ဉာဏ် သတိ နှင့် ယှဉ်၍
‘လမ်းသုံးသွယ်’ ဖြစ်စဉ်ဖြစ်ရပ် တိုင်းတွင် အားနည်းချက်ကို လိုက်၍ ဝင်ထွက်ဖြေရှင်း ချဉ်းကပ်နည်း လမ်းသုံးသွယ်၊ သဘာဝ အန္တရာယ် များစသည့် ပူပူနွေးနွေး လတ်တလော ဖြေရှင်း ပေးရမည့် ချက်ချင်း လက်ငင်းပြဿနာများ၊ ဖားလား၊ ငါးလား၊ မသဲကွဲချိန်အချိန်၏ အဆုံး အဖြတ်ကို စိတ်ရှည် သည်းခံခံယူ ရမည့် ကိစ္စရပ် များ၊ ဥပေက္ခာပြုကြရမည့် အဆင့်မမှီ အဓမ္မဝါဒီ တို့၏ လုပ်ကြံဖန်တီး မမှန်မကန် လုပ်ရပ်များဟူ၍ လမ်းသုံးသွယ် ရှိပါသည်။
မိမိတို့နိုင်ငံသည် စနစ်သစ်တစ်ခုနှင့် လမ်းကြောင်းသစ် တစ်ခုအပေါ် လျှောက်လှမ်းနေချိန် အရာရာကို သတိထားလျှက် စူးစူးစိုက်စိုက်နှင့် မမှိတ်မသုန်ရှိနေပါမှ တော်ကာကျမည်။ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံ ရေး၊ အမျိုးဘာသာ သာသနာရေး စသဖြင့်နယ်ပယ် အသီးသီးတွင် နည်းမျိုးစုံ ဝင်ရောက်စွက်ဖက်မှုများ နှောက်ယှက်ဖျက်ဆီးမှုများရှိနေမည်မှာ စပ်ကူးမပ်ကူး ကာလများ၏ ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာတစ်ရပ်ဟု ဆိုနိုင်ပါသည်။ မိမိတို့နိုင်ငံ၏ ဖြတ်သန်းလာခဲ့ပြီး သမိုင်းတစ်လျှောက်မှ အပြောင်းအလဲကာလများဆီ သို့ လှမ်းမျှော်ကြည့်လျှင် မြင်တွေ့နိုင်ပါသည်။
လောကသဘာဝ အကောင်းအဆိုး၊ အမှားအမှန် အလင်းအမှောင် အဖြူအမည်းကွဲပြားရှိစမြဲ။ ဝိရောဓိ နိယာမ တရားများဖြစ်သည်။ ထိုထိုသော ဆန့်ကျင်ဘက် သဘောတရားများကို မိမိတို့ဉာဏ် သတိနှင့် ယှဉ်စီစစ်လက်ခံနိုင်ကြရပါမည်။ ပြဿနာဟူသည် လူ့အရည်အသွေးကို တိုင်းတာသော လောက၏စမ်းသပ်မှု တစ်ရပ်သာဖြစ်သည်။ ဖြေရှင်းသူ ထိုပုဂ္ဂိုလ်၏ဉာဏ်ရည်အနိမ့်အမြင့်ကသာ အဆုံးအဖြတ် ပေးသွား တတ်သည်။ တချို့ပြဿနာဆိုကြားရုံနှင့် ဝေးဝေးရှောင်တတ်ကြသည်။ တချို့ “ကျွဲကူးရေပါ” နှင့် ရေလိုက် ငါးလိုက် အလိုက်သင့်မျှောပါတတ်ာကသည်။ အမှားအမှန်ကို ဝေဖန်ချင့် ချိန်ဉာဏ်မြေကတုတ် ပြုလုပ် ရင်ဆိုင်တတ်ကြသူများလည်း ရှိသည်။ ထိုထိုသောပြဿနာများကို မလွဲ မရှောင်သာ ရင်ဆိုင်ဖြေရှင်း ကြရာ တွင် လမ်းသုံးသွယ်က အထောက်အကူဖြစ်စေမည် အမှန်ဖြစ်ပါ သည်။ ဗုဒ္ဓ၏ပြဿနာကို လက်ခံပုံ၊ ဖြေရှင်းပုံ တစ်ချို့အား စံနမူနာယူ၍ တင်ပြလိုပါသည်။
အဂုင်္လိမာလအား ကယ်ချွတ်မှု၊ ရောဟိနီမြစ်ရေပြဿနာကို ဖြေရှင်းမှုတို့တွင် ဗုဒ္ဓသည်အချိန်၊ နာရီ မဆိုင်းဘဲ ချက်ချက်းလက်ငင်း ကြွရောက်ဖြေရှင်းပေးတော်မူခဲ့သည်။ ထိုသို့ကြွချီ၍ မကယ်ချွတ်ပါလျှင် မျက်မှောက် ဘဝမှာ နိဗ္ဗာန်ထိ မျက်မှောက်ပြုနိုင်သည့် ပုဂ္ဂိုလ်ထူး၊ ပဂုင်္လိမာလသည် မိခင်အရင်းကို ပြစ် မှားမိပြီ ဆိုသည်နှင့် မဂ်ဖိုနှင့် ဝေးအပယ်ငရဲသို့ လားရတော့မည်။ ထို့နည်းတူ စိုက်ပျိုးရေး တစ်စက်အ တွက် ကပ္ပိလဝတ်နှင့် ကောလိယနှစ်ပြည်ထောင် သွေးအသက်ပေါင်းများစွာ ကြေမွပျက်စီးကြရတော့ မည်။ ထို့ကြောင့် အင်္ဂုလိမာလနှင့် အမေကြားမှာဝင်ရပ်ရင်း တရားပြ၊ တရားရစေခဲ့သည်။ ရဟန်းအဖြစ် လက်ခံကာ လူမိုက်ကြီးကို ကယ်ချွတ်ခဲ့သည်။ နှစ်ပြည်တောင်မင်းနှင့် စစ်သည်များမျက်နှာချင်းဆိုင်ရာ ရောဟိန်မြစ်မိုးကောင်းကင်ပေါ်မှ ရပ်ကာရေတစ်စက်နှင့် သွေးအသက်မည်သည်က ပိုအရေးကြီးသ နည်း အမေးစကားနှင့် တရားပြကာငြိမ်းချမ်းစေခဲ့သည်။ ဗုဒ္ဓ၏ချက်ချင်းလက်ငင်း ပြဿနာဖြေရှင်း နည်းဥပမာများ
တစ်ချို့ပြဿနာများတွင် ဖားလား၊ ငါးလားကွဲပြားအောင် အချိန်အဆုံးအဖြတ်ကို ခံယူစေလျက် ပြဿ နာကိုစိတ်ရှည်သည်းခံဖြေရှင်းပေးခဲ့သည်။ နမူနာအားဖြင့် သာဝတ္တိပြည်မှသူဌေးကတော် ကိသာဂေါတ မိ၏ သားငယ်သေဆုံးမှုတွင် သေခြင်း၏သဘောကို တရားဟောဆုံးမပါက တရားမရနိုင်သည့်အပြင် အသက်ကိုထိ အန္တရာယ်ဖြစ်စေနိုင်၍ “ချစ်သမီး သင့်အလိုကျ ငါဆေးကုပေးမည်၊ ဆေးကုနိုင်ရန် လူမ သေဖူးသောအိမ်မှ မုန်ညင်းစေ့ကိုရှာချေ” စေလွှတ်ပြီး သေခြင်းသဘောကို ကိုယ်တိုင်ခံစားမိစေရန် စီမံ ပေးခဲ့ရသည်။ အပူလုံးကြွ အရူးတစ်ပိုင်း ကိသာဂေါတမိ တစ်ယောက်သာဝတ္ထိပြည်အနှံ့ မသေသည့် အိမ်လိုက်ရှာသည် တစ်မြို့လုံးသာနှံ့သွားသည်။ လူမသေသည့်အိမ်မတွေ့။ နေကလည်းညို ပင်လည်း ပင်ပန်း အိမ်တိုင်းမှာမသေသည့်သူ မရှိပါလား။ ခံစားသိလာမှ ဘုရားကတရားပြကယ်ချွတ်တော်မူခဲ့ရ သည်။ အချိန်နှင့်ကုစားပြဿနာကို ဖြေရှင်းပေးတော်မူခြင်း။
သို့သော် အမှန်ကို အမှားလုပ်အကောင်းကို အဆိုးမြင်နောက်ဆုံးတွင် သံဃာကိုဂိုဏ်းခွဲတစ်စင်ထောင် ကာ ဝင်ပြိုင်ပြုလာသော ဒေဝဒတ်ကိုမူကား အရင်းအချာဖြစ်ငြားလည်း ဆိုဆုံးမမှုမပြုခဲ့။ ဥပေက္ခာပြု ပစ်ပယ်တော်မူခဲ့သည်။ ဇာတ်အမျိုးအနွယ်အားဖြင့် အဆင့်မြင့်သူ ခတ္ထိယနွယ်ဖွား ဖြစ်သော်ငြားလည်း ကံသုံးပါးနိမ့်ကျလျှင် လူရာမသွင်းသော ဗုဒ္ဓ၏နမူနာတစ်ရပ်။
ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်ကာလ အိန္ဒိယနိုင်ငံတွင် ဇာတ်အမျိုးအနွယ် ခွဲခြားမှုစနစ်ပြင်းထန်းလွန်း သည်။ ဗြဟ္မဏ၊ ခတ္ထိယ၊ ဝဿသုဒ္ဓဟူသည့် ဇာတ်တော်လေးမျိုး တစ်မျိုးနှင့်တစ်မျိုး စည်းခြားနေထိုင် ခွဲခြားဆက်ခံ ရှိနေကြချိန် ဗုဒ္ဓကဇာတ်နိမ့်ဇာတ်မြင့်ကို ဤကဲ့သို့သာ ကျင့်သုံးလက်ခံတော်မူသည်။ “အမျိုးဇာတ်သည် လူတစ်ယောက်၏ ကြီးမြတ်မှု၊ နိမ့်ကျမှုကို မသတ်မှတ်။ လူတစ်ယောက်၏ ကြီးမြတ် မှု၊ နိမ့်ကျမှုကို လူ၏အပြုအမူကသာ သတ်မှတ်သည်” ဗုဒ္ဓ၏လူသားများအပေါ် သတ်မှတ်ချက်အမြင်။
ကိစ္စများမြောင် လူတို့ဘောင်တွင် အသက်တစ်ရာအနေရ၊ အမှုတစ်ရာတွေ့ကြုံရဆဲ လောကဓမ္မတာ ဟု ဆိုရပါမည်။ ကြုံလာသမျှ လောကဓံကို နတ်သတိနှင့်ယှဉ်လျှက် လမ်းသုံးသွယ်ပေါ်မှာ လမ်းကြောင်း မှန်နိုင်ကြပါစေ။
ကြေးမုံသတင်းစာ
သြဂုတ် (၅) ရက်၊ ၂၀၁၄ ခုနှစ်

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook