ပညာရေးလောကနဲ့ ကျွန်တော့်အတွေး

ငါးတန်း ကျောင်းသူမြေးလေး စာအုပ်အပြည့် ထည့်ထားတဲ့ ကျောပိုးအိတ်နဲ့ လက်ကလဲ စာအုပ်နှစ်အုပ် ကိုင်၊ ထီးကိုနောက်မှာချိတ်ပြီး ကျူရှင် သွားနေတာကြည့်ပြီး သက်ပြင်း ချမိပါ တယ်။ ကျောင်းကအပြန် ထမင်းစား၊ ခဏနားပြီး ခါစပဲ ရှိသေးတယ်၊ ကျူရှင်တက်နေ ရပြန်ပါပြီ။ ကျူရှင်ကပြန်လာရင် သူ့အမေက စာထပ်သင်ဦး မှာပါ။ ကလေးရဲ့မျက်နှာဟာ တစ်ခုခုလိုနေ သလိုပါပဲ။ လက်တွေ့ဘဝရဲ့ တောင်းဆိုမှု ကြောင့်လုပ်နေရတဲ့ သူ့အမေရဲ့လုပ်ရပ်ကို ကျွန်တော် အပြစ် မပြောလိုတော့ပါဘူး။ စာပိနေတဲ့ မြေးကို ကြည့်ရင်း မြန်မာ့ပညာရေးလောကကို ကျွန်တော် စဉ်းစား မိပါတယ်။

စာမေးပွဲစနစ်များ-

ကျွန်တော် အထက်တန်းကျောင်းသားဘဝက ပထမအစမ်းစာမေးပွဲကို သီတင်းကျွတ်ကျောင်းပိတ်ရက် မတိုင်မီဖြေရပြီး၊ ဒုတိယအစမ်းစာမေးပွဲကို ဒီဇင်ဘာကျောင်းပိတ်ရက်မတိုင်မီ ဖြေရပါတယ်။ အတန်း တင်စာမေးပွဲကို နွေရာသီကျောင်းပိတ်ရက်မတိုင်မီ ဖြေရတဲ့အခါမှာ စာသင်နှစ်တစ်နှစ်လုံးသင်ကြားတဲ့ သင်ခန်းစာအားလုံးထဲကထုတ်တဲ့မေးခွန်းကို ဖြေရပါတယ်။ ကျက်ရတဲ့စာတွေကများတော့ အောင်ဖို့ကို ပဲမနည်းကြိုးစားရပါတယ်။ ကိုယ်ကျက်ထားတဲ့စာ မေးခွန်းထဲမပါရင် စာမေးပွဲကျနိုင်ပါတယ်။

ကျွန်တော်တက္ကသိုလ်ရောက်တော့ သမိုင်းနဲ့နိုင်ငံရေးသိပ္ပံဘာသာဟာ စာအများဆုံးဘာသာတွေပါ။ ဒီဘာသာနှစ်ခုကိုသင်တဲ့ ကထိကဦးတင်အုန်း (နောင်တွင်နိုင်ငံတော် ကောင်စီဝင်ဖြစ်လာသူ) က စာမေးပွဲနီးရင် စာတွေကများတော့ အထူးလေ့လာရမယ့် သင်ခန်းစာခေါင်းစဉ် ၂၀ လောက် နောက်ဆုံး စာသင်ချိန်မှာ ပြောပါတယ်။ ခန့်မှန်းမေးခွန်း (Possible Question) တော့မပေးပါဘူး။ ကျွန်တော်တို့ကို တက္ကသိုလ်မှာ သင်ကြားပို့ချတဲ့ဆရာတွေက သင်ခန်းစာတစ်ခုလုံး လွှမ်းခြုံနားလည်အောင် ဆရာစားမ ချန် သင်ပေးနိုင်သူတွေဖြစ်တော့ မေးခွန်းတိုင်းအနည်းနဲ့အများ ဖြေနိုင်ကြတာများပါတယ်။

