လူငယ်များနဲ့ အရောင်

ရွှေတိဂုံ စေတီတော် ရင်ပြင်တွင် လုပ်အားပေး သန့်ရှင်းရေး ဆောင်ရွက်နေသည့် လူငယ်များအား တွေ့ရစဉ်။ (ဓါတ်ပုံ)

တစ်နေ့မှာ မိတ်ဆွေ အမျိုးသမီး တစ်ယောက်က ပြောလာ ပါတယ်။ သူ့သားရဲ့ အ၀တ်အစားတွေ ဟာ သူတို့မိဘတွေ မကြိုက်တဲ့ အရောင်တွေ ကိုသာ ရွေးဝတ်နေတဲ့ အတွက် ဘယ်လိုလုပ်ရ မလဲလို့ ပြောလာတာပါ။

ဝိုင်းပြီးတော့ ဆုံးမပေးဖို့လည်း အကူအညီ တောင်းလာ ပါတယ်။ သူတို့သားက ကျွန်မနဲ့ သူငယ်ချင်းလို ရင်းနှီးသူမို့ အကူအညီတောင်း ကြဟန် တူပါတယ်။ ဒါနဲ့ ကလေးကို ကျွန်မဆီ လွှတ်လိုက်ဖို့ ပြောလိုက် ပါတယ်။

တစ်နေ့ညနေခင်း ဆိုင်ကယ်သံ ကြားလို့ ထွက်ကြည့်တော့ မိတ်ဆွေရဲ့သားလေး ဖြစ်နေတာကို တွေ့ရ ပါတယ်။ အင်္ကျီအနက် ဘောင်းဘီ အနက်ရောင်နဲ့အပြင် ဦးထုပ်ကလည်း အနက်ရောင် ၀တ်လာတာမို့ မိတ်ဆွေလင်မယား မကြိုက်ဘူး ဆိုတာကိုတွေးပြီး ပြုံးမိပါတယ်။ ကျွန်မတို့ ထွေရာလေးပါး စပြောကြရင်း သူ့မိဘတွေရဲ့ အရောင်တွေပေါ် မကြိုက်တဲ့အကြောင်း ရောက်သွားကြပါတယ်။ ကလေးက ပြောပါတယ်။ သူအနက်ရောင် တွေဝတ်တာဟာ ဘယ်သူ့ကို ထိခိုက်နေလို့လဲတဲ့။ GTC ကျောင်းသားဖြစ်လို့ ကျောင်း တက်ရင် ကျောင်းဝတ်စုံ အဖြူနဲ့အပြာ ၀တ်သလို။ ကျောင်းချိန်ပြင်ပတွေမှာ သူအနက်ရောင်ဝတ်တာ ဘာဖြစ်လဲလို့ ဆိုလာပါတယ်။ ပြီးတော့ ဒီလိုအရောင်ဝတ်မှ သူဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုစေ တယ်လို့ ပြောပါတယ်။ သူ့မိဘတွေက အနက်ရောင်ဝတ်ရင် လူဆိုးလို့ ပြောပါတယ်တဲ့။ တကယ်တော့ လူဆိုးတွေ အဖြူ ရောင်ဝတ် သောင်းကျန်းနေကြတာ အများကြီး ရှိနေတာပဲတဲ့။ ကျွန်မသိသလောက် ဒီကလေးက ဟော့ဟော့ရမ်းရမ်း မရှိပါဘူး။ ရပ်ကွက်သာရေး နာရေးတွေမှာလည်း ကူညီနေတာကို မကြာမကြာ တွေ့နေရပါတယ်။ ပြီးခဲ့တဲ့ ၀ါဆိုလပြည့်နေ့က ဘုရားသွားမလို့ဆိုပြီး နှုတ်ဆက်သွားတာကို ကြည့်လိုက်တော့ လည်ကတုံး အင်္ကျီအဖြူလေးနဲ့ တွေ့လိုက်ရပါတယ်။ ၁၉ နှစ်အရွယ် လူငယ်လေးမို့ အခုခေတ် လူငယ်ယောက်ျားလေးတို့ သဘာဝ အနက်ရောင်အပေါ်မှာ ရူးသွပ်ကြတာဟာဖြင့် ကျွန်မ အဖို့တော့ မဆန်းလှပါဘူး။ အနက်ရောင်ဟာ သူတစ်ယောက်တည်း ရွေးချယ်ထားတဲ့ ခေတ်အရောင် မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးက လူငယ်တွေ အများဆုံးရွေးချယ် နှစ်သက်စွဲမြဲစွာ ၀တ်ကြတဲ့အရောင်ပါ။ ဒီအရောင်ဝတ်တာနဲ့တော့ ကလေးအပေါ် ဖိအားတွေမပေးဖို့ မိတ်ဆွေလင်မယားကို နားဝင်အောင် ပြောပြရပါဦးမယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က ဂျင်းဘောင်းဘီ အရောင်မွဲမွဲတွေ တော်တော်ခေတ်စား လာပါတယ်။ ဒီဇိုင်းနာတွေ ထုတ်လုပ်လိုက် ကတည်းက အရောင်မွဲတွေပါ။ တချို့ဘောင်းဘီတွေဆို တင်ပါးနေရာ ဒူးနေရာတွေမှာ အရောင်လွင့်နေတာမျိုးတွေ ပါပါတယ်။ ကျွန်မ ဆရာမတစ်ယောက် ရှိပါတယ်။ သူက သူ့သားကို ဘောင်းဘီအသစ်ဝယ်ဖို့ ပိုက်ဆံပေးလိုက်တာ အဟောင်း ၀ယ်လာလို့ဆိုပြီး ဆူပူနေတာကို သတိရမိပါတယ်။ ကလေးက ဘယ်လိုရှင်းပြပြ မရပါဘူး။ နောက်ဆုံး ကလေးကို အိမ်ပေါ်ကနေ နှင်ချ လိုက်ပါတယ်။ ကလေးက သူများအိမ်မှာ မျက်နှာငယ်ငယ်နဲ့ သွားနေရပါတယ်။ ကျွန်မလည်း မနေနိုင် တာနဲ့ ဆရာမကို သွားပြောပြပါတယ်။ ဘောင်းဘီဟာအသစ် ဖြစ်တဲ့အကြောင်း၊ အခုခေတ်ကလေးတွေ ဒီအရောင်တွေ ၀တ်တဲ့အကြောင်း ပြောပြမိပါတယ်။ ဆရာမက ဘောင်းဘီ အသစ်ဖြစ်တာကို လက်ခံ ပေမယ့် အရောင်ကိုတော့ ကျက်သရေမရှိတဲ့ အရောင်ဖြစ်လို့ မိဘသိက္ခာကိုတော့ ငဲ့တဲ့အနေနဲ့ ဒီအရောင်မျိုး မ၀တ်သင့်ဘူးလို့ ဆိုလာပါတယ်။ ကျွန်မလည်း အရောင်အပေါ်မှာ လူကြီးနဲ့လူငယ် အမြင် မတူတာကိုတော့ ပြောပြမနေတော့ပါဘူး။ ကလေးဆီသွားပြီးပဲ အမေ့ကို နားလည်ပေးဖို့ ပြောပြပါတယ်။ အသံတိမ်တိမ်လေးနဲ့ သူပြန်ပြောတဲ့စကားဟာ ကျွန်မကို မျက်ရည်ဝဲစေခဲ့ပါတယ်။

“ကျွန်တော်မွေးကတည်းက အမေ့ကိုပဲ နားလည်ပေးခဲ့ရတာပါဗျာ”

ရွေးချယ်ခွင့်တွေ ရှားပါးနေတဲ့ခေတ်မှာ လူလာဖြစ်ရတဲ့ လူငယ်လေးတွေကို အရောင်လေးတော့ သူတို့ စိတ်ကြိုက် ရွေးချယ်ပါစေပေါ့။ သူတို့ရွေးချယ်တဲ့ အရောင်တွေက လောကကို ထိခိုက်စေတာမှ မဟုတ်ဘဲ။ လွတ်လပ်စွာ အရောင်တွေနဲ့ ဆော့ကစားကြပါစေ...

ကျွန်မတို့မိသားစုမှာ တူနှစ်ယောက် တူမတစ်ယောက် ရှိပါတယ်။ သူတို့ငယ်ငယ်က သူတို့ဦးလေးဝတ် သလို အနက်ရောင်တွေဝ တ်ခဲ့ကြဖူးပါတယ်။ နွေရာသီ အပူချိန်များတဲ့ အချိန်မှာတော့ အနက်ရောင် မ၀တ်ဖို့ ပြောခဲ့ဖူးပါတယ်။ သူတို့ လူငယ်လေးတွေကလည်း ဘယ်လောက်ပူပူ အနက်ရောင်တွေပဲ ၀တ်ကြတာ တွေ့ရပါတယ်။ ဘယ်လိုပြောပြော မရပါဘူး။ ဒီတော့ နောက်ဆုံး ကျွန်မတို့ လူကြီးတွေကပဲ အရှုံးပေးလိုက် ရတော့တာပေါ့။

အ၀တ်အစားကို ပြောလို့မရတော့ အရိပ်ရအေးတဲ့နေရာ ရွေးနေဖို့ ရေများများသောက်ဖို့ပဲ ပြောကြရ တာပေါ့။ အခုတော့ သူတို့ နွေရာသီဆို အရောင်နုတွေ ရွေးဝတ်တတ်နေပါပြီ။ သူတို့ကိုယ်တိုင် နေပူထဲ အနက်ရောင်ဝတ်တဲ့ သူတွေကိုလည်း အကြံပေးတတ်နေပါပြီ။

သူတို့ဘာသာသူတို့ စိတ်ကြိုက်ရွေးကြတာဖြစ်လို့ ဘယ်ဟာဆိုးတယ် ကောင်းတယ်ဆိုတာကို အကျယ် တ၀င့် ရှင်းပြစရာ မလိုပါဘူး။ သူတို့ရဲ့စိတ်မှာလည်း ဒဏ်ရာမရဘူးပေါ့။ အခုတလောတော့ ကျွန်မတို့ မြို့လေးမှာ လူငယ်ယောက်ျားလေးတွေ ဘောင်းဘီအနီ၊ အစိမ်း၊ အသားရောင်လေးတွေ တော်တော် များများ ၀တ်လာတာကို တွေ့ရပါတယ်။ အင်္ကျီဆိုလည်း ပန်းရောင်နုနုလေးတွေ ၀တ်လာကြပါတယ်။ သူတို့ကိုကြည့်ရတာ သစ်လွင်လှပနေတယ်လို့ ခံစားရပါတယ်။ သူတို့မျက်နှာ နုနုလေးတွေနဲ့လည်း သိပ်လိုက်ဖက်ပါတယ်။ ကိုရီးယားမင်းသားတွေဝတ်သလို ၀တ်ကြတာလို့လည်း ပြောကြပါတယ်။ ကောင် မလေးတွေလည်း ဒီလိုပါပဲ။ အရောင်နုနုလွင်လွင်လေးတွေ အ၀တ်များလာတာကို တွေ့နေရပါတယ်။ ဒီတစ်ခါကျတော့ လူကြီးတွေဆီက ဘာများကြားရမလဲလို့ နားစွင့်နေမိပါတယ်။

မိန်းကလေးတွေကိုတော့ ဘာမှပြောသံ မကြားရပါဘူး။ ယောက်ျားလေးတွေကိုတော့ ဒီလိုဝတ်တာဟာ မိန်းမဆန်ကြောင်း၊ ဒီလောက်နုဖပ်နေမှတော့ ယောက်ျားမလုပ်နဲ့တော့။ အလှပြင်ဆိုင် သွားလုပ်ကြတော့ လို့ဆိုပြီး အမျိုးမျိုးကြားရပြန်ပါတယ်။ အရောင်တွေသာ ပြောင်းသွားပါတယ်။ လူကြီးတွေက လူငယ်တွေ အပေါ် မြင်တဲ့အမြင် မပြောင်းသွားပါလားလို့ ကျွန်မတွေးနေမိပါတယ်။ အရောင်တွေမှာ သူ့အဓိပ္ပာယ် နဲ့သူ ရှိပါတယ်။ အနီရောင်ဆိုတာ ရဲရင့်ခြင်း။ အပြာရောင်ဆိုတာ ငြိမ်းချမ်းခြင်း။ အစိမ်းရောင်ဆိုတာ အေးမြခြင်း စသဖြင့်ပေါ့။ ကျွန်မတို့ငယ်ငယ်က ကြည်ပြာရောင်ဆိုပြီး အပြာနုရောင်လေးတွေ တော်တော် ခေတ်စား ၀တ်ဆင်ကြပါတယ်။ ယောက်ျား၊ မိန်းမမရွေး ၀တ်ကြတာပါ။ အိန္ဒိယကလာတဲ့ ကြည်ပြာရောင် ပုဆိုးဟာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ကြပါတယ်။ အမျိုးသမီးတွေကလည်း ရေစိုကြည်ပြာရောင် ၀မ်းဆက်တွေ တော်တော်ဝတ်ခဲ့ကြပါတယ်။ ဒီအရောင်တွေက လူကိုလင်းပွင့်စေတယ်။ နုစေတယ် ဆိုပြီးတော့ ပြောကြပါတယ်။ အခုခေတ် လူငယ်တွေ အ၀တ်များတဲ့ အနက်ရောင်ကတော့ ၀မ်းနည်းခြင်း အရောင်ဆိုပြီး တော်ရုံမ၀တ်ကြပါဘူး။ မိန်းကလေးတွေကတော့ အနက်ရောင်ကို လုံချည်လောက်ပဲ ၀တ်ကြပါတယ်။ ယောက်ျားလေးတွေက ဂျင်းဘောင်းဘီ အပြာရင့်နဲ့ တီရှပ်အရောင်မွဲမွဲတွေ ၀တ်ကြတာ များပါတယ်။ မိန်းကလေးအများစုက အပြာနုလးတွေ အ၀ါနုလေးတွေ ၀တ်ကြပါတယ်။ ကျွန်မ တီရှပ် အနက်ရောင်နဲ့ ဂျင်းဘောင်းဘီ အပြာရင့်ဝတ်တော့ သူငယ်ချင်းကောင်လေးတွေက မိုက်တယ်ဟလို့ပြော ပေမယ့် မိန်းကလေးတွေကတော့ မိန်းမဖြစ်ပြီး အဲဒီလို မ၀တ်စမ်းပါနဲ့လို့ ၀ိုင်းပြောကြပါတယ်။ ပတ်ဝန်း ကျင် ကလည်း အနက်ရောင်တီရှပ်ကို မ၀တ်နဲ့ လာဘ်တိတ်တယ်လို့ ပြောကြပါတယ်။ ကျွန်မမိဘတွေ ကတော့ ဘာအရောင်ဝတ်ဝတ် ဘာမှမပြောကြပါဘူး။ လုံခြုံခေတ်မီတယ်ဆိုရင် ပြီးတာပဲလို့ ပြောပါ တယ်။ ကျွန်မသူငယ်ချင်း ကောင်မလေးတွေက နောက်ပိုင်းမှာ ကျွန်မလိုဝတ်ချင်တာနဲ့ သူတို့မိဘတွေ မကြိုက်တော့ ခိုးဝတ်ကြပါတယ်။ အင်္ကျီ၊ ဘောင်းဘီတွေ ခိုးဝယ်ပြီး ကျွန်မအိမ်မှာ လာထားကြပါတယ်။ သူတို့ကိုကြည့်ရတာ သိပ်ပင်ပန်းပါတယ်။ မိဘဆီက ပိုက်ဆံလည်းခိုးရသေး။ ၀တ်တော့လည်း ကျီးကန်း တောင်းမှောက် ဘယ်တော့များ အိမ်ကသိသွားမလဲဆိုတဲ့စိတ်နဲ့ ဖြစ်နေကြတာကိုတွေ့တော့ စိတ် မကောင်းပါဘူး။ မှတ်မှတ်ရရ အဲဒီလိုခိုးဝတ်တဲ့ သူငယ်ချင်းမတွေ အိမ်ထောင်ကျ ကလေးတွေရတော့ သူတို့ကလေးတွေကို အ၀တ်အစားရယ်၊ အရောင်ရယ်နဲ့ပတ်သက်ပြီး တင်းကျပ်တာတွေတွေ့ရတော့ ပိုစိတ်မကောင်း ဖြစ်မိပါတယ်။ သူတို့ကလေးတွေက ကျွန်မနဲ့တွေ့တိုင်း သူတို့မိဘတွေကို ကူပြောပေးဖို့ ပြောကြရှာပါတယ်။

