ရန်ကုန်မြို့တော်တွင် သက်ကြီးရွယ်အို စွန့်ပစ်သူများ ပိုများဟုဆို

လမ်းမတော် စံပြရုံဘေးတွင် ဇူလိုင် ၃ရက်နေ့ ညပိုင်းက စွန့်ပစ်ခဲ့သည့် အသက် ၈၀ အရွယ် အဖိုးအိုတစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ - Kamayut Media)

ရန်ကုန်၊ ဇူလိုင် ၇

ရန်ကုန်ပြည်သူ့ ဆေးရုံကြီးနှင့် မြို့လယ်အနီးတစ်ဝိုက်မှ ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုများ လာရောက် စွန့်ပစ်သူဦးရေ သိသိသာသာ များပြားလာကြောင်း အဆိုပါ ဆေးရုံကြီး ဆေးလူမှုဆက်ဆံရေး အရာရှိ ဦးထွန်းလင်းက The Voice သို့ ပြောကြားသည်။

ဆေးရုံကြီးတွင် တက်ရောက်ကုသရင်း လူနာစောင့်များက စွန့်ပစ်သူ သက်ကြီးရွယ်အိုများ ရှိသလို လမ်းပေါ်တွင် စွန့်ပစ်ပြီးမှ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိလာသူများလည်း ရှိကြောင်း၊ နေရေးထိုင်ရေး ခက်ခဲမှုကြောင့် မိုးရာသီတွင် လာရောက်စွန့်ပစ်သူ ပိုများကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

အဆိုပါ ဆေးရုံကြီးသည် သက်ကြီးရွယ်အိုများကို စောင့်ရှောက်ရန် လက်ခံရာနေရာ မဟုတ်သော်လည်း ဆေးကုသရန် ရောက်ရှိလာရာမှ လက်ခံထားခြင်း ဖြစ်သည်ဟု တာဝန်ရှိသူများက ဆိုသည်။

“ပွင့်လင်းရာသီမှာ နေရာတကာ လျှောက်နေလို့ ရတယ်။ မိုးရာသီဆိုတော့ မှီခိုစရာမရှိ၊ စားစရာမရှိ အားနည်းပြီး ဆေးရုံမှာ ရောက်နေတဲ့ သက်ကြီးသူ များတယ်။ လူနာစောင့် လုပ်နိုင်တဲ့ လူငယ်တွေတောင် လိုအပ်တယ်” ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးလူမှုဆက်ဆံရေး ဌာနမှူး ဒေါ်သင်းသင်းစိုးက The Voice သို့ ပြောဆိုသည်။

အလားတူ ဆည်းဆာရိပ် ခိုကိုးရာမဲ့ ဂီလာန ဘိုးဘွားရိပ်သာတွင်လည်း လာရောက် စာရင်းပေးသွင်းလာသူ ၄၀ ဦးနီးပါးရှိပြီး အဆောက်အအုံနှင့် လူအင်အား မမျှတတော့ကြောင်း အဆိုပါရိပ်သာ အုပ်ချုပ်ရေးမှူး ဦးဘိုဘိုက ဆိုသည်။

စီးပွားရေး ကျပ်တည်းလာချိန်တွင် မိသားစုဝင်တိုင်း အလုပ်လုပ်ရသည့်အတွက် ဘိုးဘွားများကို ပြုစုစောင့်ရှောက်မည့်သူ တဖြည်းဖြည်း နည်းလာကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး ပြုလုပ်မည့်သူ မရှိသည့်အတွက် ဘိုးဘွားရိပ်သာနှင့် ပြည်သူ့ဆေးရုံများကို အများဆုံး ရောက်ရှိလာကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လာရောက် စွန့်ပစ်ထားသော ခိုကိုးရာမဲ့ ဘိုးဘွား ၁၉ ဦးကို သန်လျင်မြို့ရှိ သဘာဝ တရားရိပ်သာသို့ လွှဲပြောင်းပေးထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးလူမှုဆက်ဆံရေး အရာရှိ ဦးထွန်းလင်းထံမှ သိရသည်။

ဇူလိုင်လဆန်းပိုင်း ကလည်း အသက် ၈၀ အရွယ် အဘိုးအိုတစ်ဦးကို လမ်းမတော်မြို့နယ်တွင် လာရောက် စွန့်ပစ်သည်ဟု ဆိုသည့် ကမာရွတ်သတင်းမီဒီယာ ဗီဒီယိုဖိုင်သည် လူမှုကွန်ရက် သုံးစွဲသူအချို့ထံ ပျံ့နှံ့သွားခဲ့သည်။

မြန်မာနိုင်ငံတွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် လူမှုရေး အဖွဲ့အစည်းအချို့က ဘိုးဘွားရိပ်သာများ ဖွင့်လှစ်ထားပြီး ခိုကိုးရာမဲ့ ဘိုးဘွားများကို စောင့်ရှောက်လျက် ရှိသည်။


The Voice Journal
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...