ပညာရေး အခြေခံ အုတ်မြစ် နိမ့်ကျနေပြီလား
ဝဏ္ဏအောင်
မြန်မာနိုင်ငံရှိ မူကြို ပညာရေးတွင် ကလေး အင်အားနှင့် မူကြိုကျောင်းအင်အား မျှတမှုမရှိ သောကြောင့် ကလေးများ၏ စိတ်ဓာတ် ပိုင်း ဆိုင်ရာ၊ ဖွံ့ဖြိုးမှုဆိုင်ရာ၊ ခံစားချက်ပိုင်း ဆိုင်ရာများ တွင် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နိမ့်ကျနေ ဦးမည် ဖြစ်ကြောင်း ပညာရေး နယ်ပယ်မှ ပုဂ်္ဂိုလ်များက ဝေဖန် သည်။ မြန်မာနိုင်ငံတွင် ကလေးသူငယ်များ တက်ရောက်ရန်အတွက် မူကြိုကျောင်း အရေအတွက်မှာ လုံလောက်မှု မရှိသေးပေ။ ထိုကြောင့် ၎င်းတို့က အထက်ပါတိုင်း ဝေဖန်ပြောကြားခဲ့ခြင်း ဖြစ်သည်။
အစိုးရက ကျောင်းပညာရေးမှာ မူကြိုကဏ္ဍကို ဦးစားပေးမလုပ်တာကြောင့် အာဆီယံနိုင်ငံတွေနဲ့ ကွာခြားနေတာ ဖြစ်တယ်။ ကလေးတွေဟာ တစ်နှစ်နဲ့ ငါးနှစ် အတွင်းမှာ သူ့ရဲ့ စိတ်ဓာတ်၊ ခံစားချက်၊ ဖွံ့ဖြိုးမှုတွေကို အချိန်ယူရတာ။ အဲဒီကာလ တစ်လျှောက်မှာ ပညာပေးတဲ့ ဌာနမူကြို စင်တာ တွေက အရမ်းအရေးကြီးတယ် ဟု ကျောင်းပြင်ပ ပညာရေးအတိုင်ပင်ခံ ဦးသိန်းအောင် ကပြောသည်။
မြန်မာနိုင်ငံတွင် မူကြိုကလေးဦးရေ စုစုပေါင်း ရှစ်သန်းနီးပါးရှိသည့် အနက် (၂၂ ဒသမ ၉) ရာခိုင်နှုန်း ခန့်သာ လူမှုဝန်ထမ်းနှင့် ပြန်လည် နေရာ ချထားရေး ၀န်ကြီးဌာနက ဖွင့်လှစ် ထားသည့် မူကြိုကျောင်း များတွင် တက်ရောက်နိုင် သေးသည်။ အာဆီယံဒေသတွင်း ပျမ်းမျှ မူကြို တက်ရောက်မှု နှုန်း ထားမှာမူ (၅၇) ရာခိုင်နှုန်းရှိကြောင်း သိရသည်။ အစိုးရပိုင်းမှ ပုဂ္ဂလိက မူကြိုများကို ဖွင့်ခွင့်ပေးထား သော်လည်း ကျောင်းလခ ဈေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံ လူတန်းစား မိဘပြည်သူများမှာ ဈေးနှုန်းသက်သာသည့် အစိုးရ မူကြိုကျောင်းများတွင်ထားရန် မျှော်လင့်လျှက် ရှိကြသည်။
သို့သော်လည်း အစိုးရမှ ဖွင့်လှစ်သော ကျောင်းများတွင် အရည်အချင်းမမီသော ဆရာများရှိခြင်း၊ ကလေးငယ် များအတွက် သင်ထောက်ကူ များမှာလည်း လုံလောက်မှု မရှိခြင်း၊ မူကြို အင်္ဂါရပ်နှင့် မညီသော ကျောင်းအချို့ရှိနေခြင်းကြောင့် အစိုးရမှ ဖွင့်လှစ်သည့် မူကြိုကျောင်းများကို မိဘများက ယုံကြည်ကင်းမဲ့မှု များလည်း ရှိနေကြသည်။ မူကြိုတွေကို အစိုးရသိပ်ပြီး ပံ့ပိုးတ မရှိဘူး။ ကလေးတွေပေါ် ထိန်းသိမ်း စောက်ရှောက်မှုပိုင်း ကလည်း အားနည်းတာပါ သလို၊ ဆရာမတွေကလည်း သင်တန်းပေး ထားတာ မရှိတော့ တကယ်လုပ်ဖို့ နေရာတွေက အများကြီး ကျန်ပါသေးတယ်။ အစိုးရရဲ့ မူဝါဒက ဘယ်လောက်ပဲ ကောင်းကောင်း ဒီဟာတွေကို ပြီးပြည့်စုံအောင် ဆောင်ရွက်ဖို့လိုပါတယ် ဟု ဦးသိန်းအောင် က ပြောသည်။
