မှန်မှန်ကန်ကန် ဆုံးဖြတ် ရွေးချယ်ပါ

 Written by ဒေါက်တာ မျိုးမင်းသိန်း (ACTION Study)
များမကြာသေးမီ ကပင် မြန်မာနိုင်ငံ စာစစ် အဖွဲ့မှ ၂၀၁၄ ခုနှစ်အတွက် တက္ကသိုလ် ဝင်တန်း အောင်စာရင်းများကို ထုတ်ပြန်ကြေညာ ပေးခဲ့ပြီ ဖြစ်ပါသည်။ အောင်မြင်သူ များမှာလည်း အပြုံး ပန်းများဝေရင်း ပျော်ရွှင်ခဲ့ကြရသလို ကျရှုံးခဲ့သော သူများမှာလည်း ဝမ်းနည်းငိုကြွေးခဲ့ ကြပြီဖြစ် ပါသည်။ အောင်မြင်သူ များမှာလည်း ဆက်လက် သင်ကြားကြရမည့် အဆင့်မြင့် ပညာတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများ တက်မလား၊ နိုင်ငံ ရပ်ခြားမှာပဲ ပညာဆက်လက် သင်ကြားမလား စသဖြင့် အလုပ်ရှုပ်လာကြပြီ ဖြစ်ပါသည်။

ကျရှုံးခဲ့သော ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း မိမိယခုစာမေးပွဲ မအောင်မြင်ခဲ့ခြင်းအတွက် စိတ်မကောင်းဖြစ်ခဲ့ကြရမည် မှန်သော်လည်း လုံးဝစိတ်ဓာတ်မကျရှုံးဖို့တော့ လိုပါသည်။ မိမိကျရှုံးခဲ့သည် မှာ အကြောင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါသည်။ မိမိကြိုးစားအားထုတ်မှု ဝီရိယအားနည်းခဲ့၍ သော်လည်း ကောင်း၊ ကျန်းမာရေး မကောင်းခဲ့သောကြောင့် လည်းကောင်း၊ ပညာသင်ကြားရာတွင် မိသားစု အခက်အခဲ များစွာ ကြုံတွေ့ခဲ့ရ၍သော်လည်းကောင်း စသဖြင့်များစွာ ရှိခဲ့နိုင်ပါသည်။

စင်စစ် တက္ကသိုလ်ဝင်စာမေးပွဲစစ်ဆေးပေးခြင်းမှာ အခြေခံပညာရပ်တွင် သိသင့်သိထိုက်သော ရှိသင့်ရှိ ထိုက်သော ပညာဗဟုသုတများကို စစ်ဆေးခြင်းသာဖြစ်ပြီး ယခုနှစ်မအောင်မြင်ခဲ့ပါက နောင်နှစ်တွင် အောင်မြင်အောင်ကြိုးစားရန် အခွင့်အရေးများရှိသေးသဖြင့် စိတ်ဓာတ်မကျဘဲ ဆက်လက်ကြိုးစား အားထုတ်ကြဖို့သာ လိုအပ်ပါသည်။

စာမေးပွဲစစ်ဆေးခြင်းမှာ မိမိတွင်ရှိသင့်သော ဗဟုသုတများကို တတ်မြောက်ကြောင်း စစ်ဆေးခြင်းသာ ဖြစ်ပြီး မအောင်မြင်ခဲ့ပါကလည်း စိတ်ဓာတ်ကျသွားစရာမလိုဘဲ ဆက်လက်ကြိုးစားအားထုတ်ဖို့သာ လိုပါ သည်။ ယနေ့ထိအတန်းပညာတွင် မအောင်မြင်ခဲ့ကြသော်လည်း လူသားအကျိုးပြုသိပ္ပံပညာများ တီထွင် ဆန်းသစ်မှုများဖြင့် အောင်မြင်ကျော်ကြားခဲ့ကြသော သိပ္ပံပညာရှင်များ၊ စီးပွားရေး၊ လူမှုရေး နယ်ပယ် အသီးသီးတွင် အောင်မြင်ကျော်ကြားနေကြသူများ များစွာရှိနေပါသည်။ စာမေးပွဲတစ်ခု၏ ရမှတ်များက မိမိတစ်ဘဝလုံးအတွက် လုံးဝကျရှုံးမသွားစေနိုင်ဘူးဆိုတာကို သတိခြပ်သင့်ပါသည်။

ထို့ကြောင့် စာမေးပွဲကျရှုံးသူများအနေဖြင့် မိမိယခင်နှစ်ကအားနည်းချက်များကို အကောင်းဆုံးပြန် လည်ကုစားပြီး တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည်ဖြေဆိုကြဖို့ တိုက်တွန်းပါသည်။

စာမေးပွဲအောင်မြင်ခဲ့ကြသူများအနေဖြင့်လည်း ယခုအချိန်အခါသည် မိမိဆက်လက်ပညာသင်ကြား မည့် အဆင့်မြင့်ပညာကျောင်းများအတွက် ခေါင်းနောက်လောက်အောင် စဉ်းစားနေကြရပြီဖြစ်ပါသည်။ အချို့မှာလည်း ငွေကြေးလည်းတတ်နိုင်သဖြင့် ပြည်ပတွင်သွားရောက် ပညာသင်ကြားဖို့ အားထုတ်နေ ကြပြီဖြစ်ပါသည်။ အောင်မြင်သူများတွင်လည်း မိမိကတော့ရိုးရိုးပဲအောင်ခဲ့သည်။ မိမိကတော့ ဂုဏ်ထူး ဘယ်နှစ်ဘာသာဖြင့် အောင်ခဲ့သည်။ အမှတ်ကတော့ ဘယ်လောက်ရခဲ့သည်၊ ဒါကြောင့် ဘယ် ကျောင်း ကို ရွေးချယ်တက်ရောက်ရမလဲစသဖြင့် အတွေးရှုပ်နေကြပါပြီ။ ယနေ့အချိန်အခါအထိ မြန်မာ နိုင်ငံတွင် ကျင့်သုံးနေသော တက္ကသိုလ်ဝင်ခွင့်ရွေးချယ်နည်းစနစ်မှာ အောင်မြင်ခဲ့သောဘာသာတွဲ၊ ရရှိ ခဲ့သော အမှတ်အနည်းအများပေါ်မူတည်ပြီး တက္ကသိုလ်အသီးသီးက သတ်မှတ်ထားသော အမှတ်များ နှင့် ဦးစားပေးရွေးချယ်ကြရသည့် ပုံစံမျိုးဖြစ်ပါသည်။

ထို့ကြောင့်အထက်တန်းပညာသင်ကြားစဉ်က မိမိရွေးချယ်ခဲ့သော ဘာသာတွဲများအတိုင်း အဆင့်မြင့် ပညာဦးစီးဌာနမှ ထုတ်ပြန်ထားသော ရွေးချယ်တက်ရောက်ခွင့်ရှိသည့် တက္ကသိုလ်များတွင်သာ ဆက် လက်ပညာသင်ကြားကြရမည် ဖြစ်ပါသည်။ ဘာသာတွဲအနေဖြင့် ခုနှစ်တွဲရှိပြီး အများစုရွေးချယ်ခဲ့ကြ သော ဘာသာတွဲမှာ သုံးခုသာရှိရာ၎င်းတို့မှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာနှင့် ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဘာသာရပ်တို့ ပါဝင်သောသိပ္ပံဘာသာတွဲ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒဘာသာရပ်တို့ ပါဝင် သော ဝိဇ္ဇာဘာသာတွဲ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒဘာသာရပ်တို့ပါဝင်သော ဝိပ္ပံတွဲများပင်ဖြစ်ပြီး ကျန်ဘာသာတွဲများမှာ မရှိသလောက်နည်းပါးပါသည်။

ရွေးချယ်ရာတွင်လည်း အများစုမှာ မိမိရမှတ်နှင့်မီသော တက္ကသိုလ်များကိုသာ ရွေးချယ်တက်ရောက် လေ့ရှိကြပြီး အချို့မှာလည်း မိဘများမှတက်စေချင်သောကြောင့်လည်းကောင်း၊ အခြားသူများမှအကြံ ဉာဏ်ပေးသဖြင့် တက်ရနိုးနိုးဖြင့်ရွေးချယ်ကြပါသည်။

မြန်မာလူမှုအသိုင်းအဝိုင်းတွင် ဆရာဝန်ဖြစ်မှ အင်ဂျင်နီယာဖြစ်မှ သင်္ဘောသားဖြစ်မှ အလေးပေးခံရ တတ်သဖြင့် အများစုမှာလည်း မိမိကိုယ်တိုင်ဝါသနာ အမှန်တကယ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဆေးကျောင်း၊ အင်ဂျင်နီယာကျောင်းများကိုသာ ဦးစားပေးရွေးချယ်ခဲ့ကြပါသည်။ အများဆေးကျောင်း ဆိုသဖြင့် ကိုယ်လည်းဆေးကျောင်းတက်ချင် အများအင်ဂျင်နီယာကျောင်းဆိုသဖြင့် ကိုယ်လည်းအင် ဂျင်နီယာကျောင်းတက်မည်စသဖြင့် မိမိစိတ်ဆန္ဒတွင် အမှန်တကယ်ဖြစ်ချင်သော မိမိဝါသနာပါသော ပညာများကိုမျက်ကွယ်ပြုကာ ရွေးချယ်ခဲ့ကြသည်မှာ များပါသည်။

အချို့မိဘများသည်လည်း မိမိသားသမီး စိတ်ဝင်စားမှုဝါသနာပါသော ပညာရပ်များကို ရွေးချယ်စေ ခြင်း မပြုဘဲ မိမိဖြစ်စေချင်သော မိမိတက်စေချင်သော တက္ကသိုလ်များသာတက်ရောက်စေခြင်းများ ပြုလုပ် ခဲ့ကြပါသည်။ ထိုအခါသစ်လွင်ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ဝေဝေဝါးဝါး ရွေးချယ် တက်ရောက် ခဲ့ကြသော တက္ကသိုလ်များတွင် ဆက်လက်ပညာသင်ကြားကြသောအခါ အခက်အခဲများ စွာကြုံတွေ့ရပြီး အချို့မှာမိမိတက်ရောက်သော တက္ကသိုလ်တွင်အကြိမ်ကြိမ်ကျရှုံးသဖြင့် ကျောင်း ထွက်ခဲ့ရပြီး လမ်းစ ပျောက်သွားသည့်အဖြစ်များထိ ကြုံတွေ့နေကြရပါသည်။

