ခြံစည်ရိုး ဘယ်လို ကာမလဲ..

တစ်ခါက မြို့ပေါ် ရပ်ကွက် တစ်ခုမှာ ငွေကြေး ချောင်လည်တဲ့ မိသား တစ်စုနဲ့ ဆင်းရဲနွမ်းပါးတဲ့ လက်လုပ်လက်စား မိသားတစ်စု ခြံချင်းကပ်လျက် နေကြတယ်။ ခြံစည်းရိုးက မရှိတော့ လက်လုပ် လက်စား မိသားစုက မိုးတွင်းကြီး ခြံထဲ ရေ၀င်နေ ပေမယ့် ခြံစည်းရိုးနေရာကို သတ်မှတ်ပြီး မဒမ တိုင်တွေ စိုက်၊ ၀ါးတွေ သွပ်ပြား အဟောင်း တွေနဲ့ ခြံစည်းရိုး ခတ်လိုက်တာ တစ်ရက်အတွင်း ပြီးသွား ပါတယ်။ ငွေကြေး ချောင်လည်တဲ့ မိသားစု ကတော့ ပန်းရံဆရာခေါ်ပြီး အာရ်စီ ကွန်ကရစ် တိုင်နဲ့ အုတ်နဲ့ ခြံစည်းရိုး အကျအနခတ်ဖို့ လုပ်ပါတယ်။ ခြံတိုင်တွေအတွက် သံချောင်း တွေထောင်ပြီး ကွန်ကရစ်လောင်းဖို့ ခြံဝင်းထဲ ၀င်နေတဲ့ ရေတွေကို ရေစုပ်စက်နဲ့ စုပ်ထုတ်ပါတယ်။ နေ့တစ်ဝက်လောက် လည်း စုပ်ထုတ်ပြီး ရောမိုးကြီးရွာပါလေရော၊ ရေတွေ ပြန်ပြည့်သွားတော့ ကွန်ကရစ်လောင်းလို့ မရ တော့ဘူး။ နောက်တစ်နေ့မှာ ပိုပြီး အားကောင်းတဲ့ ရေစုပ်စက်နဲ့ ရေတွေကို စုပ်ထုတ်ပြန်ပါတယ်။ တစ် ရပ်ကွက်လုံးက ရေတွေကို စုပ်သလို ဖြစ်နေတော့ စုပ်လို့ မပြီးနိုင်ဘူး။ အဲဒီမှာ အလုပ်သမား အင်အားနဲ့ ရွှံ့မြေကို လယ်ကန်သင်းလို တစ်ကန့်စီ ဖို့ပြီး ရေစုပ်ထုတ်ပြန်ပါတယ်။ တစ်ကန့်ပြီးဖို့ အတော် ကြာတယ်။ ရွှံ့ကန်သင်းက ရေလုံအောင်လည်း အတော်လုပ်ရတယ်။ ရေစုပ်နေရင်း ရွှံ့တွေ ပြိုကျလို့ ပြန်ပြီးဖို့၊ အစက ပြန်စ၊ ရေယိုနေတဲ့နေရာတွေ ရှာပြီးပိတ်၊ လုပ်နေတုန်း မိုးက ခါတိုင်းထက် သည်းသည်း အကြာကြီး ရွာ လိုက်တာ ဖို့ထားတဲ့ ကန်သင်းကို ရေတွေ ကျော်လာပြန်လို့ သုံးလေးရက်လောက် ကြိုးစား ပြီးတော့မှ ဒုံရင်းအတိုင်း ပြန်ဖြစ်သွားတယ်။ ပန်းရံဆရာလည်း လက်လျှော့ပြီး မိုးကုန်မှ ကွန်ကရစ် လောင်းဖို့ အိမ်ရှင် မိသားစုကို ပြောပါတယ်။

ဒီဖြစ်စဉ်မှာ မိုးတွင်း ရေများတဲ့အချိန်၊ အချိန်မရွေး မိုးသည်းထန် နိုင်တဲ့ အချိန်မှာ လက်ရှိ မျက်မြင်တွေ့ နေရတဲ့ ရေကို သာမက မိုးအ သည်းအထန်ရွာလို့ အများကြီး ထပ်ပြီးတိုးလာနိုင်တဲ့ ရေတွေကို ဘယ်လို ထိန်းသိမ်းမလဲဆိုတာ အစီအစဉ် အရင်မလုပ်ဘဲ လက်ရှိ မျက်မြင်တွေ့နေ ရတဲ့ ရေကို စုပ်ထုတ်လိုက်၊ မိုးအသည်းအထန်ရွာလို့ ရေတွေ အများကြီး ထပ်တိုးလာတော့မှ တစ်ခြံလုံးပတ်လည်အတွက် ကြိုတင် စီစဉ် ထားတာ မရှိဘဲ ကဘောက်တိ ကဘောက်ချာ ဟိုတစ်ကွက်သည်တစ်ကွက် ရေကို အကန့်လိုက် ထိန်းဖို့ ကြိုးစားနေလို့ကတော့ အောင်မြင်မှုမရနိုင်ဘူးဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ လက်လုပ်လက်စား မိသားစု ခြံစည်းရိုးခတ်သလို မဒမတိုင်နဲ့ ၀ါးနဲ့ သွပ်ပြားအဟောင်းနဲ့ ခတ်လိုက်မယ် ဆိုရင်တော့ ခြံထဲဝင်နေတဲ့ ရေကို စုပ်ထုတ်စရာ မလိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ခြံစည်းရိုး ကတော့ ကွန်ကရစ်တိုင်နဲ့ အုတ်နဲ့ သံ ချောင်းနဲ့ အခိုင်အမာ နံရံတံတိုင်း မဖြစ်နိုင်ဘဲ တစ်နှစ်တစ်ခါ၊ နှစ်နှစ် တစ်ခါ ဆိုသလို ဆွေးမြည့်ပျက်စီးတဲ့အခါတိုင်း ပြန်ပြင်ရမယ့် သာမန် ခြံစည်းရိုးကိုသာ ရမှာဖြစ် ပါတယ်။