မြန်မာနိုင်ငံရှိ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု ၏ လွှမ်းခြုံမှုမှာ မြို့ပြတွင် (၃၉ ဒသ မ၁) ရာခိုင်နှုန်းရှိ သော်လည်း ကျေးလက်တွင် (၁၅ ဒသမ ၉) ရာခိုင်နှုန်း သာရှိသည့် အတွက် မြို့ပြနှင့် ကျေးလက် ဒေသအကြား ကွာဟချက်များပြား လျှက်ရှိကြောင်း ကမ္ဘာ့ ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
ရှေးဦး ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ အပေါ် ရင်းနှီးမြှုပ်နှံမှုသည် စီးပွားရေး အကျိုးအမြတ် ပြန်လည် ရရှိမှု ရလဒ်မြင့်မားပြီး၊ စီးပွားရေး မညီမျှမှု ကိုလည်း ပြန်လည် ကုစားပေးသည့် အတွက် အဆိုပါ လုပ်ငန်းသည် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံရာ၌ နိုင်င်ငံတော်အစိုးရအတွက် ငွေကြေးမြုပ်နှံသလောက် အကျိုးကျေးဇူး အများဆုံးသော နည်းလမ်းဖြစ် သော်လည်း မြန်မာနိုင်ငံသည် အဆိုပါ ကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှုမှာ အလွန်နည်းပါးနေသေးကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
လူမှုဝန်ထမ်းဦးစီး ဌာနသည် နိုင်ငံတော်ဘက်ဂျက် စုစုပေါင်း (၀ ဒသမ ၁၄ ) ရာခိုင်နှုန်း ရရှိသည့် အထဲမှ (၁၀) ရာခိုင်နှုန်းကို အဆိုပါ ကဏ္ဍ တွင် ထည့်သွင်း သုံးစွဲထားပြီး၊ ပညာရေးဝန်ကြီးဌာန၏ ယင်းကဏ္ဍ တွင် ထည့်ဝင် ရင်းနှီးမြုပ်နှံမှုမှာလည်း နည်းပါးလျှက်ရှိကြောင်း သိရသည်။ ကလေးများ ရဲ့ သက်ဆိုင်ရာ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ အစဉ်အလာများနဲ့ အညီကလေးသဘာဝ အသက်အရွယ် အပိုင်း အခြားလိုက် ဖွံ့ ဖြိုးမှု သဘာဝ များကို အခြေပြုပြီး၊ လေ့ကျင့် ပျိုးထောင်ပေးဖို့ အထူးလိုအပ်ပါတယ် ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်မြတ်မြတ်အုန်းခင် က ပြောသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန အနေဖြင့် ၀န်ကြီးဌာန၏ နှစ်စဉ် စုစုပေါင်း ဘက်ဂျက်၏ (၂၈) ရာခိုင်နှုန်းအား ရှေးဦးအရွယ် ကလေးသူငယ်ပြုစုရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများတွင် လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန စုစုပေါင်း ဘက်ဂျက်၏ (၁၂) ရာခိုင်နှုန်းကို မူကြိုနှင့် သူငယ်တန်းပညာရေးတွင် လည်းကောင်း သုံးစွဲရန် သတ်မှတ်ထားကြောင်း သိရသည်။ လက်ရှိတွင် ပညာရေးဝန်ကြီးဌာနမှ ချို့တဲ့နွမ်းပါးမှု အမြင့်ဆုံးမြို့နယ် (၄၀) ရှိ ကျောင်းမတတ်နိုင်သည့် ကလေးငယ်များကို ပညာသင် ထောက်ပံ့ကြေး ချီးမြှင့်ရေးစမ်းသပ် အစီအစဉ် လုပ်ဆောင် သွားမည်ဖြစ် ကြောင်း သိရသည်။
ကျွန်တော်တို့ တိုင်းပြည်ရဲ့ လူ့စွမ်းအား အရင်းအမြစ်များဖြစ်လာကြမယ့် သူများကို ၀န်ကြီးဌာန ပေါင်းစုံနဲ့ ပူးပေါင်း ရင်းနှီးမြုပ်နှံလျှက်ရှိပါတယ်။ အနာဂတ် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်မှု မတိုးတက်မှု ကလည်း ဒီလူရွယ်များပေါ် မူတည်နေမှာ ဖြစ်ပါတယ်ဟု ဒုတိယ သမ္မတက ဒေါက်တာစိုင်းမောက် ခမ်းက ကမ္ဘာ့ လူဦးရေနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် ပညာရေးကဏ္ဍ၌ နိမ့်ကျမှုများရှိနေ သောကြောင့် ပညာရေး ၀န်ကြီးဌာန အနေဖြင့် ပညာသင်ကြားရမည့် ကျောင်းသား၊ လူငယ်၊ ကလေး သူငယ်များအတွက် အမျိုးသားရေး မူဝါဒများချမှတ် ဆောင်ရွက်လုပ်ဆောင်နေသော် လည်း ထိရောက်မှု နည်းပါးနေသေးသည်။
မူကြိုကလေးတွေ အတွက် ပညာရေး ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတဲ့ အတွေးစဉ်းစားတဲ့ခါမှာ ပညာရေး ဥပဒေရေးဆွဲတဲ့ အခါမှာ သေချာ အလေးထား စဉ်းစားရပါတယ်။ မူကြိုဆိုတာ ကလည်း ကလေးတွေအတွက် တကယ်အရေးကြီးတဲ့ ကိစ္စတစ်ရပ် ဖြစ်နေလို့ပဲ။ ကျွန်တော်တို့ ဥပဒေပြုရေး မဏ္ဍိုင်ကလည်း ဒီကိစ္စကို အလေးထား ဆောင်ရွက်သွားမယ် ဟု ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီ အတွင်းရေးမှုး ဒေါက်တာမြဦးက ဆိုသည်။ လက်ရှိချိန်တွင် ပြည်ထောင်စု လွှတ်တော်မှ အမျိုးသားပညာရေး ဥပဒေကြမ်းကို အတည်ပြုခဲ့ပြီး၊ ပညာရေး နှင့်ပတ်သက်သော ဆင့်ပွားဥပဒေ များကို လွှတ်တော်နှင့် ပညာရေးဝန်ကြီးဌာနတို့မှ ဆက်လက် ပြဋ္ဌာန်းနိုင်ရန် ရေးဆွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ၂၀၁၂ ခုနှစ်က ကဏ္ဍ ပေါင်းစုံပါဝင် ရေးဆွဲထားသည့် မြန်မာနိုင်ငံ ရှေးဦး ကလေး သူငယ် ပြုစုစောက်ရှောက်ရေး နှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ မူဝါဒမှာလည်း ယခုချိန်တွင် ရေးဆွဲနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးမှု ဆိုင်ရာ ပင်မ အထောက်အကူပြု ဗဟိုဌာန၊ အဆောက်အအုံသစ်များကို ဆောက်လုပ်ရန်လည်း လိုအပ်လျှက်ရှိသည်။ နိုင်ငံတော်မှ ရှေးဦးအရွယ် ကလေး သူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ ဖြိုးရေးဆိုင်ရာများကို အရေအတွက် သာမက အရည်အသွေးပါ တိုးမြင့် ဖြည့်ဆည်းပေးနိုင်မှု အပေါ်တွင် မူတည် နေကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မိန့်ကြားထား သောကြောင့် သမ္မတ၏ ပြောကြားချက်များကို ပြည်ထောင်စု အစိုးရ ဖွဲ့မှ အကောင်အထည် ဖော်နိုင်မဖော်နိင် ဆိုသည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။

The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook