အမှားလုပ်ရင် ထင်ရှားတယ်ဆိုတဲ့ ခင်လပြည့်ဇော်


ခိုင်ဇာသွင်

Miss တစ်ယောက် အဖြစ်မှ သရုပ်ဆောင် လိုင်းဘက်ကို ဦးတည်လာသည့် ခင်လပြည့်ဇော်က အနုပညာ လောကထဲတွင် ဂရုတစိုက် နေထိုင်ရ ကြောင်းနှင့် အမှားလုပ်မိပါက တခြားသူများထက် ထင်ရှားတတ် ကြောင်း ပြောသည်။

သရုပ်ဆောင် ပညာဆိုတာ သူများတွေကထင်တယ်။ အခုခေတ် လူငယ်တွေကလည်း သရုပ်ဆောင် မော်ဒယ်ဖြစ် ချင်ကြတယ်ပေါ့နော်။ သရုပ်ဆောင် ပညာက တကယ် ၀ါသနာပါရင် မခက်ခဲပါဘူး။ အောင်မြင်ရုံ သက်သက် ပေါ်ပင်ဝင် လုပ်မယ်ဆိုရင် တော့ ခက်ခဲပါတယ်။ ဒီပညာကို တကယ် ရူးသွပ်ပြီး တကယ်လုပ်မယ်ဆိုမှပဲ လွယ်သွားတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လိုအခက်အခဲတွေ့တွေ့ ငါလုပ် မယ်။ ငါလုပ်တဲ့အလုပ်မှာ ကြုံတွေ့ရမယ့် အခက် အခဲဆိုတာကို ကျော်ဖြတ်နိုင်ရမယ်ဆိုတဲ့ စိတ်ရှိမှပဲ ဖြစ်သွားတာ။ တကယ် ၀ါသနာပါရင်တော့ မခက်ပါဘူး။ ကြိုးစား အားထုတ်မှုရှိမယ်။ ဇွဲလုံ့လရှိမယ် ဆိုရင်ဖြစ်ပါတယ်။ အနု ပညာဆိုတာက နာမည်ကသာ အနုပညာပါ။ တကယ်တမ်း သရုပ်ဆောင်ရတဲ့ အခါ ကြမ်းတမ်းပါတယ်။ အခက်အခဲတွေ၊ လူတွေ ရဲ့ဝေဖန်မှုတွေရှိပါတယ်။ လူဆိုတာကလည်း အမှား တော့ ရှိတာပေါ့။ကိုယ်က မမှားယွင်းအောင် နေရတယ်။ ဘာလို့လဲဆိုတော့ ကိုယ်က အမှားလုပ်ရင် တခြားသူတွေ အတွက် ထင်ရှားစေတယ်။ အစစအရာရာကို ဂရုစိုက်ပြီး နေရပါတယ်။ ညီမအတွက် ကလည်း အနုပညာဆိုတာ အသက်ပါပဲ။ ဒီလိုမျိုး ပရိ သတ်အားပေးတဲ့ အချိန်ထိ၊ လုပ်ခွင့်ရှိနေမယ့် အချိန်ထိကိုတော့ လုပ်သွားဦးမှာပါ။ အနုပညာဆိုတာကို မိသားစုဝင်တွေကို တန်ဖိုးထားသလိုမျိုးနဲ့တန်ဖိုး ထားပြီးတော့ လုပ်သွားရမယ့် အရာတစ်ခုပါ။ မိသားစုဝင်လိုပဲ တန်ဖိုးထားပါတယ် ဟု ခင်လပြည့်ဇော်က ပြောသည်။ ခင်လပြည့်ဇော်သည် ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးထားသည့် လူမှုဖူလုံရေး ပညာပေး ဇာတ်ကားတွင် ဆင်းရဲသားဇာတ်ရုပ်ဖြင့် ပါဝင် သရုပ်ဆောင်ထားကြောင်း၊ ဆင်းရဲသား၊ အလုပ်သမားများအတွက် ရည်ရွယ်ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်ကြောင်း ပြောသည်။


The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...