ရန်ကုန်တက္ကသိုလ်ရဲ့ သမိုင်းမှာ ဘူမိဗေဒဘာသာသင်တဲ့ဆရာ ဒေါက်တာသာလှဟာ ဥပစာ (ခ) တန်းရောက်နေတဲ့ သူ့တပည့်တွေ စာမကျေလို့ ညနေပိုင်းအချိန်ပိုခေါ်ပြီး ဥပစာ (က) တန်းစာကို အစ အဆုံးပြန်သင်တယ်လို့ ကြားဖူးပါတယ်။ မတတ်သေးတဲ့တပည့်ကိုတတ်ပြီး အောင်အောင်သင်ပေး တတ်တဲ့ဆရာတွေရဲ့ မေတ္တာ၊ စေတနာကို မှန်းဆတမ်းတမိပါတယ်။

ကနေ့ကျွန်တော့်မြေးတွေခေတ်မှာ ကျောင်းဖွင့်ပြီး တစ်လကြာတာနဲ့ စာမေးပွဲဖြေနေကြရပါပြီ။ စာမေးပွဲ အသံကြားရင် ကျောင်းသားဟာ စာကျက်ရမယ့်အရိပ်ကြီးတစ်ခုက ထက်ကြပ်မကွာ ခြောက်လှန့်နေပါ တယ်။ မိဘကလဲ သားသမီးကို ကျောင်းကပေးလိုက်တဲ့ ခန့်မှန်းမေးခွန်း (Possible Question) ရဲ့အ ဖြေကို အလွတ်ကျက်ခိုင်းတော့တာပါပဲ။ ကျောင်းတက်ရ၊ ကျူရှင်တက်ရ၊ စာကျက်ရ၊ စာမေးပွဲဖြေရနဲ့ ကျောင်းသားတွေဟာ အချိန်ပြည့်စာနဲ့လုံးပန်းနေကြရပါတယ်။ ဘက်စုံထူးချွန်တဲ့ကျောင်းသားတစ်ဦး ဖြစ်ဖို့ အဟန့်အတားတစ်ခုပါပဲ။

ကျောင်းသား ဗဟိုပြုသင်ကြားရေးကို အကောင်အထည်ဖော်မယ်ဆိုရင် ကျူရှင်ရဲ့လက္ခဏာ တစ်ခုဖြစ်တဲ့ “ဒါပဲကျက်ပါ အမှတ် (၁၀၀)” ဆိုတဲ့မူကို ပြင်ရပါမယ်။ ပြဋ္ဌာန်းစာအုပ်တွေများနေလို့ ခန့်မှန်းမေးခွန်း ထုတ် စာကို အလွတ်ကျက်ဖြေစနစ် ကျင့်သုံးနေရင်၊ စာသင်ရင်း စဉ်းစားတွေးခေါ်တတ်တဲ့ အလေ့အထ တွေကျ ဆင်းသွားနိုင်ပါတယ်။ ကျွန်တော်တို့ ကျောင်းသားဘဝက စာမေးပွဲမေးခွန်းမှာ အမှတ် ၂၀ ပေးတဲ့ (Essay Type) မေးခွန်းတွေကိုဖြေရင် ကျောင်းစာနဲ့တင် အဖြေက မလုံလောက်ပါဘူး။ ကိုယ်ပိုင် ဉာဏ်နဲ့စဉ်းစား လို့ရတဲ့ ဝေဖန်ချက်ကိုပါ ထည့်ဖြေရပါတယ်။ အမှတ်ပေးစနစ်ဆိုတာလဲ ဆရာရော၊ ကျောင်းသားရော မသိတော့ ဂုဏ်ထူးထွက်ဖို့ဆိုတာ ဝေလာဝေးပါပဲ။ ၂၁ ရာစုဟာ ပညာအခြေပြုစီးပွား ရေး (Knowledge Base Economy) ဖြစ်လို့ ပညာရေးဟာ နိုင်ငံအတွက် အရေးအကြီးဆုံးပါပဲ။ ပညာရေးနိမ့်ကျရင် တိုင်းပြည် တိုးတက်ဖို့ မလွယ်ပါဘူး။ သင်ရိုး ညွှန်းတမ်းကစပြီး စာသင်ကြားရေးစနစ် စာမေးပွဲမေးခွန်း ပုံစံတွေကို ပြန်လည် စဉ်းစားသုံးသပ်ဖို့ ကောင်းပါတယ်။

