ခိုင်မာသော ဘ၀များကို တည်ဆောက်ခြင်း

လူတွေရဲ့ ပျော်ရွှင်မှု ဆိုသည်မှာ လွတ်လပ်မှု အပြည့်အ၀ မရသည့် တိုင်အောင် အနှောင်အဖွဲ့ ကင်းကင်းဖြင့် နေထိုင် လိုကြသည်။ ဖြစ်လာ သမျှသော လောကဓံများ အတွက်လည်း ကြံ့ကြံ့ခိုင် ခံနိုင်စွမ်းကို လိုချင်ကြသည်။ ဘ၀အတွက် အမာခံများကို လိုချင်ကြသည်။ ထိုသို့သော ဘ၀မျိုး များရရှိအောင် လုပ်ယူခြင်း ကိုပင် Resilience ဟု သတ်မှတ် ထားသည်။ တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ တစ်မိသားစု အလိုက်၊ အဖွဲ့အစည်းများ အလိုက် လုံခြုံမှုများ ရှိလာသည်နှင့်အမျှ၊ တိုင်းပြည် အတွက်လည်း လုံခြုံ စိတ်ချမှု ရှိလာသည်။ ဒေသအတွင်းလည်း တည်ငြိမ်အေးချမ်း မှုဖြစ်လာ စေပါသည်။ အချို့ဒေသများ တွင် ပြည်တွင်းစစ်ကြီး ဖြစ်ပွားသလို၊ အချို့သော ဒေသများတွင်လည်း အင်အားကြီးနိုင်ငံ ကြီးများ၏ လွှမ်းမိုး လိုမှုများလည်း ရှိလာတတ်သည်ကို တွေ့နေရသည်။ ထိုသို့သော အခြေအနေမျိုး ရှိနေမည် ဆိုပါက ဘ၀အတွက် မည်သို့မှ လုံခြုံမှုအပြည့်အ၀ ပေးနိုင်မည် မဟုတ်ပါ။ လူ့အသိုင်းအ၀ိုင်း အဖွဲ့အစည်း တွင် ဖွံ့ဖြိုးတိုးတက်မှုကို ပျော်ရွှင်ချမ်းမြေ့ မှုများဖြင့်သာ တည်ဆောက်နိုင်ကြသည်။ ရုပ်ဝတ်္ထုသည်ပင်လျှင် ပျော်ရွှင် ချမ်းမြေ့ခြင်းအတွက် အဖြည့်ခံတစ်ခုလိုဖြစ်လာသည်။ ပျော်ရွှင်ချမ်းမြေ့ ခြင်းကို ကြိုးကိုင်နေ သည်ကား ဘ၀အတွက် လုံခြုံမှုပင်ဖြစ်သည်။ လုံခြုံမှု မရှိသောဘ၀များတွင် ပျော်ရွှင်မှုဆိုသည်မှာလည်း မရှိနိုင်။ လုံခြုံမှုအတွက် တည်ဆောက်ရာတွင် ““စံ”” သတ်မှတ်မှုများ လိုလာပါသည်။ တန်ဖိုးထားမှုများ လည်း လိုလာပါသည်။ ထိုစံများ၊ တန်ဖိုးထားမှုများဖြင့် လူ့ဘ၀ကို တိုင်းတာခြင်းဖြစ်သည်။ လူ့အသိုင်း အ၀ိုင်းတွင် တည်ရှိနေသော အဖွဲ့အစည်းများသည် လူတို့အတွက် မည်မျှအထိ အကျိုးပြုနေသည်ကို ဆန်းစစ်ရန် လိုလာသည်။ မည်မျှအထိ လူတွေအတွက် အကျိုးပြုပေးနိုင် မည်ဆိုသည်ကိုလည်း လေ့လာရန် လိုအပ်လာသည်။ တိုင်းပြည်တစ်ပြည် တိုးတက်မှုအတွက်သည် ရုပ်ဝတ်္ထုကိုသာ အခြေခံ သော်လည်း တိုင်းပြည် တစ်ပြည်ဖွံ့ဖြိုးမှုဆိုသည်မှာ ရုပ်ဝတ်္ထုအတွက်သာ မဟုတ်တော့ဘဲ၊ စိတ်၏ ချမ်းသာခြင်း အကြောင်းတရားများပါ- ပါဝင် လာပါတော့သည်။ ရုပ်ကျန်းမာမှ စိတ်ချမ်းသာမည် ဆိုသော စကားအတွက်၊ စိတ်ချမ်းသာမှု