ကျောင်းသားအား သမံတလင်းကို လျှာဖြင့်လျက်ခိုင်းသည့် ဆရာမအမှု ၀န်ကြီးဌာနသို့တင်

အတန်းထဲတွင် စကားများသော အကြောင်းပြ ချက်ဖြင့် စတုတ္ထတန်း ကျောင်းသားအား သမံ တလင်းကို လျှာဖြင့် လျက်ခိုင်းမှုဖြင့် တိုင်ကြား ခံရသော အတန်းပိုင် ဆရာမအမှုကို ပညာရေး ၀န်ကြီးဌာနသို့ တင်ပြထား ကြောင်း စစ်ဆေးရေး အဖွဲ့ထံမှ သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့ နယ်၊ သူရဲသမိန် စံပြကျေးရွာရှိ အခြေခံပညာ အလယ်တန်း ကျောင်း၌ အတန်းပိုင် ဆရာမတစ်ဦးက ၂၀၁၃-၁၄ ပညာသင်နှစ် ကုန်ခါနီးတွင် ၎င်း၏ သားဖြစ်သူအား ကျောင်းသမံတလင်းကို လျှာဖြင့် လျက်ခိုင်းခဲ့ကြောင်း ကျောင်းသားဖခင်တစ်ဦးက ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ပညာရေးဝန်ကြီးဌာနသို့ တိုင်ကြားခဲ့ ခြင်းဖြစ်သည်။

ဇူလိုင် ၆ ရက်တွင် မြို့နယ် စစ်ဆေးရေးအဖွဲ့က တိုင်ကြားခဲ့ သော ကျောင်းသားဖခင်နှင့် ကျောင်းသား၊ အတန်းဖော် ကျောင်းသားများ၊ စတုတ္ထတန်း အတန်းပိုင်ဆရာမနှင့် ကျောင်း အုပ်ဆရာမကြီးတို့ကို စစ်ဆေးခဲ့ ခြင်းဖြစ်သည်။

‘‘တိုင်ထားတဲ့ ကလေးဖခင်ကို စစ်ဆေးတယ်။ ကလေးကို လည်း စစ်ဆေးတယ်။ အတန်း ဖော်ကလေး တွေကိုလည်း ရွာထဲမှာ ကစားနေတာကိုခေါ်ပြီး စစ် မေးပါတယ်။ ဆရာမကိုလည်း စစ်ဆေးတယ်။ တခြားကလေး တွေကလည်း အဲဒီလို လုပ်ခိုင်း တယ်ပြောပါတယ်။ ဒါပေမဲ့ ကာယကံရှင်ဆရာမကတော့ ငြင်းဆိုထားတယ်’’ဟု စစ်ဆေးရေးအဖွဲ့ တွင် ပါဝင်ခဲ့သော ကျောင်းအုပ်ဆရာမကြီးတစ်ဦးကပြောသည်။

အတန်းဖော်ကျောင်းသား များအား စစ်မေးမှုအရ ကျောင်း သားတစ်ဦးတည်းသာမက အခြားကျောင်းသား များကိုလည်း သမံတလင်းကို လျှာဖြင့် လျက်ခိုင်း ကြောင်း စစ်ဆေးတွေ့ရှိချက် များကို ပညာရေးဝန်ကြီး ဌာနသို့ တင်ပြထားပြီး ၀န်ကြီးဌာနမှ ဆုံး ဖြတ်ချက်ပြန်လည်ညွှန်ကြားမှု မရှိသေးကြောင်း အဆိုပါ ကျောင်းအုပ် ဆရာမကြီးက ဆိုသည်။

ကျောင်းသားများအား ကျောင်းကြမ်းပြင်ကို လျှာဖြင့်လျက်ခိုင်းသည့် ဆရာမတစ်ဦး၏ စိတ်ဓာတ်မှာ နားလည်ရ ခက်ခဲနေပြီး သားသမီးအတွက် စိတ်ထိခိုက် ခံစားနေရကြောင်း ကျောင်းသားဖခင် ဖြစ်သူက ပြောသည်။

‘‘ရိုက်ရင်တောင် လက်ခံနိုင် စရာရှိပါတယ်။ ဒါက ဖြစ်သင့်တဲ့ ကိစ္စမဟုတ်ပါဘူး။ အစိုးရ ကျောင်းတွေမှာ ထားတာ ဒီလိုပုံစံ ဖြစ်နေရင် တော်တော်စိုးရိမ်စရာ ကောင်းနေပါတယ်’’ဟု တိုင် ကြားခဲ့သူ ကျောင်းသား ဖခင်က ဆိုသည်။

ကာယကံရှင်ဆရာမက ငြင်းဆန်သော်လည်း ကျောင်းသားများက ဟုတ်မှန်နေကြောင်း အစစ်ခံ ခဲ့သောကြောင့် ဆရာမတစ်ဦး အနေဖြင့် ကျောင်းသားများကို ယင်းကဲ့သို့ ပြုမူဆက်ဆံမှုမပြု လုပ်သင့် ကြောင်း အထက်ပါ ကျောင်းအုပ်ဆရာမကြီးက သုံးသပ်သည်။

‘‘ဆရာမလေးက အရမ်းတက်ကြွတယ်။ ငယ်လည်း ငယ် သေးတယ်။ တကယ်လုပ်ခဲ့တာ ဆိုရင်တော့ ဒီလိုမျိုးမလုပ်သင့်ပါ ဘူး’’ဟု ကာယကံရှင် ဆရာမကို စစ်ဆေးခဲ့သော ကျောင်းအုပ် ဆရာမကြီးကပြော သည်။


7 Day Daily,
No.478 Friday, August 22, 2014
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...