စာမေးပွဲအမှတ်နဲ့ တက္ကသိုလ်ဝင်ခွင့်စနစ်

တက္ကသိုလ်ဝင်တန်းစာမေးပွဲရမှတ်ဟာ ကျောင်းသားတစ်ယောက်ရဲ့ ရှေ့ဆက်ရမယ့်ဘဝခရီးကို အဆုံး အဖြတ်ပေးပါတယ်။ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေ တက်ခွင့်ဟာ ၁၀ တန်းစာမေးပွဲရမှတ် ပေါ်မှ အဆုံးအဖြတ်ပေးတော့ မိဘတွေက သားသမီးတွေကို အဆုံးအဖြတ်ပေးတော့ မိဘတွေက သားသမီးတွေကို အတန်းတိုင်းမှာ အဆင့် (၁၀) (Top Ten) ဝင်အောင် နည်းမျိုးစုံနဲ့ ပံ့ပိုးနေကြတာ နှစ်ပရိစ္ဆေဒကြာပါပြီ။ ကျွန်တော်တို့တက္ကသိုလ်ကျောင်းသားဘဝက ဥပစာတန်းအောင်ပြီးမှ အသက် မွေးဝမ်းကျောင်းတက္ကသိုလ်နဲ့ မဟာသိပ္ပံ/ဝိဇ္ဇာတန်းတွေကို သတ်မှတ်အရည်အချင်းနဲ့ ကိုက်ညီရင် တက်ခွင့်ပြုပါတယ်။ တက္ကသိုလ်ကပဲ မျိုးဆက်သစ်တက္ကသိုလ်ဆရာတွေ မွေးထုတ်ပေးခဲ့ပြီး တက္ကသိုလ် ပညာရေးကို မြှင့်တင်ပေးခဲ့တဲ့ သမိုင်းရှိခဲ့ဖူးပါတယ်။ ရိုးရိုးဘာသာတွဲနဲ့ အောင်တဲ့ဘွဲ့ရတွေလဲ အလုပ် ခွင်နဲ့ဆက်စပ်ပြီး အလုပ်ရကြတော့ ဘွဲ့ရအလုပ်လက်မဲ့ဆိုတာ ရှိတော့ရှိတယ်။ ရှားပါတယ်။

ကနေ့ရေးဆွဲနေတဲ့ ပညာရေးမူဝါဒအသစ်မှာ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်တဲ့စနစ်ကို ပြန်လည်သုံး သပ်ရေးဆွဲနေပြီကြားလို့ (၁၀) တန်းကျောင်းသားမိဘတွေ ဘယ်မူသစ်လာဦးမလဲလို့ ညည်းတွားနေ ကြပါတယ်။ မူဟောင်းနဲ့ အသားကျနေတဲ့ မိဘတွေရဲ့ဝေဖန်သံတွေကတော့ မျိုးစုံပါပဲ။

ကျောင်းရွေးကြတဲ့မိဘတွေ

ကျောင်းစအပ်တဲ့အချိန်မှာ နာမည်ကြီးတွေဝင်ခွင့်ရအောင် ငွေကုန်ကြေးကျခံပြီး မရရအောင်ကြိုးစား တဲ့မိဘတွေရှိပါတယ်။ လူကြီးတွေနဲ့ နီးစပ်တဲ့လူတွေကလဲ အပေါ်ဝိတ်နဲ့နာမည်ကြီးကျောင်းအပ်လို့ရ အောင် ကြိုးစားကြပါတယ်။ ကျောင်းအပ်ပြီးရင် ကျူရှင်တက်ဖို့စီစဉ်ရပါတယ်။ အစိုးရကျောင်းတွေ မြန် မာပြည်တစ်ဝန်း မြို့ရောတောပါမကျန် လေးသောင်းကျော်ဖွင့်ပေးထားတယ်လို့ သိရပါတယ်။ အစိုးရ ကျောင်းတွေ မြန်မာပြည်တစ်ဝန်း မြို့ရောတောပါမကျန် လေးသောင်းကျော်ဖွင့်ပေးထားတယ်လို့ သိရ ပါတယ်။ ထင်ပေါ်ကျော်ကြားတဲ့ကျောင်းဟာ မြို့ကြီးတွေမှာ ဆယ်ဂဏန်းမရှိပါဘူး။ ဒီကျောင်းတွေဟာ တော်လှန်ရေးကောင်စီ အစိုးရလက်ထက်က ပြည်သူပိုင်သိမ်းထားတဲ့ သာသနာပြုကျောင်းတွေပါ။ နှစ် ပေါင်း ၅၀ ကျော်ကြာတဲ့အထိ အ.ထ.က နာမည်ပျောက်ပြီး ရှေးရှေးတုန်းက ကျောင်းနာမည်တွင်တုန်း ပါပဲ။ ဒီကျောင်းတွေရဲ့ ၁၀ တန်းအောင်ချက်နဲ့ ဂုဏ်ထူးရတဲ့နှုန်းကလဲ မြန်မာနိုင်ငံတစ်ဝန်းမှာ အဆင့် (၁၀) Top Ten စာရင်းဝင်တွေဆိုတော့ မိဘတွေစိတ်ဝင်စားတာ အပြစ်မဆိုသာပါဘူး။

ဒါပေမဲ့ အဲဒီနာမည်ကြီးကျောင်းတွေမှာ တက်နေကြတဲ့ကျောင်းသားတွေ ကျူရှင်လွတ်သလားလို့မေး ရင်ရွှေမန်းတင်မောင်ဆိုတဲ့ သီချင်းထဲကလို “ကျွန်တော်လဲထိုနည်းလည်းကောင်း ထိုနည်းလည်း ကောင်း” ပါပဲ နာမည်ကြီးကျောင်းတွေ ဂုဏ်ထူးတသီကြီးနဲ့အောင်ကြတဲ့ နောက်ကွယ်အကြောင်း တရားကိုရှာရင်၊ ကျောင်းပြင်ပပံ့ပိုးမှုတွေ အများကြီးပါနေတယ်ဆိုတာ တွေ့ရမှာပါ။ တချို့ကျောင်းတွေ ဆိုရင် ကျောင်းခေါ် ချိန်ပြည့်အောင် အောက်တိုဘာ၊ နိုဝင်ဘာလအထိ ကျောင်းတက်ပြီး စာမေးပွဲဖြေဖို့ သုံးလအလိုမှာ စာမေးပွဲ အနီးကပ်ပြင်ပသင်တန်းတွေမှာ တက်နေကြလို့ စာသင်ခန်းမှာကျောင်းသား တောင်မရှိဘူးလို့ ကြားနေရပါတယ်။

ကျူရှင်ယဉ်ပါးနေတဲ့ ပညာရေး

ပညာရေးနယ်ပယ်မှာ ကျူရှင်ဟာဉာဏ်ရည်နည်းတဲ့ ကျောင်းသားတွေအတွက် လိုအပ်ပါတယ်။ ဒါပေမဲ့ ကျူရှင်စနစ်ကြောင့် ဆရာနဲ့ကျောင်းသားဆက်ဆံရေးဟာ ပညာရောင်းသူနဲ့ ဝယ်သူသဘောဖြစ် လာရင်တော့ မကောင်းပါဘူး။ ရတဲ့လစာနဲ့မလောက်ငလို့ ကျူရှင်ပြနေတဲ့ဆရာတွေလဲ ရှိပါတယ်။ ဆရာတွေရဲ့ လူမှုဘဝအခက်အခဲတွေကို ဖြေရှင်းပေးဖို့နည်းလမ်းတွေလဲ ရှာသင့်ပါပြီ။ အူမမတောင့်ပေ မယ့် သီလစောင့်ပြီး ကြိုးကြိုးစားစားပီတိစားပြီး သင်နေကြတဲ့ဆရာတွေလဲ ရှိပါတယ်။ ဒီလိုဆရာမျိုး တွေကို ချီးမြှင့်မြှောက်စားတဲ့မူတစ်ရပ်ရှိဖို့ လိုအပ်ပါတယ်။ အကဲဖြတ်တဲ့အခါမှာတော့ ဘက်မလိုက်နဲ့ ပေါ့။ ဆရာတွေရဲ့လစာနှုန်းကိုလည်း လိုအပ်ရင်ပြန်စဉ်းစားကြဖို့ ကောင်းပါတယ်။ ဒီမိုကရေစီတူဒေးသ တင်းစာ မှာရေးထားတဲ့ “ဘဝ ဘဝ ဆရာမ” ဆောင်းပါးဖတ်ပြီး ရင်ထဲမှာ ခံစားရပါတယ်။

ကနေ့ပုဂ္ဂလိကကျောင်းတွေ တရားဝင်ဖွင့်ခွင့်ပေးထားပါပြီ။ သင်တဲ့ဆရာတွေကိုပေးတဲ့ ထောက်ပံ့ ကြေး ကလည်း မက်မောလောက်ပါတယ်။ အသင်အပြကောင်းတဲ့ဆရာတွေ ပုဂ္ဂလိကကျောင်းကို ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရင် ပညာရေးလောက အနုတ်လက္ခဏာတစ်ရပ် ပေါ်ပေါက်လာနိုင်ပါတယ်။ အစိုးရ ကျောင်းတွေနဲ့ ပုဂ္ဂလိကကျောင်းတွေ သူနိုင်ကိုယ်နိုင်ပြိုင်ကြရမယ့် ကာလရောက်နေပါ ပြီ။ ပုဂ္ဂလိက ကျောင်းတွေကိုတော့ ငွေကြေးပြည့်စုံချမ်းသာတဲ့လူတွေရဲ့ သားသမီးတွေသာ တက်နိုင်ပါတယ်။ မရှိ ဆင်းရဲသားကတော့ အစိုးရကျောင်းတွေကိုပဲ ကောင်းလဲထား၊ မကောင်းလဲထားကြရမှာပါ။ မြန်မာပြည် မှာ ကျိကျိတက်ချမ်းသာတဲ့လူက လူတစ်စုပါ။ ဆင်းရဲတွင်းနက်နေတာက လူထုပါ။

မူဝါဒအသစ်နဲ့ အကောင်အထည်ဖော်မယ့် ပညာရေး

ပညာရေးလောကကို ပြုပြင်ပြောင်းလဲမြှင့်တင်ဖို့ဆိုရင် အတိတ်ကကျင့်သုံးခဲ့တဲ့ ပညာရေးစနစ်ရဲ့အား နည်းချက်ကို မှန်မှန်ကန်ကန် ပြန်လည်သုံးသပ်ဖို့လိုပါတယ်။ ဆွေးနွေးပွဲတွေဟာလဲ ပွင့်လင်းမြင်သာဖို့ လိုမှာပါ။ ဖြစ်ရပ်မှန်တွေကိုထိမ်ချန်ပြီး လူကြီးအကြိုက် အလိုလိုက်တင်ပြနေရင် ဒါမှမဟုတ် လူတစ်ဦး၊ တစ်စုရဲ့ အငြိုအငြင်မခံချင်လို့ အကြောက်တရားနဲ့တင်ပြနေရင် ပြောင်းလဲကျင့်သုံးမယ့် ပညာရေးမူဝါဒ အသစ်ဟာထင်သလိုမဖြစ်ဘဲ လွဲချော်နေဦးမှာပါ။ အမှားထဲကအမှန်ရှာတဲ့အခါမှာ ပုဂ္ဂိုလ်စွဲ၊ ဆန္ဒစွဲတွေ ကင်းကြဖို့လိုမှာပါ။ တစ်ချိန်ကမှန်ခဲ့ပေမယ့် ကာလတစ်ခုဖြတ်သန်းတဲ့အခါ အဲဒီအမှန်က အမှားဖြစ်နေ တတ်ပါတယ်။ သိတဲ့အချိန်မှာ ပြင်ရဲတဲ့သတ္တိရှိဖို့ပဲ လိုပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးလောကမှာ မတည်မငြိမ်နဲ့ မူတွေပြောင်းပြီးရင်းပြောင်းနေရတဲ့ ကာလဟာနှစ် ရှည်လများပါပဲ။ ရေရှည်တည်တံ့ပြီး ပညာရေးလောကအတွက် အကျိုးဖြစ်ထွန်းမယ့်မူဝါဒကို ဒီတစ်ခါ တော့ချမှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