ရှိနေစေရန် အတွက် မည်သည့် အရာများသည် တွန်းအားအဖြစ် တည်ရှိ သလို၊ မည် သည့်အရာများသည် အဟန့်အတားများ ဖြစ်သည်ဆိုသည့် အချက်ကပါ ဆန်းစစ်လာကြ သည်။ တစ်ဦးချင်း၊ တစ်ယောက်ချင်း အနေအထားမှ အခြေခံ စဉ်းစားသင့်သော အချက်များဖြစ် လာသည်။ ထိုသို့သောလိုအပ်ချက် များကို အစိုးရအနေဖြင့် ဖန်တီးတည်ဆောက်ပေးနိုင်စွမ်းရှိရမည်ဖြစ် သည်။ ရုပ်ဝတ်္ထုများတိုးတက်ခြင်းသည် Hardware များလောက်ကိုသာ ဖန်တီးနိုင်စွမ်းရှိသည်။ ထိုရုပ်ဝတ်္ထုပစ်္စည်းများအပေါ် မူတည်ပြီး လူတွေ မည်မျှအထိ အသုံးချလာသည်။ အဆင်ပြေလာသည်။ ကျေနပ်မှုရှိလာ သည်ဆိုသည်ကား Software များနှင့် သက်ဆိုင်လာသည်။ ဥပမာ- ကျောင်းဆောက် သည်၊ ဆေးရုံဆောက်သည် ဆိုသည့် ကိစ်္စရပ်များသည Hardware များသာဖြစ်သည်။ ထိုကျောင်းမှ အမှန်အကန် ပညာတတ်များ မွေးထုတ်ပေးနိုင်သည်။ ထိုဆေးရုံကြောင့် ကျန်းမာရေးအခြေအနေ မည်မျှ အထိ တိုးတက်လာသည် ဆိုသည်ကား၊ Software အပိုင်းနှင့် ပတ်သက်လာပါသည်။ အချို့နိုင်ငံများတွင် ရုပ်ဝတ္ထုများကြောင့် စိတ်ကျေနပ် မှုများလာသော်လည်း၊ အချို့သော အနည်းငယ်သောနိုင်ငံများတွင် ထို ရုပ်ဝတ္ထုများကြောင့်ပင် စိတ်ကျဉ်းကျပ်မှုများပင် ပေါ်လာသည့် အနေအထားမျိုးကိုပင် တွေ့နေရသည်။ ဆိုလိုသည်မှာ Hardware ရှိပြီး၊ Software မလုပ်နိုင်သောနိုင်ငံ အများတွေ့လာရသည်။ ထိုအခြေ အနေ မျိုးများကို ကုစားရန် ပထမဦးဆုံးဆန်းစစ်မှုလိုအပ်လာပါသည်။ အဓိကအချက်မှာ Provision of Social Services တကယ်ဖြစ်၊ မဖြစ်ကို ဆန်းစစ်ရန် လိုလာသည်။ မြန်မာစကားကတော့ ရှင်းသည်။ ရွှေကျောင်း ပြောင်ပြောင်၊ ၀မ်းခေါင်ခေါင် ဖြစ်နေသည့် ကိစ္စများကို ဆန်းစစ်ရန် လိုလာသည်။

ခိုင်မာသော ဘ၀များ ရရှိရန်အတွက် အခြေခံအချက်များနှင့်လည်း ပြည့်စုံရန် လိုပါသည်။ ထိုအခြေခံ အချက်များတွင်- ပညာရေး၊ ကျန်းမာရေး (အဓိကမှာ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဖြစ်သည်။) ရေကောင်းရေသန့် ရရှိရေး၊ အမှိုက်သရိုက်များ စနစ်တကျထား ရှိရေး၊ ပြည်သူတို့၏ ဘ၀ လုံခြုံရေး တို့ပင်ဖြစ်သည်။ ထိုအချက်များသည် လိုချင်သောအချက်များ မဟုတ်ပါ။ လိုအပ်ချက်များ သာဖြစ် သည်။ အစိုး ရအနေဖြင့် မဖြစ်မနေ ပြုလုပ်ပေးရမည့်အချက်များဖြစ်သည်။ ထိုအချက်များကို မဖြည့်ဆည်း ပေးနိုင်ပါလျှင် ပြည်သူတို့အတွက် ခိုင်မာသောဘ၀များ၊ အာမခံရှိသော ဘ၀များကိုလည်း အစိုးရအနေဖြင့် ပေးစွမ်းနိုင်လိမ့် မည်မထင်ပါ။ ခိုင်မာသောဘ၀များအတွက် အခြေခံအုတ်မြစ်များလည်း ဖြစ်သည်။ တရုတ်၊ ရ၀မ်ဒါ၊ ဗီယက်နမ်တို့အနေဖြင့် ဆယ်စုနှစ်တစ်ခုအတွင်း ထိုလိုအပ်ချက်များကို အရှိန်အဟုန်ဖြင့် တည်ဆောက်နိုင်ခဲ့သော ကြောင့်လည်း တိုးတက်ဖွံ့ဖြိုးမှု အခြေခံကောင်းများ ရှိလာခဲ့ခြင်းလည်းဖြစ် သည်။

နိုင်ငံတစ်နိုင်ငံအတွက် ဖွံ့ဖြိုးမှု လမ်းကြောင်းများကို ခရီးနှင်ရာတွင် ကြိုက်ရာလမ်းကို ရွေးနိုင်သော်လည်း ကိုယ်ရွေးချယ်လိုက်သည့် လမ်းကြောင်းသည် နိုင်ငံအတွက် ရလဒ်ကောင်းကိုတော့ ဖြစ်စေရပါမည်။ အထူးသဖြင့် ပညာရေးကဏ္ဍဖြစ်သည်။ တိုင်းပြည် တိုးတက်ဖွံ့ဖြိုးမှု အတွက်တော့ ပညာရေးသည် အရေးကြီးသည်။ ထို့အပြင် တိုင်းပြည်တစ် ပြည်တွင် ကျင့်သုံးသော ပညာရေး အဆင့်အတန်း ပေါ်မူတည် ပြီး ဆင်းရဲ၊ ချမ်းသာ ကွာဟမှုများ နည်းလာတတ်ပါသည်။ အကြောင်းမှာ ပညာရေးကို ရေရှည် ရင်းနှီး မြှုပ်နှံမှုဖြစ်သည်။ ချက်ချင်းလက်ငင်း အကျိုးကျေးဇူးလည်း မမြင်ရသော အခြေအနေ ရှိသော်လည်း မဖြစ် မနေ တိတိကျကျ လုပ်ဆောင်ပေးရမည့် အရာလည်းဖြစ်သည်။ အထူးသဖြင့်တော့ ပညာရေးသည် အနည်းဆုံးတော့ လူမှုရေး မတည်ငြိမ်သော သဘော၊ လူမှုရေးက မောက်ကမ Social Stigma ဖြစ်ရပ် များကိုတော့ နည်းပါးစေသည်။ ထိုအလုပ်မျိုးကိုလည်း ချမ်းသြာ ကွယ်ဝသောနိုင်ငံကြီးများသာ လုပ်နိုင်ကြ သည်ဟူသော အတွေးမှားမျိုးများလည်းရှိတတ်သည်။ အမှန်အားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများက ပိုလုပ်သင့်သော အလုပ်မျိုးဖြစ်သည်။ အကြောင်းမှာ လူမှုရေးမတည်ငြိမ်မှု၊ နိုင်ငရေးမတည်ငြိမ်မှု၊ စီးပွားရေးမတည်ငြိမ်မှု များသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဖြစ်များသောကြောင့် ဖြစ်သည်။ ထို့ကြောင့်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများ တွင် Social Protection ပိုလိုလာခြင်း ဖြစ်သည်။ ပညာရေးကို အမှန်တကယ် အသုံးပြုမည် ဆိုပါလျှင် လည်း လိုအပ်သော ပြန်ရချက်သည် အတော်ကောင်းသော ပြန်ရချက်ဖြစ်တတ်ပါသည်။ ဥပမာအားဖြင့်- တောင်အာဖရိက ကလေးကူညီထောက်ပံ့မှု ဂရန့် (South Africa's Child Support Grant) သည် ၂၀၀၈- ၂၀၀၉ ခုနှစ်တွင် ဂျီဒီပီ၏ (၀.