ကျွန်တော်နှင့် သွားပိုးချသည်ကို ဖြေရှင်းခြင်း

www.studiosmilethailand.com
ကျွန်တော်တို့ မြန်မာ သွားနှင့် ခံတွင်း ဆေးပညာ လောကသားများ နိစ္စ ဓူဝကြုံတွေ့ နေကြရတဲ့ ပြဿနာများ ထဲမှာ ယနေ့အချိန်ထိ မြန်မာပြည်သူ အများ ယုံကြည်နေကြတဲ့ သွားပိုးချခြင်း ဆိုတာ လည်း ပါပါတယ်။ ဒီကနေ့အချိန်အထိ သွားနှင့် ခံတွင်း ဆေးခန်းများသို့ လာရောက် ပြသကြတဲ့ လူနာများ ထဲမှာ သွားပိုး ချချင်လို့၊ သွားပိုးသတ် ချင်လို့ ဆိုပြီးလာတဲ့ လူနာတွေ အများကြီး ရှိပါ သေးတယ်။

ကျွန်တော်တို့ မှာလည်း သာမန်ပြည်သူများ ဗဟုသုတလည်း ရသွားအောင် သွားပိုးစားတယ် ဆိုတာ ကိုလည်း သေချာနားလည် သွားအောင် ရှင်းပြရတာ အမောပါ။ သွားနှင့်ခံတွင်း ဆေးပညာရယ်လို့ စနစ်တကျ မပေါ်ထွန်းခင်အချိန်၊ သွားနှင့် ခံတွင်းဆရာဝန်များ မပေါ်ခင် အချိန်ကတည်းက မြန်မာပြည်မှာ လူတချို့ဟာ လူအများ သွားကိုက် သွားနာဝေဒနာ ခံစားရတဲ့အခါ သွားပိုးချ ခြင်း ဆိုတဲ့ အလုပ်တစ်ခုကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင် လာခဲ့ကြပါတယ်။

အထူးသဖြင့် အများစုတွေ့ ရတတ်တာတွေက ဆံပင်ဝယ်တဲ့သူတွေ၊ အခြား တိုလီမုတ်စ ရမ်းကုနေ တဲ့ သူတွေဟာ လူစည်ကားရာနေရာများဖြစ်တဲ့ ဈေး၊ ဘတ်စ်ကားဂိတ် စတဲ့နေရာတွေမှာ ပြုလုပ်ခဲ့ကြ ပါတယ်။ ဝေဒနာခံစားနေကြရတဲ့ လူနာများကတော့ ပျောက်ကောင်းပျောက်နိုးနဲ့ သွားရောက်ပြုလုပ် ကြရင်း ယနေ့အချိန်အခါအထိ လူတွေကြားထဲမှာ သွားပိုးချခြင်းဆိုတာ စွဲလို့နေခဲ့ ပါတယ်။

ကျန်းမာရေးဗဟုသုတလေ့လာလိုက်စားမှုအားနည်းသူများ အထူးသဖြင့် ပြုလုပ်တတ်ကြပြီး တချို့မှာ ၎င်းလူတွေပြောပြတဲ့ သွားပိုးဆိုတာကိုတောင် အမှန်တကယ် အရှိထင်နေကြပါတယ်။

ကျွန်တော်တို့ ဆရာကြီးများနဲ့ ကျွန်တော့်အဘိုးတို့ပြောပြခဲ့ဖူးတာတော့ အဲဒီသွားပိုးချတယ် ဆိုတဲ့ သူတွေဟာ သွားနာသွားကိုက်လို့ ရောက်လာတဲ့ လူတွေကို ရေနဲ့အရင် ပလုတ်ကျင်းခိုင်းပါတယ်။

ပြီးမှဆေးရေလိုလို ဘာလိုလို အရည်တွေကို ငုံထားခိုင်း ကာ ပြန်ထွေးထုတ်ခိုင်းပြီး ပါးစပ်က ပြန်ထွက် လာတဲ့ ရေထဲမှာ ပိုးကောင်လေးတွေ ပါတယ်ဆိုတာကိုပြပြီးရင် ပျောက်သွားမယ်ဆို ပြီးသွားပိုးချခ ပိုက်ဆံယူကာ ပြန်လွှတ်လေ့ ရှိပါတယ်။