နိုင်ငံတစ်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ကြသောအခါတွင် ဆရာဝန်တစ်မျိုးတည်းဖြင့် လုပ်ဆောင်၍ မရပေ။ နယ်ပယ်အသီးသီးမှ သက်ဆိုင်ရာပညာရှင်များဖြင့် ညီညီညွတ်ညွတ် ကြိုးစား အားထုတ်ကြပါမှသာ ခေတ်မီဖွံ့ဖြိုးသော နိုင်ငံတစ်နိုင်ငံဖြစ်အောင် ထူထောင်နိုင်မည်ဖြစ်ပါသည်။ မတူ ညီသောဘာသာရပ် ပညာရပ်အသီးသီး၌ မိမိစိတ်ဝင်စားရာ ဝါသနာပါရာ နယ်ပယ်တွင်ကြိုးစားအား ထုတ်ကြဖို့သာ လိုအပ်ပါသည်။ သို့ကြောင့်နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မည်သည့်ပညာရပ် မျိုးမဆိုလိုအပ်ပြီး အရေးပါသည်ချည်းသာ ဖြစ်ပါသည်။ ယနေ့ဖွံ့ဇြိုးပြီး နိုင်ငံများကိုလေ့လာကြည့်ပါက နယ်ပယ်အသီးသီး ပညာရပ်အသီးသီးတွင် ဟန်ချက်ညီညီ လေ့လာသင်ယူပြီး ပြန်လည်အသုံးချနိုင် အောင် ကြိုးစားအားထုတ်ထားကြကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။ ထို့ကြောင့် မိမိအတွက်သာမကျ နိုင်ငံတော်အတွက်ပါအရေးပါသည့် တက္ကသိုလ်ရောက်ကြဖို့လိုပါသည်။ ဆေးတက္ကသိုလ်တက်ခွင့်ရပြီး မိမိဝါသနာနှင့် မကိုက်ညီသဖြင့် ပညာကိုတတ်မြောက်အောင် မသင်ယူဘဲ ကျောင်းထွက်သွားရသော သူများ၊ ဆေးပညာဘွဲ့ရယူခဲ့ကြပေမယ့် ဆေးပညာဖြင့် အသက်မမွေးဘဲ အခြားစီးပွားရေးလုပ်ငန်းများ၊ ကုန်သည်၊ ပွဲစား၊ ဂီတ အနုပညာစသဖြင့် ပြောင်းလဲလုပ်ကိုင်နေသောသူများ အများကြီးရှိခဲ့ကြပါ သည်။ ထို့အတူပင် အခြားခြားသော တက္ကသိုလ်များတွင်လည်း အကြောင်းအမျိုးမျိုးကြောင့် ယင်း တက္ကသိုလ်များ တက်ရောက်ခဲ့ကြပေမယ့် မအောင်မြင်မဖြစ်ထွန်းခဲ့ကြသူများ၊ ဘွဲ့ရခဲ့ကြပေမယ့် အခြားနယ်ပယ်များတွင် လုပ်ကိုင်နေရသူများ များစွာရှိပါသည်။ ထို့ကြောင့်တက္ကသိုလ်ရွေးချယ်တက် ရောက်ရာတွင် လက်လွတ် စပယ်ရွေးချယ်ပြီး မတက်ရောက်ဘဲ မိမိအမှန်တကယ်ဝါသနာပါသော၊ မိမိဆန္ဒနှင့် ကိုက်ညီသော ပညာရပ်များကိုသာ ရေးချယ်တက်ရောက်ပြီး ကိုယ်ဝါသနာပါသော နယ်ပယ်တွင် တစ်စိုက်မတ်မတ် ကြိုးစားအားထုတ်ဖို့သာ လိုအပ်ပါသည်။

လူသားတိုင်းတွင် မိမိငယ်စဉ်ကလေးဘဝကတည်းက လုပ်ချင်ဖြစ်ချင်သော ဝါသနာများအသီးသီး ကိန်းအောင်းနေကြပါသည်။ မိဘများအနေဖြင့်လည်း မိမိသားသမီးတို့၏ ဝါသနာစိတ်ဆန္ဒကို အတတ် နိုင်ဆုံးလိုက်လျောပြိး ၎င်းတို့တက်ရောက်သောပညာရပ်များတွင် မြေတောင်မြှောက်ပေးဖို့ လိုအပ်ပါ သည်။ သို့မှသာ ၎င်းတို့စိတ်ဝင်စားသော ဝါသနာပါသော နယ်ပယ်တွင်ဆက်လက်ကြိုးစားအားထုတ် ပြီး ဘဝတက်လမ်းကို ဆက်လက်လျှောက်လှမ်းနိုင်မည်ဖြစ်ပါသည်။ မိဘများ၏သဘောဆန္ဒအတိုင်း သာ အတင်းဖိအားပေးတက်စေပါက ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ၎င်းတို့ဝါသနာမပါသော စိတ် ဆန္ဒနှင့် မကိုက်ညီသော တက္ကသိုလ်တွင် ဆက်လက်ပညာသင်ကြားလိုစိတ် မရှိသဖြင့်ကြိုးစား အားထုတ် မှုလျော့နည်းလာပြီး ပညာရပ်ကိုလည်း ဖြစ်ထွန်းအောင်မြင် သင်ကြားနိုင်မည်မဟုတ်ပါ။ ထိုအခါ မိဘများ အတွက်ကော မိမိသားသမီျးများအတွက်ပါ များစွာထိခိုက်နိုင်သဖြင့် မလိုလားအပ် သောအခြေအနေများ ဖြစ်ပေါ်လာနိုင်ပါသည်။ ထို့ကြောင့်မိမိတို့၏ သားသမီးများ စိတ်အားထက်သန် သော ပညာရပ်များကိုသာ တွန်းအားပေးထောက်ပံ့ပေးသင့်ပါသည်။ ကျောင်းသူ၊ ကျောင်းသားများအ နေဖြင့်လည်း မိမိအမှန် တကယ် ဆက်လက်ပညာသင်ကြားလိုသော တက္ကသိုလ်များကိုသာ သေသေ ချာချာဆုံးဖြတ်ချက်ချပြီး ရွေးချယ်တက်ရောက်သင့်ပါသည်။ လက်ရှိမြန်မာနိုင်ငံတွင် ကျင့်သုံးနေသော တက္ကသိုလ်ရွေးချယ်ရေး စနစ်မှာလည်း ဆယ်တန်းတွင် မိမိရရှိခဲ့သောအမှတ်များ၊ ဘာသာတွဲများဖြင့် သာသတ်မှတ်ထားသော တက္ကသိုလ်များကို ဆက်လက်လျှောက်ထားကြရသည် ဖြစ်ရာပို၍ဂရုတစိုက် ရွေးချယ်တက်ရောက်ဖို့ လိုပါသည်။

နိုင်ငံတကာတွင် တက္ကသိုလ်ပညာများ ဆက်လက်သင်ယူနိုင်ရန်အတွက် အခြေခံပညာတန်းများ သင် ယူပြီးမြောက်ပါက တက္ကသိုလ်၏ အဆင့်မြင့်ပညာအဆင့်တွင် လူတိုင်းသိရှိထားရန်လိုအပ်သော ဝိဇ္ဇာ သိပ္ပံသင်တန်းများ ပထမဦးစွာ တက်ရောက်ကြရပြီး ၎င်းတက္ကသိုလ်အခြေခံသင်တန်း (Foundation Course) တက်ရောက်ပြီးမှသာ မိမိဆက်လက်လေ့လာလိုသော ဘာသာရပ်ဆိုင်ရာ ပညာများကို ဝင်ခွင့်များထပ်မံဖြေဆိုကာ ဖြတ်ကျော်အောင်မြင်မှသာ ဆက်လက်သင်ကြားကြရပါသည်။ ထို့အပြင် မိမိတက်ရောက်လိုသော ဘာသာရပ်များပညာရပ်များကိုလည်း မိမိစိတ်ဆန္ဒအတိုင်းသာ ဆုံးဖြတ်သင် ယူကြရပါသည်။ ကျွန်ုပ်တို့မြန်မာနိုင်ငံတွင်လည်း ရှေးယခင်နှစ်များက တက္ကသိုလ်ပညာ ဆက်လက် သင်ယူလိုသူများအနေဖြင့် အခြေခံပညာတန်းများ သင်ယူပြီးပါက ဒေသကောလိပ် (Regional Colleges) များတွင် တက္ကသိုလ်အခြေခံ ဝိဇ္ဇာသိပ္ပံပညာများကို နှစ်နှစ်ခန့်တက်ရောက်ပြီးမှသာ သက်ဆိုင်ရာ ပညာ ရပ်အသီးသီးတွင် ဆက်လက်ပညာသင်ယူကြရပါသည်။ ထိုသို့သော အခြေအနေ မျိုးများတွင် ကျောင်း သား၊ ကျောင်းသူများအနေဖြင့်လည်း မိမိစိတ်ကြိုက်ဘာသာရပ် ပညာရပ်များကို မိမိဝါသနာ ပါသည့် အလျောက် ဆက်လက်သင်ယူကြသဖြင့် ထွန်းပေါက်အောင်မြင်အောင် ကြိုးစားနိုင် ခဲ့ကြခြင်း ဖြစ်ပါ သည်။ အမှန်စင်စစ် တက္ကသိုလ်ပညာရပ်များ သင်ကြားကြသည်ဆိုသည်မှာ မိမိဘဝအတွက် ဆက်လက် လျှောက်လှမ်းမည့်အခါ ၎င်းပညာကို အသုံးချပြီး အောင်မြင်သော ဘဝလမ်းကို ဖန်တီး နိုင်ဖို့ဖြစ်ပါသည်။ 


ကြေးမုံသတင်းစာ
သြဂုတ် (၆) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...