အနာဂတ်အမြင် အားကောင်းကြလျှင်

နေဇင်လတ် (vol.2,No.40) 
စီမံခန့်ခွဲမှုတွင် Vision ကို မျှော်မှန်းချက်ဟု ဖွင့်ဆိုသည်။ အနာဂတ် အမြင်အား မကောင်းဘဲ မျှော်မှန်းချက် ထားနိုင်မည်မဟုတ်၊ ထို့ကြောင့် ယေဘုယျ နားဝင်အောင် ပြောကြသည့်အခါ “အနာဂတ်အမြင်”ဟု ဖြစ်လာ တော့ သည်။ ထို Vision မှန်ကန်ပါမှ Mission ဟူသော ရည်မှန်းချက် ထားရှိနိုင်ပါလိမ့်မည်။ လွယ်လွယ်မြင် လွယ်လွယ်တွေးသော Vision ဖြစ်လျှင် Mission မှားပါ လိမ့်မည်။ ထိုသောအခါ ရည်မှန်းချက်ကို အကောင် အထည်ဖော်ပေးမည့် မဟာဗျူဟာ နည်းဗျူဟာ တို့လည်း တက်တက်စင်လွဲ ကြပါလိမ့်မည်။

ယူရိုအကျပ်အတည်း

ယူရိုအကျပ်အတည်း မကြာခဏဖြစ်သည်။ နောက်ဆုံး ဂရိနိုင်ငံ၌ဖြစ်ခဲ့သော စီးပွားရေး အကျပ်အတည်း ကြောင့် ဥရောပတစ်ခုလုံး စီးပွားရေး အရလဲ ပြိုနိုင်သည် အထိခြိမ်းခြောက်မှု ခံခဲ့ကြရသည်။ စီးပွားရေး ဘာသာ စကားဖြင့် ဆိုရလျှင် “တစ်နိုင်ငံလုံး ဒေ၀ါလီ” ခံရခြင်းဟူ၍ ဂရိကို တင်စားရသည်အထိ အကျပ် အတည်းက နက်ရှိုင်းခဲ့ပါသည်။

အီးယူသည်ဥရောပ(၃၇)နိုင်ငံစုပေါင်းထားသည်၊ ဒုတိယကမ္ဘာစစ် နောက်ပိုင်း စီးပွားရေးတစ်ဟုန်ထိုး တိုးတက်လာပြီး၊ နိုင်ငံရေး၊ စစ်ရေး သြဇာအလွန်ကြီး မားလာသော စူပါ-ပါဝါရှင် အမေရိကန်၏ လွှမ်းမိုးမှုကို ထိုးဖောက်နိုင်ရန် ဥရောပနိုင်ငံများစုပေါင်း၍ အမေရိကန်၏ “ဒေါ်လာ” နေရာတွင် အစားထိုးနိုင် ရန် “ယူရို” ငွေကို ထုတ်ခဲ့ခြင်းဖြစ်သည်၊ ယူရို ငွေကြေး မထွက်လာခင်က ပင် ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ကျော်ဖြတ်ခဲ့ကြရပါသည်။

ကမ္ဘာ Hedge Fund သူကြွယ်ကြီးတစ်ဦး၏ကမ္ဘာ့စီးပွားရေး ဆင်ပိုစီ ယံ တွင်ပြောကြားခဲ့သော ဆွေးနွေးမှု တစ်ခုမှာ များစွာမှတ်သားဖွယ်ရာ ဖြစ် သည်။ သူစဉ်းစားခဲ့သည့်အယူအဆမှာ သာမန်သမားရိုးကျစဉ်းစား ခြင်းများ ထဲမှ ဖောက်ထွက်စဉ်းစားပုံဖြစ်သည်။ စီးပွားရေးကို နိုင်ငံရေးနှင့် ကျယ်ပြန့်စွာ ဆက်စပ်စဉ်းစား နည်းကို အခြေခံထားသဖြင့် မြန်မာ့အသွင် ကူးပြောင်းရေး တွင်နိုင်ငံရေး ရှေ့တန်းတိုက်စစ်မှူးများပင် လေ့လာသင့်ကြ သည်ဟုမြင်ပါ သည်။ တွေးခေါ်မှု "thinking" နှင့် အရှိတရား "reality" ကိုပေါင်းစပ် ထားသည်။ ထို့အပြင်လူတို့၏ မှားတတ်သောသဘော၊ နိုင်ငံရေးမူဝါဒအပေါ် အခြေခံမှု၊ ဥရောပ သမဂ္ဂနိုင်ငံ များမှ အစိုးရများ၏ ရပ်တည်နိုင်သည့် အခြေ အနေများကို ထည့်သွင်းစဉ်းစားသည့်သဘော တွေ့ရသည်၊ သူ့စဉ်းစားပုံမှာ စီးပွားရေးသီအိုရီများနှင့် တိုက်ရိုက်ဆန့်ကျင်မှုများ ရှိနေနိုင်သည်ဟု ဆိုထား ပါ၏။

