ပညာရဲရင့် ပွဲလယ်တင့် ကျောင်းနေပျော်၍ စာတော်စေ

ပညာ နရာနံ ရတနံ-ပညာသည် လူသား အားလုံး ၏ ရတနာစစ် ရတနာမှန်ဖြစ်သည်။ ပညာ သမာ အာဘာ နတ္ထိ-ပညာနှင့် တူသော အလင်းရောင် သည်မရှိဟု မြတ်ဗုဒ္ဓက ပညာ၏ အသုံးဝင် တန်ဖိုးကို ဟောဖော် ညွှန်းပြတော် မူခဲ့သည်။ ပညာရေး ဟူသော ဝေါဟာရကို အကျဉ်း သင်္ခေပ နည်းဖြင့် အဓိပ္ပာယ် ဖွင့်ဆိုပါလျှင် လူငယ်လူရွယ် တို့အား လူကြီးများ၏ နေရာတွင် ဆက်ခံနိုင်စေရန် လူမှု ပတ်ဝန်းကျင်နှင့် လိုအပ်သလို ညှိယူပြီး လူ့ဘောင် အဖွဲ့အစည်းတွင် တိကျစွာ ပါဝင်ဆောင်ရွက်နိုင် သူများဖြစ် လာစေရန် လူကြီးမိဘ ဆရာသမားများက လေ့ကျင့်သင်ကြား ပြုစုပျိုးထောင် ပေးခြင်းဟူ၍ အဓိပ္ပာယ် ရရှိသည်။

“သူမြတ်ပဏ္ဍိ၊ ပညာရှိနှင့်

မညှိမဆ၊ ပြုသမျှကား

မလှစီးပွား၊ ရေနစ်ဆားသို့

ပျက်ပြားတတ်စွာ၊ မချမ်းသာဘူး

သိမ်မွေ့နက်နဲ၊ ခက်ခဲရေးရာ

ရောက်သောခါ၌၊ ပညာရှိအား လိုလားကြ၏။

ရန်သူတွေ့ဆဲ၊ စစ်မြေပွဲဝယ်

ရဲရင့်သူကို၊ အလွန်လို၏

ငြိုငြင်ရေးရာ၊ တွေ့သောခါ၌

ပညာကဝိ၊ အလိုရှိ၏။

သိပ်မွေ့နက်နဲ၊ ခက်ခဲရေးရာ

ရောက်သောခါဝယ်၊ ပညာရှိအား

လိုကြငြား၏” ကျေးဇူးရှင် ကဝိအကျော်အမော် လယ်တီဆရာတော်ကြီးက ပညာ၏အသုံးဝင်တန်ဖိုးကို ဖော်ပြပါ အတိုင်း မဃဒေဝ လင်္ကာကျမ်းကြီးတွင် ဖွဲ့ဆိုထားသည်ကို တွေ့ရသည်။

ယနေ့ (၂၁) ရာစု၏စီးပွားရေးသည် “ပညာအခြေပြုစီးပွားရေး” (Knowledge Base Economy) ပင် ဖြစ်သည်။ ကုလသမဂ္ဂ၏ ထောင်စုနှစ်ရည်မှန်းချက်တစ်ခုဖြစ်သော “အားလုံးအတွက်ပညာရေး (Education for All) မူဝါဒနှင့်အတူ ပညာ၏အသုံးဝင်တန်ဖိုးကို အနှစ်ချုပ်ဖော်ပြရာ၌” ပညာရေးသည် ဆင်းရဲမွဲတေမှု (Poverty) ကိုတိုက်ဖျက်ရာတွင် ထိရောက်သောလက်နက်တစ်ခုဖြစ်ပြီး ပြည်သူလူထု ၏ဘဝရှင်သန်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခွင့်အလမ်းကောင်းကိုပေးပြီး ဘဝကိုကယ်တင်စောင့် ရှောက်နိုင်သောအရာဖြစ်သည်။ (Education is an effective weapon to Fight Poverty. It saves lives and gives people to chance to improve their lives) ဟုဖွင့်ဆိုထားသည်ကိုလည်း တွေ့ရ သည်။

ပညာဖွံ့ဖြိုးမှ စီးပွားရေး၊ လူမှုရေးတိုးတက်လာမည့် ခေတ်ဖြစ်သောကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးသည် ပညာဖွံ့ဖြိုးမှုဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုများ (Human Resource Development) ဖြစ်ပေါ်လာရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည်။ လွန်ခဲ့သည့် (၂၀) ရာစုခေတ်က နိုင်ငံတစ်နိုင်ငံ နှင့်တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို နှိုင်းယှဉ်တိုင်းတာ လေ့လာကြည့်မည်ဆိုပါက ကုန်သွယ် မှုရင်းတမ်း (Balance of Trade) ငွေပေးငွေယူရှင်းတမ်း (Balance of Payment) တို့ဖြင့် နှိုင်းယှဉ် ကြည့်ခဲ့ ကြသည်။ ယနေ့မျက်မှောက်ကာလတွင်မူ နိုင်ငံတကာပညာရည်နှိုင်းယှဉ်မှု (International Balance of Knowledge) တို့ဖြင့် တိုင်းတာသည့်ပညာခေတ် (Age of Knowledge) ဖြစ်လာသည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးမှုအနေအထားတိုးတက်မှုပုံရိပ်များကို ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းကြီးက “လူ့ အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုဆနှုန်းကိန်း (HDI=Human Development Index) ဖြင့်ချိန်ထိုး တိုင်းတာ ပါသည်။ “လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုဆနှုန်းကိန်း” ဆိုသည်မှာ အဘယ်အရာပါနည်း၊ လူ့အရင်း အမြစ်ဖွံ့ဖြိုးတိုးတက်မှု ဆနှုန်းကိန်းတွင်-

(၁) သက်ဆိုင်ရာနိုင်ငံရှိ နိုင်ငံသားတိုင်း၏ မျှော်မှန်းသက်တမ်း (Expectancy of Life a Brith)

(၂) သက်ကြီးစာတတ်မြောက်မှု အချိုးအစား (Adult Literacy Ratio)

(၃) မူလတန်း၊ အလယ်တန်း၊ အထက်တန်းပညာသင်ကြားမှု အချိုးအစား (Combined First, second and third level school enrolement ratio) နှင့်

(၄) ဝင်ငွေ (Income) တို့ပါဝင်ကြသည်။

မြန်မာ့ပညာရေး ဖွံ့ဖြိုမှုကြိုးပမ်းမှုလုပ်ငန်းစဉ်တွင် ယခုနှစ်ပညာသင်နှစ်မှစ၍ မူလတန်းသာမက အ လယ် တန်းအဆင့်ပါ အခမဲ့ပညာရေးစနစ်စတင် အကောင်အထည်ဖော်လာနိုင်ပြီဖြစ်၍ အတိုင်းမသိပီ တိဖြစ်ရ ပါသည်။ ကုလသမဂ္ဂ၏ ထောင်စုနှစ်ရည်မှန်းချက်များတွင် လာမည့် “၂၀၁၅ ခုနှစ်ကို နောက် ဆုံးထားရှိ၍ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ကလေးသူငယ်အားလုံး အခြေခံမူလတန်းပညာရေး သင်ယူတတ် မြောက်ထားပြီး ဖြစ်စေရန်” (Ensuring universal primary education for boys and girls by 2015) ဟူသော ရည်မှန်းချက် တစ်ရပ်ပါရှိသည်ကို တွေ့ရသည်။

ယနေ့မျက်မှောက်ကာလတွင် ကမ္ဘာ့ဒေသအလိုက် ပညာရေးအသုံးစရိတ် ထပ်မံလိုအပ်မှု တန်ဖိုးငွေ ပမာဏကို လေ့လာကြည့်ကြပါစို့၊

(၁) သက်ဆိုင်ရာနိုင်ငံရှိ နိုင်ငံသားတိုင်း၏ မျှော်မှန်းသက်တမ်း (Expectancy of Life a Brith)

(၂) သက်ကြီးစာတတ်မြောက်မှုအချိုးအစား (Adult Literacy Ratio)

(၃) မူလတန်း၊ အလယ်တန်း၊ အထက်တန်းပညာသင်ကြားမှု အချိုးအစား (Combined First, second and third level school enrolement ratio) နှင့်

(၄) ဝင်ငွေ (Inome) တို့ပါဝင်ကြသည်။

မြန်မာ့ပညာရေးဖွံ့ဖြိုးမှု ကြိုးပမ်းမှုလုပ်ငန်းစဉ်တွင် ယခုနှစ်ပညာသင်နှစ်မှစ၍ မူလတန်းသာမက အလယ် တန်းအဆင့်ပါ အခမဲ့ပညာရေးစနစ်စတင် အကောင်အထည်ဖော်လာနိုင်ပြီဖြစ်၍ အတိုင်းမသိ ပီတိဖြစ် ရပါသည်။ ကုလသမဂ္ဂ၏ ထောင်စုနှစ်ရည်မှန်းချက်များတွင် လာမည့် “၂၀၁၅ ခုနှစ်ကို နောက် ဆုံးထား ရှိ၍ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ကလေးသူငယ်အားလုံး အခြေခံမူလတန်းပညာကို သင်ယူတတ် မြောက် ထားပြီးဖြစ်စေရန်” (Ensuring universal primary education for boys and girls by 2015) ဟူသော ရည်မှန်းချက်တစ်ရပ် ပါရှိသည်ကို တွေ့ရသည်။

ယနေ့မျက်မှောက်ကာလတွင် ကမ္ဘာ့ဒေသအလိုက် ပညာရေးအသုံးစရိတ် ထပ်မံလိုအပ်မှုတန်ဖိုးငွေ ပမာဏကို လေ့လာကြည့်ကြပါစို့၊

(၁) ဆာဟာရနှင့် အာဖရိကဒေသ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ

(၂) တောင်အာရှဒေသ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ

(၃) အရှေ့အလယ်ပိုင်းဒေသနှင့် မြောက်အာဖရိကဒေသ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ

(၄) အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ၀ ဒသမ ၇ ဘီလီယံ

(၅) လက်တင်အမေရိကဒေသနှင့် ကရစ်ဘီယံဒေသ ၁ ဒသမ ၁ ဘီလီယံ

(၆) ဥရောပဒေသနှင့် အမေရိကဒေ ၇ ဘီလီယံ

ယနေ့လက်ရှိ ကမ္ဘာ့ပညာရေးနှစ်စဉ် အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ ၈၀ ဘီလီယံရှိနေသည်ဟု သိရသည်။ ထိုကုလသမဂ္ဂယူနီဆက်အဖွဲ့ကြီး၏ အစီရင်ခံစာမှာပင် ယနေ့ကမ္ဘာတစ်ဝန်းတွင် မူလတန်း အခြေခံပညာကိုပင် မသင်ကြားနိုင်ကြသည့် ကလေးဦးရေမှာ သန်း ၁၁၀ ရှိနေပြီး ထိုအရေအတွက်ထဲ မှ မိန်းကလေးဦးရေသန်း ၁၀၀ မှာ မူလတန်းပညာကိုပင် မသင်ကြားနိုင်သည်ကို ဝမ်းနည်းဖွယ်တွေ့ရှိ ရသည်။ ပညာရေး၌ ရင်းနှီးမြှုပ်နှံခြင်းသည်ုတိုင်းပြည်၏ပစ္စုပ္ပန်ရော အနာဂတ်ပါ ဖွံ့ဖြိုးတိုးတက်ရေးအ တွက် အထိရောက်ဆုံးသော ရင်းနှီးမြှုပ်နှံခြင်း ဖြစ်သည်။

ပညာရဲရင့်ပွဲလယ်တင့်စေရန် ကျောင်းနေပျော်၍စာတော်ရန်လိုအပ်ပါ၏။ တစ်ချိန်ကကျောင်းကောင်စီ ၏ဆောင်ပုဒ်ဖြစ်သည့် “မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်၊ မိမိအတန်းကို ကောင်းအောင်ကြိုး စားမည်၊ မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်၊ မိမိတိုင်းပြည်ကို ကောင်းအောင်ကြိုးစားမည်” ဟူသော ကတိသစ္စာ (၄) ချက်သည် လူတော်လူကောင်းဖြစ်ရန် ကိုယ်ကျင့်တရားကို အခြေခံဖော် ဆောင်ထားသည်ကို တွေ့ရှိရသည်။

လောက၌ လူတော်တွေကောင်းဖို့လိုသည်။ ထို့အတူ လူကောင်းတွေလည်း တော်ဖို့လိုသည်။ လူ ကောင်းတွေ မတော်ပါက လူ့လောက ဖွံ့ဖြိုးမှုနှောင့်နှေးနေလိမ့်မည်။ လူတော်တွေမကောင်းပါက လူ့ လောကကြီး ယိုယွင်းပျက်စီးဖို့သာ ရှိတော့သည်။

ပညာသည် ကုသိုလ် အလုပ်သာဖြစ်ပြီး အကုသိုလ် အလုပ် လုံးဝမဟုတ်ပါ။ အကုသိုလ်ကင်းလွတ်မှသာ ပညာဟုခေါ်ဆိုနိုင်သည်။ ထို့ကြောင့် အဋ္ဌကထာကျမ်းတွင် “ယံပရူပရောရေဟိတံ အကုသလဝတ္ထိတံ = တစ်ပါးသူကို ညှဉ်းဆဲနှိပ်စက်ခြင်း၊ အကုသိုလ်ကင်းခြင်းတို့နှင့်ပြည့်စုံမှသာ အသိပညာအတတ်ပညာ ကောင်းဖြစ်မည်” ဟု ဖွင့်ဆိုထားခြင်းဖြစ်သည်။ သာဓကအားဖြင့် ဆေးပညာမှ အလွန်မွန်မြတ်ပြီး အကုသိုလ်ကင်းသော အတတ်ပညာဖြစ်စေကာမူ ဆရာဝန်၊ ဆေးဆရာ၊ သမားတော်က စိတ်ထားမ ကောင်းပါက ထိုပညာသည် အချည်းအနှီးဖြစ်သွားတော့သည်။

သို့ဖြစ်၍ အနန္တကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓသခင်၏ မင်္ဂလသုတ္တန်တွင် “ဗဟုသစ္စဉ္စ သိပ္ပဉ္စ၊ ဝိနယောစ သုသိက္ခိတော-အကြားအမြင်အသိပညာများပြားခြင်း၊ အသိပညာ အတတ်ပညာတတ်မြောက်ခြင်း၊ ကိုယ်ကျင့်-သိက္ခာရှိခြင်း” တို့ကို တစ်ဆက်တစ်စပ်တည်း တွဲယှဉ်ဟောကြားတော်မူခဲ့ခြင်း ဖြစ်သည်။ အသိပညာရှင်၊ အတတ်ပညာရှင်တို့သည် မိမိတို့တတ်မြောက်ထားသော ပညာနှင့် ကိုယ်ကျင့်-စရဏ ကိုပေါင်းစပ်ဆောင်ရွက်ကြမှသာ တိုင်းပြည်နှင့်လူမျိုးအတွက် အားထားကြရမည့် အသိပညာရှင်၊ အတတ်ပညာရှင်ကောင်းများ ဖြစ်လာပေမည်။

မြန်မာစကားတစ်ခုတွင် “အစကောင်းမှအနှောင်းသေချာ” (Good beginning is Good ending) ဟူ၍ ရှိသည်။ ကျောင်းနေပျော်၍ စာတော်ရန်ကြိုးစားရန် လိုအပ်သလို ကိုယ်ကျင့်တရား (Ethics) ကောင်း မွန်ရေအတွက် ဆရာ၊ ဆရာမတို့က ပြည်သူ့နီတိ (Civi Duty) ကိုသင်ကြားပေးကြရမည်ဖြစ်သည်။ ပညာရေး၌ ပါရဂူဒေါက်တာဘွဲ့ (Ph.D) ရထားစေကာမူ မျိုးချစ်စိတ်ကင်းမဲ့နေလျှင်၊ ကိုယ်ကျင့်တရား၊ ယိုယွင်းပျက်ပြားနေလျှင် တော်သော်လည်းမကောင်း၍ အသုံးတည့်မည် မဟုတ်ပေ။

စာရေးသူငယ်စဉ် မူလတန်းပညာသင်ဘဝတွင် ဖြစ်ရပ်တစ်ခုကို ပြန်လည်အမှတ်ရနေမိသည်။ ထိုစဉ် ကစာရေးသူသည် သာယာဝတီခရိုင် စစ်ကွင်းမြို့နိဂြောဓာရုံ ဘုန်းတော်ကြီးကျောင်းတိုက်ရှိ အစိုးရမူ လတန်းကျောင်း၌ တတိယတန်းပညာသင်ကျောင်းသားဘဝက ဖြစ်ပါ၏။ ထိုဘုန်းတော်ကြီးကျောင်း တွင်ကျက်သရေခန်း၏ ခေါင်းရင်း၌ဆီးပင်ကြီးတစ်ပင်ရှိပြီး ထိုဆီးပင်ကြီးမှ ဆီးတော်သီးကြီးများကို တစ်ခါစားမိလိုက်သည်။ နောင်အခါခါစားချင်လောက်အောင် အရသာချိုမြိန်လှပါ၏။ ထိုစဉ်က ကျွန် တော်၏ဘိုးဘွားမိဘများမှာ ကျောင်းထိုင်ဆရာတော်၏ ပစ္စည်းလေးပါး ဒါယကာ၊ ဒါယိကာများဖြစ်ကြ ၍ကစားကျောင်းဆင်းချိန်တွင် ဘုန်းတော်ကြီးက ကျွန်တော့်ကိုခေါ်ခိုင်းပြီး ဆီးသီးများကို စွန့်လေ့ရှိပါ ၏။ ကျွန်တော်က ကစားဖော်၊ ကစားဖက်သူငယ်ချင်းများနှင့် ဝေစား၏။ ထိုသို့စားနေရပါသော်လည်း မ တင်းတိမ်နိုင်လောဘကတက်လာပြန်သည်။ သို့ရာတွင် ထိုဆီးတော်ပင်ကြီးမှ ဆီးသီးများကို ဆရာ တော်၏ ခွင့်ပြုချက်မရဘဲ မည်သူမျှခူးခွင့်မရှိပေ။

တစ်နေ့သောနေ့ခင်း ကစားကျောင်းဆင်းချိန်တွင် ကျွန်တော်တို့ငယ်သူငယ်ချင်း သုံးယောက်သည် ထိုဆီးပင်ကြီးမှ ဆီးသီးကိုခိုးယူစားရန် တီးတိုးတိုင်ပင်သဘောတူကြ၏။ ကျွန်တော်တို့ထဲတွင် အသက် အကြီးဆုံးဖြစ်ပြီး သစ်ပင်တက်တော်လှသော မောင်ဘကိုဆိုသူ ကပျာကယာနှင့်အချိန်တိုကလေးအ တွင်း ဆီးပင်ပေါ်တက်ပြီး လှုပ်ချလိုက်ရာ ဆီးသီး ၁၀၀ ကျော်လောက်တဖုတ်ဖုတ်ကြွေကျလာ၏။ ဆီး ပင်အောက်မှ အခြေအနေကြည့်ရင်း စောင့်နေသောကျွန်တော်နှင့် မောင်မောင်မြင့်ဆိုသူက ဆီးသီးများ တစ်လုံးမကျန်အောင် အမြန်ကောက်ယူ ပုဆိုးခါးပိုက်ထဲသို့ထည့်ကာ သုံးယောက်သားစုဝေပြီး ဝေပုံခွဲ ကြ၏။ ပြီးလျှင်မည်သူမျှမသိရအောင် ကျောင်းအောက်ဆုံးထပ်သို့ ခေါင်းငုံ့ဝင်ပြီး နေရာယူလိုက်ကြ၏။ ကျောင်းအောက်ဆိုသည်မှာ ကျွန်တော်တို့ တစ်ထိုင်သာသာအပေါ်၌ ကြမ်းပြင်ရှိပြီးအောက်၌ မြေသား ပြင်ရှိသည့် နေရာဖြစ်သည်။