၇%) ကိုသာ သုံးစွဲသည်။ ထိထိရောက်ရောက် မှန်မှန်ကန်ကန် လည်း သုံးစွဲခဲ့သည်။ သို့သော်လည်း ကလေးသူငယ်များနှင့် ဆိုင်သော ဆင်းရဲမွဲတေမှုကို ၄၃% မှ ၃၄% သို့ လျော့ကျစေခဲ့သည်။ ဘရာဇီးလ် နိုင်ငံတွင်လည်း ဂျီဒီပီ၏ ၀.၃%လောက်သာ Bolsa Family Program တွင် အသုံးပြုခဲ့သော်လည်း ထိထိရောက်ရောက် သုံးစွဲခဲ့သောကြောင့် ဆင်းရဲချမ်းသာ ကွာဟ ချက်များကို ၂၀% အထိ လျှော့ချနိုင်ခဲ့သော သာဓက များရှိခဲ့သည်။ အရှေ့အာရှနိုင်ငံများ တိုးတက်ရသော အကြောင်း ရင်းများတွင် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ကောင်းမွန်ခြင်း၊ ပညာရေး အဆင့်မြင့်ခြင်း၊ လုပ်ငန်းများတွင် စိတ်ချစွာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်သောကြောင့်သာ လူမှုစီးပွားရေး လုပ်ငန်းများ အောင် မြင်ဖြစ်ထွန်းသည်ကို တွေ့ရသည်။ ထိုအရှေ့အာရှနိုင်ငံများသည် နိုင်ငံ တစ်နိုင်ငံနှင့် တစ်နိုင်ငံ လုပ်နည်းလုပ်ဟန် ကွာခြားမည် ဖြစ်သော်လည်း နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ အနေဖြင့် ဦးဆောင် ကဏ္ဍအနေဖြင့် လုပ်ကိုင်ကြသည်။ ထိုသို့လုပ်ကိုင် ဆောင်ရွက်ရာတွင် အလုပ် လက်မဲ့ အာမခံထားပေးခြင်း (unemployment insurance)၊ ပင်စင်စားများဘ၀ ဖူလုံစေခြင်း၊ လုပ်သား ဈေးကွက်နှင့် ပတ်သက်ပြီး တိကျသောစည်းမျဉ်း စည်းကမ်းများ ထားရှိပေးခြင်း၊ လူနေမှုဘ၀ ဖူလုံရေး အတွက် အစိုးရအ နေဖြင့် တိုင်းပြည်ကို အာမခံနိုင်ခြင်းတို့ ရှိရမည်ဖြစ်သည်။ ထိုမျှသာမဟုတ် သေးဘဲ လိုအပ်ပါက အိမ်ထောင်စုများ အနေဖြင့် စားဝတ်နေရေး မဖူလုံမှုကြောင့် ကိုယ်ပိုင်ပစ်္စည်းများ ရောင်းချ ပေါင်နှံစားသောက်ခြင်း ဒုက်္ခမှ လည်းကင်းဝေးစေရန် လုပ်ဆောင်ပေး ရမည်ဖြစ်သည်။ ပညာရေးနှင့် ပတ်သက် လာလျှင်လည်း ကျောင်းနေသင့်သူများ ကျောင်းနေနိုင်ရန် စီစဉ်ခြင်း၊ တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်း အကြောင်း အမျိုးမျိုးကြောင့် ကျောင်းထွက်သွား ရခြင်း စသည့် အဖြစ်မျိုးများလည်း နည်းစေရန် ပြုလုပ်ပေးရမည်ဖြစ်သည်။ ကျန်းမာရေးအရလည်း ဆေးကုသ ခြင်းကို အကြောင်းအမျိုးမျိုး ဖြစ်မသွားစေရန် စီမံဆောင်ရွက်နိုင်ရမည် ဖြစ်သည်။


ဒေါက်တာမောင်မောင်စိုး (ဘောဂဗေဓ)
JOB Seeker Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...