သူ့အယူအဆများ

ထိုသူကြွယ်ကြီး အလေးထားခဲ့သည့် အချက်မှာ နောက်ဆုံးရလဒ် (Eventual outcome) ထက်၊ အပြောင်းအလဲ တစ်ရပ်၏ အဆင့်များ (The process of change) အပေါ် အထူးဂရုပြုလေ့လာခြင်း ဖြစ်သည်။ ထိုအပြောင်းအလဲ၏ နည်းစဉ်အတိုင်း ငွေကြေးလိုက်ပါကစားခဲ့ခြင်းဟု ဆိုသော်မမှားချေ။ ပြောင်း လဲပုံအဆင်ကလက်တွေ့၏ Objective နှင့် Subjective တို့ကြား ဖြစ် သင့်သော သဏ္ဍာန်တစ်ခု ကိုဖော်ပေးနိုင်သည်ဟုဆို၏။ ဤတွင်ထပ်မံထည့် သွင်းစဉ်းစားသည့်အခြေအနေတစ်ခုမှာလူတို့၏ ပြုတတ်သောအမှားက အဆိုပါရှုထောင့်နှစ်ခုကို အမြဲတမ်း တူညီစေမည် မဟုတ်ဆိုသော အချက်ဖြစ် သည်၊

ပြောင်းလဲမှုတွင် အဆင့်တိုင်း၌ တုံ့ပြန်မှု တို့ရှိနေပြီး အနှုတ်သဘော ဆောင် တုံ့ပြန်မှုနှင့်အပေါင်း သဘောပါ တုံ့ပြန်မှုဟူ၍ ရှိတတ်သည်၊ သူ့အယူ အဆအရ အရှိတရားအပေါ် ရှုထောင့်နှစ်ခုကို အနှုတ် သဘောပါတုံ့ပြန်မှုကပိုမို ကျဉ်းမြောင်းစေ ပြီး၊ အပေါင်းသဘောဆောင် တုံ့ပြန်မှုက ပို၍ကွာဟ စေ သည်ဟုဆိုထားသည်။ သူကအနှုတ်လက္ခဏာဆောင်တုံ့ပြန်မှုအပေါ် အကောင်းမြင်၏။ ဤတုံ့ပြန်မှုက ဟန်ချက်ကောင်းကိုဖြစ်စေပြီး၊ အပေါင်း လက္ခဏာဆောင်တုံ့ပြန်မှုက ဟန်ချက်ကိုပျက်ပြားစေသော ရှုပ်ထွေးမှု၊ စိုးရိမ်မှု၊ လှုပ်ခါမှုတို့ကို ဖြစ်ပေါ်စေကာ တစ်ခါတစ်ရံ ရှော့ခ်များကိုပင် ဖြစ်စေ သည်ဟုဆို သည်၊

