ခူကောင်လေးတွေရဲ့ ပုံပြင်
ထင်းရှုးပင်ပေါ်က ခူကောင်တွေဟာ ပါးစပ်ထဲက အမျှင်တွေ ထုတ်ပြီး အပင်ပေါ်မှာ အသိုက်ဖွဲ့နေ ကြတယ်။ ညနေစောင်း ချိန်မှာ သူတို့ဟာ အသိုက်ထဲက ထွက်လာပြီး ထင်းရှူးရွက် တွေကို စားဖို့ အစာရှိရာကို စီတန်း သွားတတ် ကြတယ်။ နောက်လိုက် ခူတွေက ခေါင်းဆောင် သွားရာ လမ်းအတိုင်း ထပ်ကြပ်မခွာ တညီတညွှတ်နဲ့ တန်းစီပြီးလိုက် ကြတယ်။
ဦးဆောင်တဲ့ ခူကောင်က ရှေ့ကသွားရင်း ပိုးမျှင်တွေကို သွားရာ လမ်းတစ်လျှောက် ထွေးထုတ် ခဲ့တယ်။ ဒါမှ ဘယ်ကိုရောက်ရောက်၊ ဘယ်လောက်ဝေးတဲ့ ခရီးဖြစ်ဖြစ် အပြန်မှာ သူတို့ဟာ လမ်းမမှားတတ် ကြတော့ဘူး။
ပြင်သစ်နိုင်ငံ အင်းဆက် ပိုးမွှားဗေဒ ပညာရှင် Jean-Henri Fabre(၁၈၂၃-၁၉၁၅)က စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့တယ်။ တန်းစီတွားနေတဲ့ ခူကောင်တွေကို သူက ပန်းအိုးကြီး တစ်လုံးဆီ မျှားခေါ်လာခဲ့တယ်။ ခူကောင်တွေ ပန်းအိုးကို တစ်ပတ်ပတ်ပြီးချိန်မှာ သူက ခေါင်းဆောင်ခူထွေးထုတ်ခဲ့တဲ့ တခြားပိုးမျှင်တွေ ကိုဖျက်ပြီး ပန်းအိုးပတ်လည်က ပိုးမျှင်တွေကိုသာ ချန်ထားလိုက်တယ်။ ပြီးတော့ ပန်းအိုးအလယ်မှာ ထင်းရှူးရွက် တစ်ရွက် ချထားလိုက်တယ်။
ခူတွေက တစ်ကောင်နောက်တစ်ကောင်လိုက်ပြီး ပိုးမျှင်ချထားရာ လမ်းအတိုင်း ပန်းအိုးကိုပတ်ကြတယ်။ ပိုးမျှင်အတိုင်းသွားရင် လမ်းမပျောက်ဘူးအထင်နဲ့ ခူတွေက ပန်းအိုးကို တစ်ပတ်ပြီးတစ်ပတ် ပတ်ကြ တယ်။ အဲဒီအတိုင်း ၁ဝရက်ထား ထားလိုက်တယ်။ ခူကောင်တွေက အစာဟာ သူတို့နဲ့ ဘယ်နှမိုင် အကွာမှာ ရှိမှန်းမသိဘဲ ပိုးမျှင်ချထားတဲ့ လမ်းကြောင်းအတိုင်းပဲ တစ်ဝဲဝဲလည်ပတ်ကြရင်း နောက်ဆုံးမှာ ဆာလောင်ပြီး သေဆုံးကုန်ကြတယ်။
လူတချို့က ခူကောင်နဲ့တူတယ်။ ပန်းတိုင်မထားဘဲ တခြားလူတွေရဲ့နောက်မှာပဲ ကပ်လိုက် နေတတ် ကြတယ်။ ပန်းတိုင်မရှိတဲ့လူတွေဟာ ကမ်းမမြင် လှမ်းမမြင်တဲ့ ပင်လယ်ပြင်က ပဲ့ကိုင်မဲ့နေတဲ့ လှေငယ် လေးလိုပဲ လေတိုက်ရာ ဖက်ကိုသာ လှိုင်းတွေနဲ့အတူ တဝဲလည်လည် မျှောပါနေရတော့တယ်။

*နိုင်းနိုင်းစနေ (Sunday, July 15, 2007)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook