ဘဝမျိုးစုံမှာ ဖြတ်သန်းခဲ့ဖူးတဲ့ လင်းလင်းရဲ့ အနုပညာ ကောက်ကြောင်း

လင်းလင်း ဆိုပြီး သူ့ကို စသိခဲ့တာက ၂ဝဝ၅ ဝန်းကျင်က ထွက်ရှိခဲ့တဲ့ လေးဖြူရဲ့”ခဏလေးများ” စီးရီးမှာ တေးရေး အဖြစ်နဲ့ ဖြစ်ပါတယ်။ Title သီချင်း “ခဏလေးများ” အပြင် ခရီးများ အဆုံး ထိလျှောက်၊ သိချင်တယ် စသည့် သီချင်းကောင်း များ၏ တေးရေးအဖြစ် သူ့ကို စတင် အသိ အမှတ်ပြုခဲ့ ရပါတယ်။ တေးရေး အသစ် တစ်ယောက် အနေဖြင့် နာမည်ကြီး တေးသံ ရှင်ကြီးတစ်ဦး၏ စီးရီးထဲတွင် သီချင်းပုဒ်ရေ ဧရိယာ တော်တော် များများကို ရယူနိုင်ခဲ့ခြင်းကို ကြည့်လျှင် သူ၏ အရည်အချင်းကို အသိအမှတ် မပြုဘဲနေ၍ မရ။ အဲဒီနောက် မှာတော့ မျိုးကြီးရဲ့ နိစ္စဓူဝ၊ အငဲရဲ့ ကိုး စတဲ့ နာမည်ကျော် ရော့ခ်ကာတွေ ရဲ့ ကိုယ်ပိုင်သံစဉ် စီးရီးတွေမှာ လင်းလင်းရဲ့ လက်ရာ တွေကို တွေ့လာ ရပါတော့တယ်။ မောင်မောင်ဇော်လတ်၊ အယ်ဖြူစတဲ့ ကိုယ်ပိုင် သံစဉ်ကို လက်စောင်းထက် စွာ ရေးသားနိုင်ကြတဲ့ တေးရေး ဆရာတွေရဲ့ နောက်မျိုးဆက် ကပ်လျက်မှာ ပေါ်လာတာ ကတော့ လင်းလင်း ပဲ ဖြစ်ပါတယ်။ လင်းလင်းရဲ့ လက်ရာ သီချင်းတွေကို ၂ဝဝ၅ ဝန်းကျင်မှာမှ စတင် ကြားသိခဲ့ ရပေမယ့် သူ့မှာ ကိုယ်ပိုင်သံစဉ် စစ်စစ်တွေ ရှိနေတာ ကတော့ ၁၉၉၈ ခုနှစ်၊ ၈ တန်းကျောင်းသားဘဝ ကတည်းက ပဲဖြစ်ပါတယ်။ အယ်ဖြူ၊ မောင်မောင်ဇော်လတ် စသူတွေကို အားကျခဲ့တဲ့ လင်းလင်းရဲ့ ငယ်စဉ်အိပ်မက် ကတော့ ဒီလိုပါ။

“၉၈ ခုနှစ် ၈တန်း၊ ၇တန်း လောက်က စပြီး ဒီအလုပ်ကိုပဲ လုပ်မယ်လို့ ရည်မှန်းချက် ထားတယ်။ ငယ်အိပ် မက်ပေါ့။ အဲဒီမှာစပြီး အဆက်အသွယ် ရတာက ကိုအယ်ဖြူ နဲ့ လူချင်း ဆုံဖူးတာတော့ မဟုတ်ဘူး။ ဖုန်းနံပါတ် ရပြီး ကိုအယ်ဖြူ နဲ့ ဖုန်း အမြဲပြောဖြစ်တယ်။ သူကလည်း ကျွန်တော့်ကို လက်ခံပြောပေးတယ်။ မသိ တာတွေပြောပြတယ်။ သီတင်းကျွတ် ကျောင်းပိတ်ရက်တို့ အားလပ်ရက်ဆိုရင် မုန့်ဖိုးတွေ စုထားတာ နဲ့ မန္တလေးက ရန်ကုန်ကို တက်လာပြီး ကိုအယ်ဖြူ ဆီ လာတယ်။ ကိုအယ်ဖြူက တအား ပြည့်ဝတဲ့ ပုဂ္ဂိုလ် တစ်ယောက် ဆိုတော့ ဖုန်းထဲမှာလည်း လက်ခံ စကားပြောပေးတယ်။ အပြင်မှာ လာတွေ့တော့လည်း မသိတာတွေ ရှင်းပြတယ်။ ကျောက် မြောင်းထဲက လက်ဖက်ရည်ဆိုင်မှာ ချိန်းတယ်။ ဓမ္မဝိဟာရလမ်းက The Arts အဖွဲ့သားတွေ စုနေကြတဲ့ အိမ်ကို ခေါ်ခေါ်သွား ပြီးတော့ ကျွန်တော် ရေးထားတဲ့ သီချင်းတွေ ကို တီးပြခိုင်းတယ်။ လိုတာတွေရှိရင် ပြပေးတယ်။ သူကြိုက်တာတွေ ဆိုလည်း ကောင်းတယ်ပြောတယ်။ ကိုအယ်ဖြူဆီ ကနေ အကြံဥာဏ်တွေ၊ ပညာတွေ လိုတာထက် ပိုပြီးတော့ကို ရခဲ့တယ်လို့ ပြောလို့ရတယ်။ ကိုယ်ပိုင်သံစဉ် တစ်ပုဒ်ပေါ်မှာ ချဉ်းကပ်ပုံ ချဉ်းကပ်နည်းက အစရခဲ့တယ်”။

လင်းလင်း အနေနဲ့ ၈ တန်း ၉ တန်း အရွယ်မှာ သီချင်းတွေ ရေးဖြစ်နေပြီး ဂစ်တာကိုတော့ ၅ တန်းနှစ်က စပြီး self study အနေနဲ့ ကိုယ်ပိုင်ပဲ လေ့လာခဲ့တယ် လို့လည်း သိရပါတယ်။

“အမှန်အတိုင်း ဝန်ခံရရင် ခုချိန်ထိ ဂစ်တာသင်တန်းလည်း မတက်ဖူးဘူး။ စာအုပ်တွေ ဝယ်ပြီး ကျင့်တယ်။ သူများ တီးတာတွေကို ကြည့်တယ်။ သီချင်းတွေက တစ်ဆင့် မြင်ဆရာ၊ ကြားဆရာတွေပေါ့” လို့ လင်းလင်း က ပြောပြန်ပါတယ်။

မောင်မောင်ဇော်လတ် နဲ့ အယ်ဖြူ တို့ရဲ့ သီချင်းတွေကို ဈာန်ဝင်စားခဲ့ပြီး သူတို့သီချင်း အားလုံးကို လိုက် တီး လိုက်ဆိုခဲ့တဲ့ လင်းလင်းက ၉၈၊ ၉၉ မှာ သူလေးစားသူတွေ နဲ့ ဆုံဆည်းဖြစ်ခဲ့ရာက သူ့ရဲ့ ဂီတအရည် အသွေးက ပိုမို ထွန်းတောက်ခဲ့ပါတယ်။ ၂ဝဝဝ ခုနှစ်မှာ ဂီတတွေနဲ့ မွေ့လျော်နေပြီဖြစ်တဲ့ လင်းလင်းက တက္ကသိုလ် ဝင်တန်းကိုတော့ ၂ဝဝ၁ ခုနှစ်မှာ အောင်မြင်ခဲ့ပါတယ်။ မိဘတွေ စိတ်ချမ်းသာဖို့ အတွက် တက္ကသိုလ် ၀င်တန်းကို ကြိုးစားဖြေဆိုခဲ့ပြီး နောက်မှာတော့ ကျောင်းပညာရေးထက် သူ့ရဲ့ မပြီးဆုံးတဲ့ ဂီတခရီးပန်းတိုင်ကို ဆက်လက် ရွက်လွှင့် ခဲ့ပါတော့တယ်။

"ဆယ်တန်းပြီးတော့ စက်မှုကျောင်းအပ် လိုက်သေးတယ်။ အဲဒါကို ပြီးအောင် မတက်တော့ဘဲ ဒီဂီတကို ပဲ လုပ်ချင်တော့ မှတ်မှတ်ရရ ၂ဝဝ၂ ကမ္ဘာ့ဖလား အပြီးမှာ ရန်ကုန်ကို အပြီးထွက်လာခဲ့တယ်။" ကျော ထောက်နောက်ခံ အားနည်းပြီး သာမန်မီးရထား ဝန်ထမ်းမိသားစုက ဆင်းသက်လာတဲ့ လင်းလင်းရဲ့ ဂီတ ခရီးရှည်ကြီးကတော့ ၂ဝဝ၂ ခုနှစ်မှာ စတင်ခဲ့ပါပြီ။ မန္တလေးသား လင်းလင်း၊ ရန်ကုန်မှာ အမျိုးအဆွေ မရှိတဲ့ လင်းလင်းရဲ့ မြို့ပြရှင်သန်မှု ရက်စွဲတွေကို ပြန်ကြည့်ရင်တော့ ဂီတအလုပ်အတွက် ရန်ကုန်ကို ရောက်လာပေမယ့်လည်း ဝါသနာထက် ဝမ်းရေးခက် ဆိုတဲ့အတိုင်း သူဂီတကို ရေကန်အသင့် ကြာ အသင့်နဲ့ ထုတ်ဖော်ခွင့် ရခဲ့တာတော့ မဟုတ်ခဲ့ပါဘူး။ တေးရေးတေးဆို လင်းလင်းဆိုပြီး လူငယ်သာမက လူလတ်ပိုင်းအထိပါ နှလုံးသားထဲကို ရောက်ရှိအောင်မြင် နေပြီဖြစ်တဲ့ လင်းလင်းဟာ တစ်ချိန်တုန်းက ကားစပယ်ယာ၊ လမ်းဘေး ဈေးသည်အဖြစ် ရပ်တည်ခဲ့ရတယ် ဆိုတာ သူ့ဘဝရဲ့ မှတ်ထားစရာ မ ကောင်းတဲ့ အမှတ်တရတွေလည်း ဖြစ်နေပါတယ်။

“ရန်ကုန်ရောက်တော့ အဆောင် အရင်ရှာတယ်။ အင်းစိန်က အဆောင် တစ်ခုမှာနေတယ်။ စားဝတ်နေ ရေးကလည်း အရေးကြီး တော့တွေ့သမျှ အလုပ်တွေ လုပ်ပြီး ဒါကိုဖြေရှင်း ရတယ်။ တော်တော်များများ လုပ်ခဲ့ဖူးတယ်။ အမှန်အတိုင်း ဝန်ခံရမယ်ဆိုရင် အင်းစိန်ဘက်က ဘတ်စ်ကားတွေမှာ စပယ်ယာဝင် လုပ် တယ်။ ဒါတွေကတော့ ပြောစရာလည်း မလိုတဲ့အတွက် မပြောခဲ့တာ။ ခုလိုမေးတော့လည်း ပြောပြ ရ တာပေါ့။ ပြီးတော့ မြို့ထဲမှာ လမ်းဘေးဈေး သည်အနေနဲ့ အင်းစိန် အဆောင်က သူငယ်ချင်းတွေနဲ့ အတူ ဖန်စီပစ္စည်းတွေလည်း ရောင်းခဲ့သေးတယ်” လို့ ပြောပါတယ်။


ရဲရဲ
Popular Journal
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...