အလုပ်ရဖို့နဲ့ အလုပ်ထဲမှာ အောင်မြင်တိုးတက်ဖို့ ကြိုးစားတဲ့အခါ မှာလည်း ကိုယ့်ရဲ့ အားနည်းချက်တွေ၊ မရှိသေးတဲ့ အသိပညာ အတတ် ပညာ ကျွမ်းကျင်မှုတွေကို ဖြည့်ဆည်းတာမျိုး၊ ဖြေရှင်းတာမျိုး၊ ကျော်လွှား နိုင်ဖို့ လုပ်တာမျိုး မရှိဘဲ လက်ရှိအနေအထားနဲ့ဘဲ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ လက်ငင်း ပြေလည် သွားလောက်ရုံ လုပ်လို့ ရပါတယ်။ လက်လုပ်လက်စား ခြံစည်းရိုး ကာနည်းမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ အထက်တန်းကျ ခန့်ညားထည်ဝါပြီး ခိုင်မာတဲ့ ဘ၀မျိုး၊ အိုစာမင်းစာ အတွက်နဲ့ နာမကျန်းဖြစ်တဲ့အခါ ဆေးဖိုး ၀ါးခအတွက် မပူပင်ရဘဲ လုံခြုံ စိတ်ချရတဲ့ အနာဂတ်မျိုးတော့ ဖြစ်မှာ မဟုတ်ပါဘူး။

အထက်တန်းကျခန့်ညားထည်ဝါပြီးခိုင်မာတဲ့ဘ၀မျိုး၊ အိုစာမင်းစာ အတွက်နဲ့ နာမကျန်းဖြစ်တဲ့အခါ ဆေးဖိုး ၀ါးခအတွက် မပူပင်ရဘဲ လုံခြုံ စိတ်ချရတဲ့ အနာဂတ်မျိုး တည်ဆောက်ချင်တယ်ဆိုရင်တော့ ငွေကြေး ချောင်လည်တဲ့ မိသားစု ခြံစည်းရိုးကာသလို လုပ်စရာတွေများမှာဖြစ်ပါ တယ်။ရေတွေကိုလည်း စုပ်ထုတ် ရမယ်၊ စုပ်ထုတ်ပြီးသားရေတွေ ပြန်မ၀င် အောင်လည်း လုပ်ရမယ်၊ မိုးတွင်းကြီး ထပ်ရွာမယ့် မိုးရေတွေ ကိုလည်း ထိန်းသိမ်းနိုင်အောင် စီစဉ်ရမယ်၊ တစ်ရပ်ကွက်လုံးက ရေတွေကို စုပ်ထုတ် သလိုမျိုး မဖြစ်အောင်လည်း ကြံစည်ရမယ်၊ အဲဒါတွေ မလုပ်ချင်ဘူးဆိုရင် မိုးကုန်ပြီး ရေတွေ ကျသွားတဲ့အထိ စိတ်ရှည်ရှည်နဲ့ စောင့်ရမယ်။ အာရ်စီ လောင်းဖို့ ဘိလပ်မြေတွေ၊ သံချောင်းတွေ၊ အုတ်တွေလည်း လိုမယ်။ ပန်းရံဆရာလည်း လိုမယ်။ အလုပ်သမားတွေလည်း လိုမယ်။ ခြံကို အုတ် တံတိုင်းခတ်ဖို့ စည်ပင် ဆီက ခွင့်ပြုချက်တောင် လိုသေးတယ်။ လိုအပ် ချက်တွေ များပြီး ကုန်ကျစရိတ်လည်း များသလို ခြံစည်းရိုးကလည်း အုတ်တံတိုင်း အကျအန ခိုင်ခိုင်ခန့်ခန့် ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် လူငယ်တွေအနေနဲ့ အလုပ်ရဖို့နဲ့ အလုပ်ထဲမှာ အောင် မြင်တိုးတက်ဖို့ ကြိုးစားတဲ့အခါမှာ လက်လုပ် လက်စား မိသားစု ခြံစည်းရိုး ကာသလို လုပ်မှာလား၊ ငွေကြေးချောင်လည်တဲ့ မိသားစု အုတ် တံတိုင်း ခတ်သလို လုပ်မှာလား၊ အခုလက်ငင်း ခြံစည်းရိုးကို အဖြစ်ပဲ ကာရံထား ပြီး နောက်မှ အုတ် တံတိုင်း အကျအန ခတ်မှာလား စဉ်းစားဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အခု ခြံစည်းရိုးကို အဖြစ်ပဲ ကာရံ ထားပြီး နောက်မှ အုတ် တံတိုင်းခတ်မယ်လို့ စဉ်းစားထားရင်လည်း တကယ် အုတ်တံတိုင်းခတ် ဖြစ်အောင်၊ မိုးမကုန်သေးလို့ ရေတွေ ၀င်နေလို့ အချိန်စောင့်တာမျိုးက လွဲလို့ နေ့ရွှေ့ညရွှေ့ မလုပ်ဘဲ အခွင့်သာတာနဲ့ တစ်ပြိုင်နက် အုတ်တံတိုင်း ဖြစ်လာအောင် ထကြိုးစားနိုင်ဖို့ အမြဲတမ်း အသင့် အနေ အထား ရှိရမှာ ဖြစ်ပါတယ်။


ဆရာသုတ
JOB Seeker Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...