ပြီးရင်မပျောက် ပြန်ကိုက်လို့ ပြန်လာရင် တစ်ခါရေထပ်ငုံခိုင်း ပြန်ထွေးထုတ်ခိုင်း ပိုးကောင်လေး တွေ ပါလာတာကိုပြပြီး ပိုက်ဆံယူ ပြန်လွှတ်ဒီလိုနဲ့ပဲ နောက်ဆုံးတော့သွား တွေဆွေးကုန်ပြီး ပျက်စီးကုန်ပါ တော့တယ်။ အမှန်တော့ ယုံယုံကြည်ကြည်နဲ့ သွားပြကြတဲ့သူများဟာ ၄င်းသူတွေရဲ့လှည့်စားမှုကို ခံနေ ရတယ် ဆိုတာကို တောင်မသိကြရှာပါဘူး။ သူတို့ငုံခိုင်း ပလုတ်ကျင်း ခိုင်းတဲ့ရေ သွားထဲကို ထည့်တဲ့ အရာတွေထဲမှာ ဆန်ပိုးတို့လို မျက်စိနဲ့မြင်ရတဲ့ ပိုးကောင်လေးတွေကို ထည့်ထားပြီးသားပါ။

လူတွေတော်တော်များများက သတိမထားမိလိုက်ဘဲ လှည့်ပတ်ခံလိုက်ကြရပါတယ်။ ဒါနဲ့ပဲ မဆုံးရှုံးသင့်တဲ့ သွားတွေ ဆုံးရှုံးခဲ့ရတာ တွေ မနည်းပါဘူး။ ဒါကြောင့် သွားပိုးချတယ်ဆိုတာနဲ့ သွားပိုးသတ်တယ်ဆိုတာ မိမိကိုလှည့်စားနေပါတယ်ဆိုတာကို သိထားဖို့လိုပါတယ်။ ဒါအပြင် သိပ္ပံ နည်းကျတဲ့သွားနှင့်ခံတွင်း ဆိုင်ရာဗဟုသုတတွေလည်း သိထားဖို့လိုပါတယ်။ ဒါမှသာ မိမိခံတွင်းကျန်းမာရေးအတွက် မလုပ်သင့် မလုပ်ထိုက်တဲ့ အလုပ်မျိုးကို ရှောင်ရှားနိုင်မှာပါ။

သွားပိုးစားခြင်းဆိုတဲ့ အသုံးအနှုန်းက ရှေးယခင်နှစ်များစွာကတည်းက အသုံးပြုခဲ့တဲ့အသုံးဖြစ်တာကြောင့် လူတွေက သွားကို ပိုးကကိုက်စားတယ်လို့ ထင်ယောင်ထင်မှားဖြစ်စေပါတယ်။ သွားပိုးစားခြင်းထက် ပိုသင့်တော်တဲ့ အသုံးအနှုန်းကတော့ သွားဆွေးမြည့်ခြင်းပါပဲ။

သွားဆိုတဲ့ ကိုယ်ခန္ဓာအစိတ် အပိုင်းဟာ လူတစ်ကိုယ်လုံးမှာ အမာဆုံး အစိတ်အပိုင်းပါ။ သွားမှာ အဓိက အလွှာကြီးများဖြစ်တဲ့ ကြွေသွားလွှာ (Enamel) ၊ ဆင်စွယ်နှစ်လွှာ(Dentine)နဲ့ မွသွားလွှာ (Pulp) ဆိုတဲ့ အလွှာသုံးလွှာနဲ့ ဖွဲ့စည်းထားပြီး ကြွေသွားလွှာလို့ ခေါ်တဲ့ (Enamel) ဟာ လူတစ်ကိုယ်လုံးမှာ အမာဆုံး ပါ။

အရိုးတွေထက် တောင်ပိုမာပါတယ်။ ဒီလောက်မာတဲ့သွားအလွှာတွေကို ဘယ်ပိုးကောင်ကမှ မကိုက် စားနိုင် မဖောက်နိုင်ပါဘူး။ သိပ္ပံနည်းကျရှာဖွေတွေ့ရှိထားတဲ့ သွား ပိုးစားခြင်း (ဝါ) သွားဆွေးမြည့်ခြင်း ဆိုတာ ဒီလိုပါ။ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ တွယ်ကပ်မှီခိုနေတဲ့ ဗက်တီးရီးယားပိုးဆိုတာ အများကြီးရှိ ပါတယ်။ ၎င်းဗက်တီးရီးယားပိုးမွှားများဟာ သာမန်မျက်စိနဲ့ မမြင်နိုင်လောက်အောင် သေးငယ်ပြီး အဆ ပေါင်းသန်းချီပြီး ချဲ့ကြည့်ရတဲ့ မိုက်ခရိုစကုပ်ခေါ်အဏု ကြည့်မှန်ပြောင်း များဖြင့်ကြည့်မှသာ မြင်တွေ့နိုင် ပါတယ်။

ကျွန်ုပ်တို့ခံတွင်းထဲ မှာလည်း အခြားခန္ဓာကိုယ် အစိတ်အပိုင်းများလိုပဲ မှီတင်းနေထိုင်တဲ့ ဗက်တီးရီးယား ပိုးမွှား မျိုးစိတ်ပေါင်း ရာနဲ့ ချီရှိပါတယ်။ အဲဒီဗက်တီးရီးယား ပိုးမွှားများဟာ ကျွန်တော်တို့ နေ့စဉ်နေ့တိုင်း စားသုံးပြီးခံတွင်းထဲမှာ တွယ်ကပ်ကျန်ငြိနေတဲ့ စားကြွင်းစားကျန်များကို စားသုံးပြီး ပေါက်ပွားရှင်သန်ကြ ပါတယ်။

၎င်းဖြစ်စဉ်ကို အချဉ်ဖောက်ခြင်းလို့ခေါ်ပါတယ်။ ဒီနေရာမှာ သိထားဖို့တစ်ခုက ၎င်းပိုးမွှား ဟာလည်း သွားကိုကိုက်စားတာမဟုတ်ပါ။ ၎င်းဗက်တီးရီးယားများ စွန့်ထုတ်လိုက်တဲ့ toxin လို့ခေါ်တဲ့ အဆိပ်ဓာတ် တစ်မျိုးဟာ ငရဲမီးလို့ မြန်မာလိုခေါ်တဲ့ အက်စစ်နဲ့ဆင်တူပါတယ်။

အချဉ်ဖောက်ပြီး ချဉ်တဲ့အရသာရှိတဲ့အခြေအနေ အဖြစ်သို့ ပြောင်းသွားပါတယ်။ အထူးသဖြင့် တစ်နေ ကုန် စားထားတဲ့ စားကြွင်း စားကျန်များနဲ့ ညဘက်သွားမတိုက်ဘဲ အိပ်မိတဲ့အခါ နံနက်မိုးလင်း အိပ်ယာ ထရင် ခံတွင်းထဲမှာ ချဉ်တင်တင်နဲ့ နံတဲ့တံတွေးရည်တွေထွက်ကျလာတာသတိပြုမိ ကြမှာပါ။

ဒါ့အပြင် ထမင်းစားပြီး အစာတစ်ခုခုစားပြီး ခံတွင်းချဉ်တယ်လို့ ပြောလေ့ရှိပါတယ်။ အဲ့သလိုဖြစ်တာတွေ ဟာလည်း အချဉ်ဖောက်ပြီး အက်စစ်ဓာတ်တွေဖြစ် လာပါတယ်။ ၎င်းအက်စစ်ဓာတ်နှင့်တူတဲ့ အဆိပ် အတောက်တွေကသာ သွားအတွင်းဖွဲ့စည်းထားတဲ့ အလွှာတွေကို ဆွေးမြည့်ပျက်စီးစေပြီး သွားအပေါက် တွေဖြစ်ပေါ်လာစေတာဖြစ်ပါတယ်။

ထိုမှ ပိုမိုဆိုးရွားလာပြီး သွားအတွင်းပိုင်း မွသွားလွှာသို့ရောက်ရှိပါက သွားကိုက်ခြင်း၊ သွားနာခြင်းများ ဆက်လက်ဖြစ်ပေါ်ကာ သွားရောဂါဝေဒနာများကို ခံစားရစေပါတယ်။ ဒါကြောင့် သွားဆေးခန်းများတွင် စက်၊ တံစဉ်းတို့နှင့်တောင် အတော်တိုက်ယူရတဲ့ သွားအလွှာများကို ဘယ်လိုပိုးမွှားများကမှ မကိုက်စားနိုင် ပါ။

၎င်းးပိုးမွှားများကိုလည်း မိမိတို့ခံတွင်းများကိုသေချာအချိန်ပေပြီး ရှာဖွေကြည့်စေချင်ပါသည်။

အမှန်တကယ်ရှိသည်ဆိုသော ဗက်တီးရီးယား ပိုးမွှားများမှာ သွားကြို သွားကြားသွားဖုံးများတွင် မှီခိုနေ ပေမယ့်၎င်းတို့မှထုတ် လွှတ်သော အဆိပ်အတောက်များကသာ သွားရဲ့ဇီဝဖွဲ့စည်းပုံတွေကို ပျက်စီးစေပြီး သွားဆွေးမြည့်ခြင်းများ ဖြစ်စေပါတယ်။

ထိုမှတစ်ဆင့် သွားနာ သွားကိုက်ဝေဒနာများ ဆက်လက်ခံစား ရရှိကြတာဖြစ်ပါတယ်။ ဒီနေရာမှာ လည်း ဗဟုသုတအဖြစ် ဖော်ပြလိုတာ ရှိပါသေးတယ်။ လူအများစုက အချို စားမှ၊ ချိုတဲ့ အစားအစာတွေစားမှ သွားပိုးစားတယ်လို့ ထင်နေကြပါတယ်။ ဒါလည်း လွဲမှားနေတဲ့ ယုံကြည်မှုပါပဲ။

ကျွန်တော်တို့ စားသုံးနေတဲ့ အစား အစာအများစုဟာ ကာဗွန်ဟိုက်ဒရိတ်ခေါ် ကစီဓာတ်များဖြစ်ကြ ပါတယ်။ ချိုတဲ့အစားအစာအပြင် အခြားကာဗွန်ဟိုက်ဒရိတ်များတဲ့ အစားအစာများကို လည်း ဗက်တီးရီး ယားပိုး စားသုံးနိုင်လို့ဖြစ်ပါတယ်။ ဗက်တီးရီးယားပိုးမွှားများ စားသုံးနိုင်တဲ့ အစာမှန်သမျှဟာ ဗက်တီးရီး ယားပိုးများကို ပိုမိုပေါက်ပွား နိုင်စေပြီး သွားတွေကို ဆွေးမြည့် ပျက်စီးစေနိုင်တဲ့ အက်စစ်အဆိပ် အတောက် များကို ပိုမိုစွန့်ထုတ်စေနိုင်တာမို့ မည်သည့်စားကြွင်းစားကျန်မျှ မိမိခံတွင်းထဲမှာ မကျန်အောင် ဂရုတစိုက်သန့်ရှင်းရေးလုပ်ကြရပါလိမ့်မယ်။

ဒါကြောင့် မည်သို့သော အစားအစာမျိုးပင်ဖြစ်ပါစေ ခံတွင်းထဲမှာ စားကြွင်း စားကျန်များ မကျန်အောင် ဂရုတစိုက် သန့်ရှင်းရေးပြုလုပ်ဖို့ လိုပါတယ်။ ဘာပဲစားစား ဘာပဲသောက်သောက် စားပြီးသောက်ပြီး တာနဲ့ ရေဖြင့်ဖြစ်စေ ပလုတ်ကျင်းဆေးရေများဖြင့်ဖြစ်စေ အမြဲဖယ်ရှားရှင်းလင်းပြီး ခံတွင်းသန့် အောင် ထားခြင်းဖြင့် ဗက်တီးရီးယား ပိုးများ ပေါက်ဖွားနှုန်းကို လျော့ကျစေသလို အချဉ်ဖောက်ပြီး အက်စစ် ဓာတ်ဖြစ်ပေါ်မှုကိုလည်း ကာကွယ်ရာရောက်ပါတယ်။ အခြားကျန်သည့်အချိန်များတွင်လည်း မကြာခဏ ပလုတ်ကျင်းပေးခြင်းဖြင့် မိမိခံတွင်းကိုသန့်ရှင်းအောင် ထိန်းထားနိုင်ပြီး သွားပိုးစားခြင်းမှ ကာကွယ်နိုင် ပါလိမ့်မယ်။

သွားတိုက်ရာတွင်လည်း စနစ်တကျနဲ့ အချိန်မှန်မှန် သန့်ရှင်းရေး လုပ်ဖို့ လိုပါမယ်။ ယနေ့အထိ လူအများ စုဟာ မနက်အိပ်ရာထချိန်သာ သွားတိုက် တတ်ကြပြီး ညဘက်တိုက်တဲ့ အလေ့အကျင့်များ မရှိသေးတာ တွေ့ရပါတယ်။

အမှန်တော့တစ်နေ့တစ်ကြိမ်တိုက်ရင်တောင် ညအိပ်ရာမဝင်ခင် အချိန်ကို မဖြစ်မနေ တိုက်ပေးရပါမယ်။ တစ်နေကုန်စားထားတဲ့အစာမျိုးစုံရဲ့ စားကြွင်း စားကျန်တွေနဲ့ ညအိပ်ချိန်နာရီများစွာမှာ ဗက်တီးရီးယား ပိုးများ အများကြီး ပေါက်ပွားနိုင်ပြီး အက်စစ်အဆိပ်အတောက်များလည်း အများကြီး စွန့်ထုတ် နိုင်တာမို့ သွားဆွေးမြည့်ပျက်စီးနိုင်ခြေပိုများပါတယ်။ ဒါကြောင့် ညအိပ်ရာ မဝင်ခင် အစာနောက်ဆုံး စားပြီးတဲ့ အချိန်မှာ သွားကိုမဖြစ်မနေတိုက်ရပါမယ်။ နောက်မှားနေတာတစ်ခုက နံနက်စာမစားခင် သွားတိုက်တာ ပါ။ သွားတိုက်ပြီးမှ နံနက်စာစားတော့ သန့်ပြီးသား သွားတွေမှာ အစာတွေပြန်ကပ်ကုန်ပါတယ်။

ဒါကြောင့် ညအိပ်ရာမဝင်ခင် အချိန်နဲ့ နံနက်စာစားပြီးချိန်ကို တာဝန်တစ်ခု လိုသတ်မှတ်ပြီး မဖြစ်မနေ လုပ်ကြရပါမယ်။ ကျန်တဲ့အချိန်တွေမှာလည်း ဘာပဲစားစား ဘာပဲသောက်သောက် ရေဖြင့်ပလုတ်ကျင်းပြီး ခံတွင်းကို သန့် နေအောင်ဂရုစိုက်ရပါမယ်။ သွားပွတ်ကြိုး၊ သွားကြားထိုးတံစတာတွေနဲ့လည်း သွားကြို သွားကြားတွေထဲမှာ စားကြွင်းစားကျန်တွေ မကျန်အောင်သန့်ရှင်း ရေးပြုလုပ်ရပါမယ်။ ခြောက်လတစ်ခါ သွားနှင့်ခံတွင်း ဆရာဝန်များမှာ စစ် ဆေးမှုခံယူပြီးသွားပိုးပေါက်များမဖြစ်အောင် ကြိုတင်ကာကွယ် ဖို့ လိုပါတယ်။ ၎င်းသွားပိုးချခြင်း လုပ်တဲ့နေရာများ ယနေ့တိုင် တွေ့ရှိနေရသေးတာကြောင့် ပြည်သူများ အနေနဲ့ မိမိကျန်းမာရေးကို ဂရုစိုက်ပြီးမှန်ကန်တဲ့ ဆေးကုသမှု စနစ်များနဲ့ နေထိုင်ပါမှ မိမိခံတွင်း ကျန်းမာရေး ကိုစောင့်ရှောက်နိုင်ပါ လိမ့်မယ်။ ဒါကြောင့် သွားပိုးချခြင်းဆိုတဲ့ လိမ်ညာလှည့်စားမှုများ ကင်းပြီး သွားနှင့် ခံတွင်း ဗဟုသုတတိုးပွားစေဖို့ ဆန္ဒပြုလိုက်ရပါတယ်။ ။

ဒေါက်တာမျိုးမင်းသိန်း
(ACTION Study)
The Mirror Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...