Viber မှ တစ်ဆင့် ချစ်ကြိုက်နေသည့် အမျိုးသမီးအား သတ်ပြီး လက်ဝတ်ရတနာများ ယူဆောင်ထွက်ပြေး

Written by: ဥာဏ်ဝင်းရှိန်
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သည့် Viber မှတစ်ဆင့် ချစ်ကြိုက်နေသည့် ချစ်သူ မိန်းကလေးအား သတ်ဖြတ်ကာ ပိုက်ဆံနှင့် ရွှေထည်များ ယူဆောင် ထွက်ပြေးခဲ့သည့်အမှု မှ ကျူးလွန်သူအား ဇူလိုင် ၂ ရက်က ဧရာဝတီ တိုင်းဒေသကြီး ဘိုကလေး မြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မင်္ဂလာဒုံမြို့မ ရဲစခန်းမှ စုံစမ်းသိရသည်။

မင်္ဂလာဒုံမြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းမြင့်က “ပြစ်မှုကျူးလွန်တဲ့သူက ဇာနည်ဆိုတဲ့သူ ဖြစ်ပါတယ်။ အောင်မိုးဇော် ဆိုတဲ့ သူကတော့ ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုတဲ့ ဖုန်းအမည်ပေါက် ပိုင်ရှင်ဖြစ်နေတော့ သူက ငါဒီလိုပြဿနာတက်ပြီ။ မင်းပါလိုက်ခဲ့မှ ရမယ်ဆိုပြီး အတူတူ ထွက်ပြေးသွားကြတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဆက်လက်ပြီး ၎င်းက “သူတို့ပုန်းနေတဲ့ နေရာက ရဲတွေအလှမ်းဝေးတဲ့နေရာ ဖြစ်တယ်။ သူတို့ဆီကနေ သက်သေခံပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့ပါတယ်။ အခုလက်ရှိ မင်္ဂလာဒုံရဲစခန်းမှာပဲ ချုပ်ထားပါတယ်” ဟု ပြောကြားသည်။

ဖြစ်စဉ်မှာ ဇွန် ၁၃ ရက် ညနေ ၃ နာရီ ခွဲခန့်တွင် မင်္ဂလာဒုံမြို့နယ် ဈေးရပ်ကွက် မင်္ဂလာဒုံ ဥယျာဉ် ပန်းခြံအတွင်းရှိ ဝါးရုံအောက်၌ ပုပ်ပွနေသည့် အမျိုးသမီးလူသေလောင်း တစ်လောင်း တွေ့ရှိခဲ့သည်။

သေဆုံးသူမှာ ဒဏ်ရာများဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

သက်ဆိုင်ရာကစုံစမ်းရာ သေဆုံးသူမှာ မင်္ဂလာဒုံမြို့နယ်ကနေ ရန်ကုန်မြို့ထဲ ဈေးကြီးများမှ အဝတ်အထည်များ ဝယ်ယူကာ တစ်ဆင့်ရောင်းချနေသော မ.......(၃၂)နှစ် ဖြစ်ကြောင်းနှင့် ဇွန် ၉ ရက် နံနက်ပိုင်းတွင်လည်း အဝတ်ဝယ်မည်ဆိုကာ နေအိမ်မှ ထွက်သွားခြင်းဖြစ်ပြီး အသတ်ခံရသည့် အမျိုးသမီးနှင့် ပြစ်မှုကျူးလွန်သူ ဇာနည်ဆိုသူတို့ မှာ Viber တွင် တွေ့ဆုံ ချစ်ကြိုက်ခဲ့ခြင်းဖြစ်ပြီး အသတ် ခံရကာ ပစ္စည်းများ လုယက်ခံခဲ့ ရခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

အဆိုပါအမှုကို မင်္ဂလာဒုံမြို့မရဲစခန်းက (ပ)၂၅၈/ ၁၄ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Eleven Daily News
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...