ဤတွင်သူ့အယူအဆက ယခင်အများ လက်ခံထားသော အယူအဆ (Conventional concept) မှ သိသိသာသာ ခွဲထွက်လာသည်ကို သတိထား မိလာသည်။ သူ့အယူအဆမှာ ဟန်ချက်ညီလွန်းလျှင် အစွန်းတစ်ပါးဖြစ်သည် ဟုဆိုလာသည်၊ အရှိတရား(အဖြစ်မှန်)သည် “ဟန်ချက်အနီး”နှင့် “ဟန်ချက် အဝေး”ဟူသော ကြား၌ ရှိနေသည်ဟူသော အယူအဆဖြစ်သည်။ ဆိုလိုသည်မှာ “ဟန်ချက်” သည် အစွန်းတစ်ခုဖြစ်ပြီး၊ ဟန်ချက် အပျက်ယွင်းဆုံး သည်လည်း အစွန်းတစ်ခုဟု ဆိုလိုဟန်ဖြစ်သည်။ ကမ္ဘာ့ဘောဂဗေဒပညာရှင်များ အခြေခံထားသော အယူအဆတစ်ခုမှာ "Boom-Bust" သီအိုရီနှင့် "Theory of Equilibrium" ဖြစ်ပြီး ထိုနှစ်ခုမှာ ဆန့်ကျင်ဘက်သဘော တရားရှိသည် ဟူ၍၊ ဤနှစ်ခုကို ပညာရှင်များက “သီးသီးခြားခြား” ခွဲခြား၍ စဉ်းစားကြလေ့ရှိ သည် Two pillars approach ဟုခေါ်သည်၊ထောက်တိုင် နှစ်ခုကို ခွဲခြား စဉ်းစားသော ချဉ်းကပ်နည်းဟု ဆိုသော်ရပေသည်။ ထိုသူကြွယ်ကြီးက "Twin pillars approach" နည်းဖြင့် စဉ်းစားသည်၊ ထောက်တိုင်နှစ်ခုကို သီးခြားစီမစဉ်းစားဘဲ အမွှာတိုင် များအဖြစ် ယှဉ်တွဲ စဉ်းစားနည်းဖြစ်သည်။ ဤသို့စဉ်းစားရာမှ ဖြစ်ပေါ်လာသော ရလဒ်များက သူ့ငွေကြေး ရင်းနှီးမြှုပ်နှံ မှုကိုကြီးမားစွာ အကျိုးကျေးဇူးပြုခဲ့ကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်၊ သူ့အနေဖြင့် ဤသို့ စဉ်းစားရခြင်းအတွက် တစ်ခုနှင့် တစ်ခုအပြန်အလှန် တုံ့ပြန်မှုမှာငွေကြေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ သမိုင်း ဆိုင်ရာ၊ လူတို့၏စိတ်ပိုင်း ဆိုင်ရာနှင့် တန်ဖိုးများ ပါဝင်ပတ်သက်နေလေ့ရှိ သောကြောင့် ဟုထောက်ပြခဲ့ သည်။

သူ့အနေဖြင့် နောက်ထပ်ဖောက်ထွက် စဉ်းစားမှုတစ်ခု ကိုလည်း ပြောခဲ့ ပါသေးသည်။ ဘက်စုံခွဲခြမ်း စိတ်ဖြာမှု၊ သုတေသနပြုမှုများထက် သူ့အနေ ဖြင့် လူတို့၏ အယူအဆအမှားအပေါ် ပို၍အလေးထား လေ့လာခဲ့ခြင်း ဖြစ်သည်။ ဤစဉ်းစားနည်းအတွက် အမေရိကန်နှင့်အီးယူကိုနှိုင်းယှဉ်ပြခဲ့၏။ အီးယူ၏ မဟာအမှားကိုလည်း ထောက်ပြပေးခဲ့သည်။ တိုက်ရိုက် မဟုတ်သော် လည်းမြန်မာ့နိုင်ငံရေးတွင် ပုံစံပြောင်း၍ စဉ်းစားနိုင်မည်ဟု ယူဆသည်။

အီးယူ၏ မဟာအမှားမှာ ယူရိုငွေကြေး၏ ပြည့်စုံမှုမရှိခြင်း၊ ဗဟိုဘဏ် (European Central Bank) ရှိခဲ့သော်လည်း Common Treasury မရှိကြောင်း၊ အဖွဲ့ဝင်နိုင်ငံများမှာ တစ်နိုင်ငံချင်းစီ စွန့်စားမှု ယူနေကြရခြင်း၊ ချမ်းသာသောနိုင်ငံများတွင် စွန့်စားမှုနည်းပါးပြီး၊ သာမန်နိုင်ငံများအတွက် စွန့်စားမှု ရှိနေခြင်း၊ စသည်အားဖြင့် အီးယူဘက်ကို ထောက်ပြခဲ့သည်၊ အခြားတစ်ဖက်တွင် အမေရိကန်ဒေါ် လာမှာ တစ်နိုင်ငံတည်းမှ ရိုက်နှိပ်သည့် ငွေကြေးဖြစ်သောကြောင့် အီးယူထက်များစွာ ထိန်းချုပ်နိုင်မှု သာလွန်သည့် အချက်ကို ထောက်ပြသွားသည်။ ဤတွင် စီးပွားရေးအား နည်းသော နိုင်ငံများက ရင်းနှီးမြှုပ်နှံတတ်သော လုပ်ငန်းများမှာ နိုင်ငံ စီးပွားရေးအတွက် အာမခံချက်ကောင်းစွာ မရှိသော နယ်ပယ်များဖြစ်တတ်ပြီး၊ စီးပွားတောင့် တင်းနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများမှာ နိုင်ငံစီးပွားရေးကို တစ်စုံတစ်ရာ အထောက်အပံ့ပေးနိုင်သော ကဏ္ဍများဖြစ်သဖြင့် ရေရှည်တွင် အကွာအဟ ရှိလာပုံကို နိုင်ငံများနှင့် ထုတ်ဖော် ဥပမာပေးသွားသည်။ ဤသို့ဖြင့် ၂၀၀၈-တွင်စီးပွားရေး အကျပ်အတည်း ပေါ်ပေါက်လာပုံ၊ အထိ နာသောနိုင်ငံများ အနေဖြင့် သူ့တာဝန်သူယူရပုံ၊ ဂရိနိုင်ငံများအနေဖြင့် ဆိုးဆိုး ၀ါးဝါး နိုင်ငံနှင့် ချီ၍ ဒေ၀ါလီခံရပုံများကို ထုတ်ဖော်ဆွေးနွေး သွားခဲ့ ပါသည်၊

နောက်ဆုံးတွင် စီးပွားရေးအင်အား တောင့်တင်းသော ဂျာမနီ၊ပြင်သစ် တို့က ကြံ့ကြံ့ခံ၍ အကျပ်အ တည်း ဖြစ်ခဲ့ကြသောနိုင်ငံများကို ဖေးမ-ကယ်ထုတ် ခဲ့ရပါသည်။ အကယ်၍သာ အီးယူတွင် စီးပွားရေး တောင့်တင်းမှုရှိသော နိုင်ငံအချို့သာမရှိခဲ့ပါက ထိုအကျပ်အတည်းသည် ကမ္ဘာကြီးကို ကူးစက်သွားပြီး ဒိုမီနို သက်ရောက်မှုကို ကောင်းစွာခံစားကြ ရမည်ဖြစ်သည်။ မည်သို့ ဆိုစေအီးယူ၏ စီးပွားရေး အကျပ် အတည်းအတွေ့အကြုံအရ အနာဂတ် တွင်ထပ်မံဖြစ်ပွားနိုင်ရန် အလားအလာရှိနေသေးသည် ဟူသော လက္ခဏာ များ ကျန်ရစ်နေပါသေး သည်။

အဆိုပါသူကြွယ်ကြီးက သူ့အယူအဆကိုနောက်ဆုံး နိဂုံးချုပ်ပေးသည်မှာ လူတို့ပြုခဲ့သောလုပ်ရပ်အမှား၊ အယူအဆအမှားများက ထိုအခြေ အနေ သို့ရောက်သွားရန် ဦးစွာပထမအဆင့်အနေဖြင့် လုပ်ဆောင် ခဲ့ကြောင်း၊ ထို့ကြောင့် အားလုံးထဲတွင် အခြေခံအကျ ဆုံးဖြစ်ကြောင်း၊ ပြင်ဆင်ထိန်း သိမ်းခြင်းက ဒုတိယ အဆင့်သာဖြစ်ကြောင်း ထောက်ပြထားသည်၊

အမြင်အားကောင်းခြင်းသည်ပညာနှင့်မြော်မြင်မှု

ပညာနှင့်မြော်မြင်မှုတို့ အားကောင်းလာသည်နှင့် အနာဂတ်အမြင် အားကောင်းလာတတ်သည့် သဘော ရှိပါသည်။ ထိုသည့်သူကြွယ်ကြီးမှာ အစဉ်အလာ အယူအဆများမှ ထိုးဖောက်တွေးခေါ် လုပ်ကိုင်ခဲ့ပါ၏။ သူ့ ပညာ၊ သူ့အမြင်အားကောင်းမှုအတွက် ကြီးမားသော အကျိုးအမြတ်ကို ရရှိခံစားခဲ့ရသူလည်း ဖြစ် သည်။ သူ့အယူအဆ၊ သူ့အတွေးအခေါ်အပေါ် အခြားသော ပညာရှင်များကလည်း သုတေသနပြု၊ငြင်းခုံ နေကြပြီဖြစ်သည်။

သာမန်လူတို့မတွေးမိ၊ မတွေးဖြစ်သော တိုးတက်ဖောက် ထွက် တွေး ခေါ်ခြင်းဖြင့်နည်းသစ်ရှာဖွေခဲ့သူ၊ အယူအဆအသစ်ကို မိတ်ဆက်ပေးခဲ့ သူဟုဆိုလျှင်ရကောင်းမည်ဖြစ်သည်။ ဟန်ချက်ညီခြင်းကို အကောင်းဆုံး အခြေအနေတစ်ရပ်ဟု ယူဆခဲ့သော အစဉ်အလာ အယူအဆကို ဖောက်ထွက်ကာ၊ ဟန်ချက်ညီရန် အမြဲကြိုးစားနေခြင်းကိုပင် အစွန်းတစ်ပါးဟု ပြတ်ပြတ်သားသား ယူဆလိုက်သော သူ့အယူအဆမှာ အတော်ပင်ထူးခြား လှသည်ကတော့ သေချာလှပါသည်။ အမှန်တကယ် အကောင်းဆုံး အနေ အထားကဟန်ချက်နှင့်အနီးဆုံးနေရာ သာဖြစ်သည်ဟု သူကဆိုလိုထားပါ၏။

ယနေ့မြန်မာတို့ အသွင်ကူးပြောင်းရေးကို ဖြတ်သန်းဆဲကာလဖြစ်သည်။ အသွင်ကူးပြောင်းရေး ကာလ တွင် ဟန်ချက် မပျက်ယွင်းစေရန် တာဝန်ရှိသူ တို့က စေတနာထား၍ အထူးကြိုးစားနေကြသည်ကို တွေ့ရ ၏။ သို့သော်လည်း ဟန်ချက်ပျက်ယွင်းစေရန် ကြိုးစားကြသူတို့ကလည်း ကြိုးစားလျက် ရှိနေကြပါ၏။ဟန်ချက်အတွက် ပေးဆပ်ရမှုတို့ကြောင့် တုံ့နှေးမှုတစ်စုံတစ်ရာ ပင်ရှိနေနိုင်သည်ဟူသော အတွေးများ တစ်ခါတစ်ရံ ၀င်လာရပါ၏။ အစိုးရ၏ ဟန်ချက်အပေါ် အလေးထားမှုကို အခွင့်အလမ်း တစ်ရပ်အနေဖြင့် အသုံး ချနေသူများကိုလည်း တစ်နေ့ထက်တစ်နေ့ ပို၍တွေ့လာရပြန်သည်၊ ဟန်ချက်အတွက် ပေးဆပ်ရမှု က မျှော်လင့်ထားသည် ထက်ပိုလာပြီဟု လည်း တွေးမိပြန်သည်။ ထိုအခွင့်အရေး သမားတို့ကြောင့် ကျန်သောအများစုကပါ အချို့ကဏ္ဍများတွင် နစ်နာမှုများဖြစ်နေရပြီလားဟု စဉ်းစားဖြစ်သည်။ ဟန်ချက်ကို ဗဟိုတည့်တည့်တွင် မထားတော့ဘဲ အနည်းငယ်ရွေ့လိုက်ခဲ့ လျှင် ပေးဆပ်မှုတို့ များစွာလျော့နည်း သွားနိုင်မည်ဟု တွေးမိပြန်ပါသည်။

အခြားသော အဓိကနိုင်ငံရေး ဇာတ်ဆောင်များ အနေဖြင့်လည်း သမားရိုးကျ သဘောတရားများမှ ဖောက်ထွက်ကာ မြန်မာနိုင်ငံအမြန်ဆုံး ပန်းတိုင်ရောက်ရှိရေး အတွက် အကောင်းဆုံးနည်းလမ်းကို စဉ်းစားနိုင်ကြ ရန်လိုပါသည်၊ လမ်းကြောင်းအမှန်ပေါ် ရောက်နေခဲ့ပြီးမှ မိမိတို့၏ အမှား၊ တစ်ယူသန်မှု များ ကြောင့်လမ်းကြောင်းအမှန်မှ တစ်ဖန်ဘေးပြန်၍ မထွက်သွားစေလို၊

ဤခရီးအမှန်ကမဝေးလှပါ၊

သို့သော်လည်း နီးခြင်း၊ ဝေးခြင်းသည် မိမိတို့၏ အနာ၈တ်အမြင်နှင့် အယူအဆတို့ပေါ်၌သာ တည်မှီနေ သည်ဟု မြင်မိရပါသည်။ 


နေဇင်လတ်
၁၀-၂-၂၀၁၄ (၁၂၂၅)

ref; JOB Seekers Journal
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...