ကျွန်မနဲ့သိတဲ့ ဆယ်ကျော်သက် ကောင်လေးတစ်ယောက် ရှိပါတယ်။ သူ့အဖေက အဖွဲ့အစည်းတစ်ခုမှာ ရာထူးကြီးကြီး ရထားသူပါ။ အင်မတန် တိကျပြတ်သားသူမို့ သူ့လက်အောက်ငယ်သားတွေက လေးစား ရသလို ကြောက်လည်းအတော်ကြောက်ကြပါတယ်။

အဲဒီကောင်လေးက အင်္ကျီပန်းနုရောင်လေးကို သူ့ချစ်သူကောင်မလေးက ဆင်တူဝတ်ရအောင်ဆိုပြီး လက်ဆောင်ပေးလာပါတယ်။ သူကလည်း အမြတ်တနိုးနဲ့ ထုတ်ဝတ်တဲ့အချိန် သူ့အဖေက မိန်းမ အင်္ကျီဆိုပြီး ဆွဲယူလွှင့်ပစ်ပါသတဲ့။ ယောက်ျားဖြစ်ပြီး ဒီအရောင် ၀တ်ရမလားဆိုပြီးလည်း ဆူပူပါသတဲ့။ နောက်တော့ ပြောက်ကျားဝတ်စုံကိုဝယ်ပြီး နောက်ကို ဒီလိုမျိုးတွေဝတ်ကွ၊ မင်းကိုယ်မင်း မိန်းမ မှတ်နေလား ဆိုပြီးတော့လည်း ပြောလာပါတယ်တဲ့။

သူတော်တော် ၀မ်းနည်းကြောင်း ကျွန်မကိုပြောလာပါတယ်။ သူ့အဖေ ဆွဲယူလွှင့်ပစ်လိုက်တဲ့ အင်္ကျီ ပန်းရောင်လေးဟာ သူ့ချစ်သူကောင်မလေး ဈေးရောင်းလို့ရတာထဲက တစ်နေ့နည်းနည်းစုပြီး ၀ယ်ပေး ထားတာမို့ သူတန်ဖိုးထားတဲ့အကြောင်းလည်း ပြောရှာပါတယ်။ ကျွန်မ စိတ်မကောင်းဖြစ်မိပါတယ်။ လူငယ်တွေရဲ့ သတ်မှတ်ထားတဲ့ တန်ဖိုးစံနှုန်းတွေဟာ ကျွန်မတို့ လူကြီးတွေနဲ့ မတူပါဘူး။ ကိုယ့်သတ် မှတ်ချက်နဲ့ မကိုက်ညီတာနဲ့ သူများတန်ဖိုးထားတဲ့ အရာတွေကို ကျွန်မတို့တွေ အဆိုးမမြင်စေချင်ပါဘူး။ ကာလံဒေသံနဲ့ မသင့်တော်ဘူးဆိုရင်လည်း ကျွန်မတို့တွေ အကျိုးအကြောင်း ရှင်းပြကြစေချင်ပါတယ်။ ဒါမှ နားမထောင်ဘူးဆိုရင်လည်း ထိခိုက်နစ်နာမယ့်ကိစ္စ မဟုတ်ရင်တော့ ဒီအတိုင်း လွှတ်ထားလိုက်လို့ ရပါတယ်။ အချိန်က သူတို့ကို ကောင်းကောင်းသင်ပေးသွားမှာပါ။ လူငယ်ဘ၀မှာ လူငယ်ပီပီ ဖြတ်သန်း ပါစေလို့ ကျွန်မပြောရင် ကလေးတွေကို မြှောက်ပေးတယ်လို့ တချို့က ယိုးစွပ်ကြပါတယ်။ ရွေးချယ် ခွင့်တွေ ရှားပါးနေတဲ့ခေတ်မှာ လူလာဖြစ်ရတဲ့ လူငယ်လေးတွေကို အရောင်လေးတော့ သူတို့စိတ်ကြိုက် ရွေးချယ်ပါစေပေါ့။ သူတို့ရွေးချယ်တဲ့ အရောင်တွေက လောကကို ထိခိုက်စေတာမှ မဟုတ်ဘဲ။ လွတ် လပ်စွာ အရောင်တွေနဲ့ ဆော့ကစားကြပါစေ... 


ref;Eleven Daily News
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...