စနစ်တစ်ခုပြောင်းတိုင်း၊ စနစ်ဟောင်းကိုဖက်တွယ်ချင်တဲ့သူနဲ့ စနစ်သစ်ကိုပြောင်းချင်တဲ့သူ အားပြိုင်မှု ရှိတာ သဘာဝတရားပါပဲ။ အမှားကြာ၊ အမှန်ဖြစ်ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ အမှားနဲ့ယဉ်ပါးလာတဲ့ ကာလကြာလာတော့ ပြည်သူတွေဟာ တချို့ကိစ္စတွေမှာ မှားမှန်းတောင်မသိတော့တဲ့ အခြေအနေဖြစ် နေပါတယ်။ ပညာရေးမူဝါဒသစ်ကို အကောင်အထည်ဖော်တဲ့အခါမှာ မိဘ၊ ဆရာ၊ ကျောင်းသား သုံးပွင့်ဆိုင် မှန်ကန်တဲ့ အတွေးအခေါ်တစ်ရပ်ရဖို့နဲ့ လက်တွေ့လိုက်နာကျင့်သုံးဖို့ အချိန်ယူဆောင်ရွက် ရမှာပါ။ ပညာပေးဆွေးနွေးမှုအမျိုးမျိုးကို ဘက်စုံထောင့်စုံက ကြိုးစားဆောင်ရွက်ကြရပါဦးမယ်။

မူပြင်ရင်လူတွေလဲပြင်ကြရပါမယ်။ မူပြောင်းပြီး လူလဲမပြောင်း၊ စိတ်ဓာတ်လဲမပြောင်းရင်တော့ မူသစ်နဲ့ နိုင်ငံတည်ဆောက်ဖို့ အခက်တွေ့နေဦးမှာပါပဲ။ ပညာရေးလောကကို ပြုပြင်ပြောင်းလဲဖို့ စာတမ်းတွေပြု စု၊ ဆွေးနွေးပွဲတွေလုပ်နေကြတာ နှစ်နဲ့ချီပြီးကြာပါပြီ။ ယနေ့အထိ ဘာမှအတည်မပြုနိုင်သေးပါဘူး။ မိဘ ကျောင်းသားဆရာတွေကတော့ အသားကျနေတဲ့ မူဟောင်းအတွင်းမှာ အရှိန်အဟုန်မပျက် လည်ပတ်နေ တုန်းပါပဲ။

ဘွဲ့နှင်းသဘင် အခမ်းအနားတစ်ခုမှာ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်ဘွဲ့ရသူတွေကို ဘွဲ့လက်မှတ် ပေးအပ်ရတဲ့ ပါမောက္ခချုပ်တစ်ဦးက ပြောဖူးပါတယ်။ ငါ့တပည့်တွေ စာမေးပွဲအောင်ကြတာကတော့ တကယ့်ကိုအားရစရာပါပဲတဲ့။ ဘွဲ့နှင်းသဘင်အခမ်းအနားလဲပြီးရော ဆရာလဲကိုယ်တွေလက်တွေနာ လို့ အနှိပ်သည်ခေါ်ပြီး နှိပ်ရပါတယ်တဲ့။ အရေအတွက်ကို အရည်အချင်းပြောင်းနိုင်ရင် အနာဂတ်နိုင်ငံ အတွက် ရင်အေးစရာပါပဲ။ ။ 


Democracy Today Daily
သြဂုတ် (၁၀) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...