ချစ်ခြင်းမေတ္တာရဲ့အင်အား



အမယ်အို တစ်ဦးဟာ လူ့ဘဝ တစ်သက်တာကို ခက်ခဲပင်ပန်းစွာဖြတ်ကျော်ပြီးနောက် အသက် ၉၁နှစ် အရွယ်မှာ ကွယ်လွန် သွားခဲ့ပါတယ်။ ကွယ်လွန်သွားပြီးနောက် အမယ်အိုဟာ ဘုရားသခင်နဲ့ တွေ့ချိန်မှာ သူ့ကိုနှစ်ကာလ ကြာရှည်စွာ စိတ်ရှုပ်စေခဲ့တဲ့ မေးခွန်းတစ်ခုကို ဘုရားသခင်ထံ မေးမြန်းခဲ့ပါတယ်။

“တကယ်လို့ လူသားအားလုံးဟာ မွေးကတည်းက တန်းတူညီမျှ ရှိခဲ့တယ်ဆိုရင် ဘာဖြစ်လို့ တစ်ခါတလေ မှာ လူတချို့က တခြားလူ တချို့ကို ရက်စက် ကြမ်းကြုတ်စွာ ဆက်ဆံတတ်ပါသလဲ”

“လူတိုင်းက တိကျသေချာတဲ့ သင်ခန်းစာတစ်ခုကို တက်ကြရတယ်။ ဒီသင်ခန်းစာတွေကို တတ်မြောက်မှ ဘဝဆိုတာ ဘာလဲ၊ လူဆိုတာဘာလဲ ဆိုတာကို လူသားတွေ နားလည်နိုင်မှာဖြစ်တယ်” လို့ ဘုရားသခင် ကဖြေတော့ အမယ်အို သဘောမပေါက်ခဲ့ပါဘူး။ ဒီလိုနဲ့ ဘုရားသခင်က အခုလို ရှင်းပြခဲ့ပါတယ်။

“တစ်ယောက်ယောက်က သင့်ကို လိမ်ညာပြောဆိုတဲ့ အခါမှာ အရာဝတ္ထုတစ်ခုဟာ သင်မြင်တဲ့ အပြင် ပန်းသဏ္ဍာန်အတိုင်း မဟုတ်ကြောင်း သင့်ကိုပြောပြနေပါတယ်။ အစစ်အမှန်ဟာ အမြဲတမ်း အတုအ ယောင်ရဲ့အောက်မှာ ဖုံးနေပါတယ်။ တကယ်လို့ လူတစ်ယောက်ရဲ့ တကယ့်အတွေးစစ်ကို သိချင်ရင် သူ့ရဲ့မျက်နှာဖုံးကို ထွင်းဖောက်ပြီး သူ့ရဲ့အတွင်းစိတ်ကို ကြည့်ရပါတယ်။ ဒီလိုကြည့်ချိန်မှာ သင်လည်း သင့်မျက်နှာဖုံးကို ချွတ်ပစ်ရပါမယ်။ ဒါမှ တခြားလူလည်း သင့်အပေါ် တကယ့်နားလည်မှာ ဖြစ်ပါတယ်”

“တစ်ယောက်ယောက်က သင့်ပစ္စည်းကို ခိုးယူတဲ့အခါမှာ ဘယ်အရာကမှ သင်ထာဝရ မပိုင်ဆိုင်ကြောင်း သင့်ကိုပြောပြနေပါတယ်။ ဒါကြောင့် သင်လက်ရှိ ပိုင်ဆိုင်တဲ့ အရာကို အမြဲတန်ဖိုး ထားရပါတယ်။ အကြောင်းက အဲဒီအရာတွေ ဘယ်အချိန်မှာ ဆုံးရှုံးပျောက်ဆုံးမယ် ဆိုတာကို သင်မသိလို့ပါ။ သင့်အပေါ် ထားတဲ့ မိသားစု၊ သူငယ်ချင်းတွေရဲ့မေတ္တာကို ဒါဟာရသင့်လို့ရတဲ့အရာလို့ မထင်မှတ်ပါနဲ့။ မနက်ဖြန်ပဲ ဖြစ်ဖြစ် ဘယ်အချိန်မှာပဲဖြစ်ဖြစ် ဒါတွေဟာ ပျောက်ဆုံးသွားတတ်လို့ပါ။ အခုလက်ရှိအချိန်မှာ ပိုင်ဆိုင်တဲ့ အရာကပဲ သင့်အတွက် သေချာပါတယ်”

“တစ်ယောက်ယောက်က သင့်ကိုရိုက်ပုတ်ပြီး နာကျင်အောင် လုပ်တဲ့အခါမှာ လူ့ခန္ဓာကိုယ်က ကျွတ်ဆတ် လွန်းကြောင်း သင့်ကိုပြောပြနေပါတယ်။ ဒါကြောင့် သင့်ကိုယ်သင် ကာကွယ်တတ်ရပါတယ်။ သင့်ခန္ဓာ ကိုယ်ကို သင်ဂရုစိုက်တတ်ရပါတယ်။ ဒါဟာ သင်မသေမချင်း သင်ပိုင်ဆိုင်နိုင်တဲ့ တစ်ခုတည်းသော ဥစ္စာ ပစ္စည်းဖြစ်ပါတယ်”

“တစ်ယောက်ယောက်က သင့်ကိုလှောင်ရယ်တဲ့အခါမှာ လူအချင်းချင်း တူညီတဲ့လူ ၂ယောက် မရှိနိုင် ကြောင်း သင့်ကိုပြောပြနေပါတယ်။ တကယ်လို့ သင်နဲ့မတူတဲ့ တခြားလူတစ်ယောက်ကို သင်တွေ့ဆုံတဲ့ အခါ သူ့ရုပ်သွင်သဏ္ဍာန် ဒါမှမဟုတ် သူ့အမူအရာတွေကို မဝေဖန်၊ မကဲ့ရဲ့ပါနဲ့။ သူရဲ့အကျင့်စရိတ္တ အနိမ့် အမြင့်ကိုပဲ အလေးထားပါ”

“တစ်ယောက်ယောက်က သင့်ကိုဝမ်းနည်းကြေကွဲစေတဲ့ အခါမှာ လူတစ်ယောက်ကို သင်ချစ်တိုင်း တစ် ဘက်လူကလည်း သင့်ကို ချစ်မှာမဟုတ်ကြောင်း သင့်ကိုပြောပြနေပါတယ်။ ဒါပေမယ့် အချစ်အပေါ် သင်မျှော်လင့်ချက် မမဲ့ပါနဲ့။ သင်နဲ့သက်ဆိုင်တဲ့ တကယ့်အချစ်ကို သင်ရှာဖွေတွေ့ရှိသွားတဲ့ အချိန်မှာ ပျော် ရွှင်ခြင်းက သင်ရဲ့ဝမ်းနည်းကြေကွဲခြင်းတွေကို ဖာထေးသွားပါလိမ့်မယ်”

“တစ်ယောက်ယောက်က သင့်ကို အပြစ်တင်တဲ့အခါမှာ ဘယ်သူမဆို အမှားလုပ်တတ်ကြောင်း သင့်ကို ပြောပြနေပါတယ်။ သင်အမှားလုပ်မိချိန်မှာ အကောင်းဆုံး သင်လုပ်နိုင်တဲ့ အရာတစ်ခုက သင့်ကို အပြစ် တင်နေသူကို ခွင့်လွှတ်ပေး လိုက်တာပဲဖြစ်တယ်။ ပြောရရင်တော့ ကိုယ့်ကို ထိခိုက်နာကျင်စေသူကို ခွင့် လွှတ်တယ်ဆိုတာဟာ ဘဝမှာ တကယ်လုပ်ရခက်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာလည်း လူတစ်ယောက်ရဲ့ သတ္တိကိုဖော်ပြနေတာ ပဲဖြစ်ပါတယ်”

“သင့်ချစ်သူက သင့်အပေါ် သစ္စာဖောက်သွားတဲ့အခါမှာ ဆွဲဆောင်ဖြားယောင်းမှုကို အံတုဖို့ဆိုတာ လူတွေရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှု တစ်ရပ်ဖြစ်ကြောင်း သင့်ကိုပြောပြနေပါတယ်။ ဆွဲဆောင် ဖြားယောင်းမှုတွေကို အံတုခုခံနိုင်ဖို့ အမြဲမပြတ် သတိပေးရပါတယ်။ ဒါမှ တိုတောင်းတဲ့ စည်းစိမ်မဟုတ် ဘဲ တာရှည်တည်မြဲတဲ့ ပျော်ရွှင်ငြိမ်းချမ်းခြင်းကို သင်ရမှာဖြစ်တယ်”

“တစ်ယောက်ယောက်က သင့်ကို လှည့်ဖြားတဲ့အခါမှာ လောဘဆိုတာ ဆိုးယုတ်ခြင်းရဲ့ ရင်းမြစ်ဖြစ် ကြောင်း သင့်ကိုပြောပြနေပါတယ်။ ပန်းတိုင်ဟာ သင်နဲ့ဘယ်လောက်ပဲ ဝေးပါစေ... သင့်စိတ်ကူး အိပ် မက်ကို ကြိုးစားပြီး အကောင်အထည်ဖော်ပါ။ ဒါမှ သင့်အောင်မြင်မှုက တခြားလူရဲ့ အကူအညီကြောင့် ဆိုတဲ့ စိတ်မသန့်တာမျိုးကို သင့်မခံစားရမှာဖြစ်တယ်။ အောင်မြင်ဖို့ ဆိုပြီးတော့လည်း ဖြတ်လမ်းမလိုက်ပါ နဲ့”

ဘုရားသခင် ရှင်းပြတာတွေကို နားထောင်ပြီးတဲ့နောက် အမယ်အိုက ပြန်မေးပါတယ်။

“ဘုရားသခင်… တခြားလူရဲ့ကောင်းမှုတွေက အကျွန်တို့ကို ဘာသင်ခန်းစာတွေများ ရစေသလဲဆိုတာကို ဘုရားသခင် မပြောသေးဘူးနော်”

ဘုရားသခင်က ပြုံးပြုံးလေးနဲ့ ဆက်ရှင်းပြပြန်တယ်။

“တစ်ယောက်ယောက်က သင့်ကို ချစ်ခင်နှစ်သက်တဲ့အခါမှာ ချစ်ခြင်းမေတ္တာ၊ ကြင်နာခြင်း၊ ရိုးသားခြင်း၊ နှိမ့်ချခြင်း၊ ခွင့်လွှတ်သည်းခံခြင်း၊ လက်ခံခြင်း… စတဲ့ လူသားဆန်တဲ့ ဒီကောင်းကျိုးတွေအားလုံးက လော ကမှာရှိတဲ့ ဆိုးယုတ်မှုအားလုံးကို အောင်မြင်နိုင်ကြောင်း သင့်ကိုပြောပြနေတာဖြစ်ပါတယ်။ အကောင်းရှိ ရင် အဆိုးလည်းရှိတယ်။ လူတွေက အကောင်းနဲ့ အဆိုးကြားမှာ လက်ဦးမှု ရယူတတ်ကြပေမယ့် ချစ်ခြင်း မေတ္တာရဲ့အင်အားကိုတော့ အမြဲမေ့လျော့နေတတ်ကြတယ်”

“သင့်ဘဝမှာ တစ်ယောက်ယောက်နဲ့ တွေ့ဆုံမိတဲ့အခါ.... ချိန်းထားလို့ တွေ့တာပဲဖြစ်ဖြစ်၊ တိုက်ဆိုင်လို့ တွေ့တာပဲဖြစ်ဖြစ် အဲဒီလူဆီကနေ ကိုယ်ဘာများ သင်ယူနိုင်မလဲလို့ သင်တွေးကြည့်သင့်ပါတယ်။ နောက် ပြီး အဲဒီလူက သင့်ကို ချစ်တတ်ဖို့ ဒါမှမဟုတ် မုန်းတတ်ဖို့ သင်ပေးလိုက်သလား။ လူ့ဘဝကနေ သင်ခွဲခွာ သွားတဲ့အခါ လူတွေအတွက် ချစ်ခြင်းတွေအများကြီး သင်ချန်ခဲ့သလား၊ ဒါမှမဟုတ် အမုန်း နာကျင်ထိခိုက် ခြင်းတွေကိုပဲ သင်ချန်ခဲ့သလား၊ ပျော်ရွှင်ခြင်း ဒါမှမဟုတ် ကြေကွဲခြင်းတွေ ချန်ခဲ့သလား.. ဒါကို သင်တွေး ကြည့်သင့်ပါတယ်။ လူတိုင်းမှာ ချစ်နိုင်တဲ့ အစွမ်းအစတွေ ရှိကြပါတယ်။ ချစ်ခြင်းမေတ္တာရဲ့အင်အားကို ကောင်းကောင်း အသုံးချသင့်ပါတယ်”

***၂ဝ၁၃ ခုနှစ် စက်တင်ဘာလထုတ် အမှတ်စဉ် ၁၈ တရုတ် Readers (DuZhe) မဂ္ဂဇင်းမှ စာတစ်ပုဒ် ကို ဆီလျော်အောင် ဘာသာပြန် မျှဝေပါတယ်။

တရုတ်လိုမူရင်းရေးသားသူ-- Sūn kāi Yuán (孙开元)

မြန်မာလို ဘာသာပြန်သူ -- နိုင်းနိုင်းစနေ (July. 1. 2014)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...