ထိုစဉ်ခေါင်းပေါ်ရှိ ကြမ်းပြင်တွင်မိန်းကလေးများဖြစ်ကြသော မခင်စန်းမြင့်၊ မခင်ခင်၊ မလှကြည်၊ မသန်းအေး၊ မလှမြင့်၊ မသန်းသန်းတို့သည် ကြက်ဖခွပ်တမ်းကစားနေကြ၏။ ကျွန်တော်တို့သူငယ်ချင်း သုံးဦးမှာလည်း ခိုးခူးခဲ့ရသော ဆီးသီးများကိုစားရင်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ တခစ်ခစ်ရယ်ရင်း ပျော်နေကြပါ၏။

မကြာမီအတန်းပိုင်ဆရာကြီး ဦးအောင်လှက ကျွန်တော်တို့သုံးယောက်ကို ခေါ်နေကြောင်း ကျောင်း သားတစ်ယောက်က လာပြော၏။ ကျွန်တော်တို့သုံးဦးသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့် ကာ ထိတ်လန့်သွားကြ၏။ ဆီးသီးခိုးစားသည်ကို မြင်သွား၍သို့မဟုတ် တစ်ယောက်ယောက်က သွား တိုင်ကြား၍ ခေါ်သည်ဟုထင်မိ၏။ ရိုက်နှက်ဆုံးမရာတွင် အလွန်နာမည်ကြီးပြီး လက်သံပြောင်းလှ သောဆရာ့စားပွဲရှေ့သို့ ရောက်သွားသောအခါ ကျွန်တော်တို့သုံးယောက်စလုံး မျက်စိမျက်နှာပျက်နေ ကြ၏။

“ကဲ-မင်းတို့သုံးယောက်ကျောင်းအောက်ထဲဝင်ပြီး ကြမ်းပေါက်ကကောင်မလေးတွေ ကြက်ဖခွပ်တမ်း ကစားနေတာကို မင်းတို့ချောင်းကြည့်တယ်လို့ ခင်စန်းမြင့်လာတိုင်တယ်၊ ဟုတ်သလား မှန်မှန်ပြောကြ စမ်း၊ ငါ့ကြိမ်လုံးအကြောင်း မင်းတို့သိတယ်နော်”

“ဟုတ်-ဟုတ်ပါတယ် ဆရာကြီး”

ဘကိုက ကြောက်အားလန့်အားနှင့် မဟုတ်တရုတ်တွေပြောနေလေပြီ။

“မဟုတ်ပါဘူး ဆရာကြီး”

ကျွန်တော်က ဝင်ပြီးငြင်းလိုက်ပါ၏။

“မင်းမလိမ်နဲ့နော်၊ လိမ်ရင်ဒီကြိမ်နဲ့ ပိုအရိုက်ခံရမယ်ဆိုတာ သိတယ်မဟုတ်လား”

“ကဲ-မောင်မောင်မြင့်၊ မင်းက ဒီအထဲမှာ ဒုတိယအသက်အကြီးဆုံး၊ ဟိုမှာ အငယ်ဆုံးကောင်က ထပ်လိမ်နေပြန်ပြီ၊ ငါ့ကိုမှန်မှန်ပြောစမ်း”

“မဟုတ်ပါဘူး ဆရာကြီး၊ ကျွန်တော်တို့ မိန်းကလေးတွေကို ချောင်းမကြည့်ပါဘူး”

“ဒါဖြင့်ကျောင်းအောက်ထဲဝင်ပြီး ဘာလုပ်နေကြတာလဲ မှန်မှန်ပြောစမ်း” ဟုဆိုကာ စားပွဲပြင်ပေါ်သို့ ကြိမ်လုံးဖြင့် ဖြန်းခနဲမြည်အောင် ရိုက်ပြလိုက်ပြန်သည်။

ထိုအခါသူငယ်ချင်း မောင်မောင်မြင့်ခမျာမှာ ဘာပြန်ပြောရမှန်းမသိဘဲ အတန်ကြာအောင်ငြိမ်နေ သည်။ ထိုအခါဆရာကြီးမှာ မျက်နှာကြီးနီလာပြီး ဒေါသပိုဖြစ်ကာ-

“မင်းတို့သုံးယောက် တစ်ယောက်တစ်ပေါက် မဟုတ်တာလုပ်ချင်တဲ့ကောင်တွေ၊ ကဲဟိုဘက်လှည့်” ဟုဆိုကာ ကြိမ်လုံးကြီးနှင့် တအားလွှဲရိုက်မည်ပြုသောအခါ ကျွန်တော်က-

“ဆရာကြီး၊ ကျွန်တော်တို့ ကျောင်းအောက်ကနေပြီး မိန်းကလေးတွေကို ချောင်းကြည့်တာ လုံးဝမ ဟုတ်ပါဘူး။ ဘုန်းဘုန်းရဲ့ ဆီးပင်ကဆီးသီးတွေကို ခိုးခူးပြီးလူမမြင်အောင် ကျောင်းအောက်ထဲဝင်ပြီး ခိုးစားနေတာပါ ဆရာကြီး” ဟုဝန်ခံပြောလိုက်သည်။

ထိုအခါမှ အမှုမှန်ပေါ်သွားတော့ကာ ကျွန်တော်တို့သုံးဦးကို ဆီးသီးခိုးစားသော ပြစ်မှုဖြင့်ကြိမ်ဒဏ်သုံး ချက်စီ အပြစ်ခံခဲ့ရသည်။ ရှက်လိုက်သည့်ဖြစ်ခြင်း၊ ထိုမူလတန်းကျောင်းသားဘဝမှ ပေးလိုက်သော ဘဝသင်ခန်းစာတစ်ပုဒ်သည် အချိန်တန်အရွယ်ရောက်လူလားမြောက်ပြီး အရာထမ်းဘဝနှင့်အစပျိုးခဲ့ ရသော ကျွန်တော့်ဘဝ၏ အဂတိတရားများကို ကိုယ်ကျင့်စရဏဖြင့် အောင်မြင်စွာကျော်လွှားလွန် မြောက်နိုင်စေခဲ့ပါသည်။

ထို့ကြောင့် လူငယ်မောင်မယ်တို့သည် ပညာသင်ဘဝတွင် ပညာရဲရင့်ပွဲလယ်တင့်စေရန် ကျောင်းနေ ပျော်၍ စာတော်အောင်ကြိုးစားကြရပါမည်။ ထိုသို့ကြိုးစားရင်းက မိမိကိုယ်ကို ကောင်းအောင်ကြိုးစား ခြင်း၊ မိမိ၏အတန်းကို ကောင်းအောင်ကြိုးစားခြင်း၊ မိမိကျောင်းကို ကောင်းအောင်ကြိုးစားခြင်း၊ မိမိ တိုင်းပြည်နှင့် လူမျိုးကောင်းစားအောင်ကြိုးစားခြင်းတို့ဖြင့် အနာဂတ်တွင်နိုင်ငံတော်တည်ဆောက်သူ များ (Statesman) ဖြစ်လာကြပါစေကြောင်း ဆန္ဒပြုဆုတောင်းလိုက်ပါသည်။ ။


မြန်မာ့အလင်းသတင်းစာ
ဇူလိုင် (၁၈) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...