iPhone ရောင်းအားကြောင့် အမြတ်ငွေ တိုးပွားလာသည့် Apple

iPhone၏ ရောင်းအား မြင့်တက် လာခြင်းကြောင့် Apple ၏ ဒုတိယ (၃)လပတ် အမြတ်ငွေ ပမာဏသည် ယမန်နှစ် ကထက် (၁၂)ရာခိုင်နှုန်း မြင့်တက် လာခဲ့ကြောင်း သတင်း ရရှိသည်။

Apple သည် မတ်လကုန်မှ ဇွန်လအတွင်း iPhone အလုံးရေ (၃၅.၂)သန်းထိ ရောင်းချနိုင် ခဲ့သည်။ အဆိုပါ ပမာဏသည် (၂၀၁၃)ခုနှစ်၊ ဒုတိယ (၃) လပတ် ရောင်းအားထက် (၁၃)ရာခိုင်နှုန်း မြင့်တက် လာခြင်း ဖြစ်သည်။ ထို့ကြောင့် အမြတ်ငွေ အားဖြင့်လည်း (၁၂)ရာခိုင်နှုန်းထိ တက်လာကာ ဒေါ်လာ (၇.၇၅) ဘီလီယံထိ ရရှိခဲ့သည်။

ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တောင်အာဖရိကနှင့် တရုတ်နိုင်ငံတို့တွင် iPhone ရောင်းအား သိသိသာသာ တက်လာပြီး စုစုပေါင်း (၄၈)ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ကုမ္ပဏီက ကြေညာသည်။ Tablet ကွန်ပျူတာ အမျိုးအစား iPad မှာမူ (၃)လပတ် စာရင်းများတွင် နှစ်ကြိမ်ဆက် ရောင်းအားကျခဲ့ပြီး (၉) ရာခိုင်နှုန်း လျော့ကျသွားကာ မတ်လကုန်မှ ဇွန်လအတွင်း အလုံးရေ (၁၃.၃)သန်းသာ ရောင်းထွက် ခဲ့ကြောင်း သိရှိရသည်။

Apple ၏ အမှုဆောင်ချုပ် တင်မ်ကွတ်ခ်က “ကိန်းဂဏန်းတွေ ကတော့ စိတ်လှုပ်ရှားစရာပါပဲ။ Apple အနေနဲ့ နောက်ထပ် ထုတ်ကုန်သစ်၊ ဝန်ဆောင်မှုသစ်တွေကို မိတ်ဆက်ပေးနိုင်ဖို့ မစောင့်နိုင်လောက် အောင် စိတ်စောနေမိ ပါတယ်”ဟု ပြောကြားခဲ့သည်။

Apple သည် မကြာမီ လပိုင်းအတွင်း နောက်ထပ် iPhone မော်ဒယ်လ်သစ် တစ်ခုကို စတင်ရောင်းချဖွယ် ရှိနေကြောင်းလည်း ကောလာဟလများ ထွက်ပေါ်နေသည်။ လေ့လာသူများက Apple ၏ ဖုန်းအသစ် သည် ယခင်ကထက် Screen အရွယ်အစား ပိုမိုကြီးမားလာနိုင်ပြီး စက်တင်ဘာလ ဝန်းကျင်တွင် စတင် မိတ်ဆက်ဖွယ် ရှိနေကြောင်း ခန့်မှန်းထားသည်။

_Ref: BBC

7Day Daily 
No.448 Wednesday, July 23, 2014 
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...