နှစ်၊ ၄-နှစ်အရွယ်ကလေးများတွင် အများဆုံးတွေ့ ရတဲ့ ကင်ဆာရောဂါဖြစ်ပါ တယ်။ လူကီးမီးယား အမျိုးအစားများစွာထဲမှ Acute Lymphoblastic Leukemia (ALL) ကတော့ အဖြစ် များဆုံးပါဘဲ။ အဓိကလက္ခဏာများမှာ သွေးအားနည်းခြင်း၊ အရေပြားမှာ သွေးခြည်ဥခြင်း၊ သွားဖုံးများမှ သွေးယိုစီးခြင်း၊ လည်ပင်း-ချိုင်း(ဂျိုင်း)-ပေါင်ခြံ တွေမှာ အကျိတ်များကြီးလာခြင်း၊ မကြာခဏဖျားခြင်း၊ အရိုးများနာခြင်း တို့ ဖြစ်ပါတယ်။ ထိုရောဂါအတွက် သွေး နှင့် ရိုးတွင်းခြင်ဆီတို့ ကိုဖောက်၍ စစ် ဆေးခြင်းဖြင့် လူကီးမီးယားဖြစ်နေကြောင်းကို အတည်ပြုနိင်ပါတယ်။

(၂) ဦးနှောက် ကင်ဆာ

ကလေးများတွင် ဒုတိယအများဆုံးတွေ့ ရတဲ့ ကင်ဆာရောဂါဖြစ်ပါတယ်။ အသက် ၅-နှစ်မှ ၁၀-နှစ်အရွယ် ကလေးများတွင် အများဆုံးတွေ့ ရတတ်ပါတယ်။ ဒါ့ပြင် လသားအရွယ် ရင်သွေးငယ်များသာမက၊ အပျို ဖော်-လူပျိုဖော်ဝင်စ အရွယ်တွေမှာလည်း တွေ့ ရနိုင်ပါတယ်။ အထူးသဖြင့် ငယ်ထိပ်မပိတ်သေးသည့် လသားအရွယ်မှာ ဦးခေါင်းအရွယ်အစားက ပုံမှန်ထက်ကြီးနေပါက ဦးနှောက်ကင်ဆာဖြစ်ဖို့ သေချာသ လောက် ရှိနေပါပြီ။ အဓိက လက္ခဏာများကတော့ အော့အန်ခြင်း၊ အိပ်ရာနိုးထချိန်(သို့ မဟုတ်)ခေါင်းငုံ့  ချိန်-ခေါင်းမော့ချိန်တွေမှာ ခေါင်းကို ရုတ်တရက် အနေအထားပြောင်းလိုက်တဲ့ အခါမျိုးတွေမှာ ခေါင်းကိုက် ခြင်းဖြစ်လာပါတယ်။ ကလေးများ ကာလအတန်ကြာ ခေါင်းကိုက်ဝေဒနာ ခံစားနေရပါက မပေါ့ဆသင့် ပါဘူး။

(၃) အာရုံကြော ကင်ဆာ

ကလေးများတွင် ဒုတိယအများဆုံးတွေ့ ရလေ့ရှိတဲ့ ကင်ဆာရောဂါတစ်မျိုးပါဘဲ။ ဆေးသိပ္ပံနည်းအရ Neuroblastoma လို့ ခေါ်ပါတယ်။ ကျောက်ကပ်အပေါ်ဖက်နားရှိ အက်ဒရီနယ်ဂလင်း၏ အတွင်းသား (Adrenal Medulla) နှင့် Sympathetic Nervous System တစ်သျှူးများရှိရာ ၀မ်းခေါင်းပိုင်း၊ ရင်ဘတ်၊ လည်ပင်း၊ ဦးခေါင်း စတဲ့နေရာတွေများ ဖြစ်ခြင်းပါ။ ထိုကင်ဆာဖြစ်ပွားနှုန်းမှာ ပျမ်းမျှအားဖြင့် အသက် ၁-နှစ်အရွယ်မှာ ရောဂါဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်း၊ အသက် ၂-နှစ်အ ရွယ်မှာ ၄၀ ရာခိုင်နှုန်း၊ အသက် ၁၀-နှစ်မပြည့်ခင်အရွယ်မှာ ရောဂါဖြစ်နိုင်ခြေ ၉၀ ရာခိုင်နှုန်း ရှိပါတယ်။ အဓိကလက္ခဏာများမှာ ၀မ်းဗိုက် ဖောင်းခြင်း၊ ၀မ်းဗိုက်အတွင်း အဖုအလုံးစမ်းသပ် တွေ့ ရှိခြင်း၊ အကျိတ်အဖုတွင်း သွေးယိုစီးခြင်းတို့ ဖြစ် ကြပါတယ်။

(၄) သားနံရည်တစ်ရှုး ကင်ဆာ

ကလေးများတွင် တတိယအများဆုံးတွေ့ရတဲ့ ကင်ဆာရောဂါဖြစ်ပါတယ်။ အသက် ၅-နှစ်အောက်မှာတွေ့  ရခဲသော်လည်း၊ ၅-နှစ် ကျော်အရွယ်တွေမှာ သိသိသာသာ အဖြစ်များလာတတ်ပါတယ်။ ပျမ်းမျှ ဆယ် ကျော်သက်အရွယ်တွေမှာ အဖြစ်များဆုံးကင်ဆာ ဖြစ်၍၊ ယောကျာ်းလေးများက မိန်းကလေးများထက် ရောဂါဖြစ်နှုန်း ၂-ဆ ခန့် ပိုပါတယ်။ ရောဂါလက္ခဏာများမှာ လည်ပင်းနှင့် ဦး ခေါင်းပိုင်းတွေမှာ lymph gland(ခေါ်)သားနံရည်ကျိတ်များ နာကျင်မှု မခံစားရဘဲ ရောင်ရမ်းကြီး မာနေခြင်း၊ သားနံရည် တစ်သျှူး များရှိသည့် အရေပြား နှင့် အရိုးနေရာတွေ နာကျင်ရောင်ရမ်းခြင်း၊ အရေပြားပေါ်သွေးခြေဥခြင်း၊ ဖျားနာ ခြင်း၊ သွေးအားနည်းခြင်း တို့ ဖြစ်ပါတယ်။

(၅) ကျောက်ကပ် ကင်ဆာ

Wilm’s tumour(ခေါ်)ကျောက်ကပ်ကင်ဆာ တစ်မျိုးကတော့ ကလေးငယ်များတွင်သာ ဖြစ်တတ် တဲ့ရော ဂါပါ။ အသက် ၃-နှစ် ခန့် အရွယ်မှာ အများဆုံးဖြစ်တတ်ပြီး၊ ထိုရောဂါဝေဒနာရှင်၏ ၈၀ ရာခိုင်နှုန်းမှာ အသက် ၅-နှစ်အောက် ကလေးများဖြစ်ကြပါတယ်။ ရောဂါဝေနာရှင် ကလေးများ၏ ၅၀ ရာခိုင်နှုန်းမှာ ၀မ်းဗိုက်ဖောင်းနေ ၍ အဖုကြီးများကိုမတော်တဆစမ်းသပ်မိခြင်းဖြစ်ပြီး နာကျင်ကိုက်ခဲမှုဝေဒနာ တစ်စုံ တစ်ရာမခံစားရပေ။ ကျန်ဝေဒနာရှင်များ၏ ၅၀ ရာခိုင်နှုန်းမှာ ဗိုက်နာခြင်း၊ အန်ခြင်း၊ ဖျားခြင်း လက္ခဏာ များပြတတ်ပါတယ်။ ရောဂါက အဆုတ် နှင့် အသည်းတို့ထိပါ ပျံ့ နှံ့သွားတတ်ပြီး၊ အသည်းထိအောင်ပြန့်  သွားပါက အသည်းကြီးနေတတ်ပါတယ်။

(၆) အရိုး ကင်ဆာ

ကလေးများတွင် Osteosarcoma(ခေါ်)အရိုးကင်ဆာ နှင့် Ewing sarcoma(ခေါ်) အရိုးကင်ဆာ တို့ က အဖြစ်များဆုံးရောဂါများ ဖြစ်ကြ၍၊ လက်မောင်းရိုး၊ ပေါင်ရိုး စတဲ့ အရိုးရှည်တွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ အသက် ၁၀ နှစ် နှင့် ၂၀ ကြားမှာ ဖြစ်လေ့ရှိပါတယ်။ Osteosarcoma (ခေါ်) အရိုးကင်ဆာ ရောဂါလက္ခ ဏာမှာ ၄င်းအရိုးရှည်များ အကြောင်းမဲ့ နာကျင်ကိုက်ခဲနေ တတ်ခြင်းပါ။ Ewing sarcoma(ခေါ်) အရိုး ကင်ဆာ၏ ရောဂါလက္ခဏာကတော့ အရိုးများနာကျင်ခြင်း နှင့် ထိုအရိုးနာနေရာမှ အဖုအလုံးများ ဖြစ် တည်လာခြင်းပါ။

(၇) မျက်စိ ကင်ဆာ

မျိုးရိုးလိုက်တတ်သည့် ကင်ဆာတစ်မျိုးပါ။ မျိုးရိုးလိုက်၍ ဖြစ်သူများတွင် မျက်စိ ၂-ဖက် စလုံးဖြစ်တတ်ပြီး၊ ပျမ်းမျှအသက် ၈-နှစ်အရွယ်မှာ ဖြစ်တတ်ပါတယ်။ မျိုးရိုးမရှိသော ကလေးများမှာ မျက်စိ ၁-ဖက်သာဖြစ် လေ့ရှိပြီး၊ ပျမ်းမျှ အသက် ၂- နှစ်ဝန်းကျင်မှာ ဖြစ်တတ်ပါတယ်။ ကလေး၏ မျက်လုံးသူငယ်အိမ်ဟာ ကြောင်မျက်လုံးကဲ့သို့ တောက်ပြောင်နေခြင်းက မျက်စိကင်ဆာလက္ခဏာ ဖြစ်ပါတယ်။

(၈) အသည်း ကင်ဆာ

မျိုးရိုးလိုက်ခြင်း နှင့် မိခင်ဝမ်းတွင်း သန္ဓေသားဘ၀တွင် ဓာတ်မှန် နှင့် အခြားဓာတ်ရောင်ခြည်များ ထိတွေ့  ခံရခြင်းကြောင့် ရင်သွေးငယ်မှာ မွေးရာပါ အသည်းကင်ဆာ ဖြစ်လာရပါတယ်။ မျက်စိတွင် မျက်နက် အဆံမပါသော ကလေးများ နှင့် ကိုယ်တစ်ခြမ်း ကြီးသော ကလေးများမှာ အသည်းကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။

(၉) မျိုးဆက်ပွားအင်္ဂါ ကင်ဆာ

သမီးငယ်များတွင်သာ တွေ့ ရတဲ့ ကင်ဆာရောဂါတစ်မျိုးပါ။ သန္ဓေသားဘ၀တွင် ဓာတုပစ္စည်း နှင့် Dethylstilbesterol (ခေါ်) ဟော်မုန်းဆေးဝါးများကို မိခင်မှ သုံးစွဲ ခဲ့ခြင်းကြောင့် မွေးလာတဲ့ သမီး မိန်းကလေးမှာ မွေးလမ်းကြောင်းကင်ဆာ ဖြစ်လာရပါတော့တယ်။


(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
--
promise.pauk
------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...