စာတတ်လည်း ဝါးတစ်ရာ၊ စာမတတ်လည်း ဝါးတစ်ရာ
Written by အငြိမ်းစား ကျောင်းဆရာတစ်ဦး |
ဇီးတောရွာမှာ ခေတ္တနားတုန်းက မူလတန်းကျောင်းအုပ်ကြီးက သူ့စုတ်ပြတ်တဲ့တဲ ပြတင်းပေါက်ကို ဖွင့်ပြီး “ဆရာလေး ကြည့်စမ်း ဟိုမှာ ငှက်ပျောဖီးတွေ၊ သင်္ဘောသီးတွေနဲ့ လာနေတာကို မြင်သလား” တဲ့။ ကျွန်တော်က လည်း ဆရာကြီးအိမ်ဘက်ကို ဦးတည်လာနေတာဆိုတော့ “ဆရာကြီးကို လာကန်တော့ တာနဲ့တူတယ်။ စားရ ချည်သေးပေါ့” လို့ ပြောလိုက်တော့ ဆရာကြီးက ရယ်ပြီး “ကြည့်လိုက်လေ” တဲ့။
ငှက်ပျောဖီး၊ သင်္ဘောသီးတွေယူလာတဲ့ အမျိုးသား၊ အမျိုးသမီးနှစ်ယောက်ဟာ ဆရာကြီးအိမ်ရှေ့ကို ရောက် ပေမယ့် မဝင်ဘဲ၊ ရှေ့ဆက်လျှောက်သွားတယ်။ သူတို့က ဆရာကြီးအိမ်ခေါင်းရင်းမှာ ရှိတဲ့ ကျန်းမာရေး ဆရာမလေးအိမ်ကို ဝင်သွားပြီး ဆရာမလေးကို ပြုံးရွှင်စွာ နှုတ်ဆက်ကာ လက်ဆောင်တွေ ပေးနေတာ တွေ့ရပါ တယ်။ ရွာတွေမှာ မြေဖြူကိုင်တဲ့သူတွေထက်၊ ဆေးထိုးအပ်ကိုင်တဲ့သူတွေက ပိုပြီး တန်ခိုးရှိတယ်။ ကျောင်းကို ရှောင်ပြီး တောထဲသွားလို့ရတယ်။ တောထဲမှာ ငှက်ဖျားဖြစ်လာရင် ဆေးထိုးနိုင်တဲ့သူတွေနဲ့ ကင်းနိုင်တာမှ မဟုတ်တာ။ ဒါကြောင့် ကျောင်းဆရာတွေထက် ဆေးထိုးအပ်ကိုင် တဲ့ ဆရာတွေက ပိုပြီး လေးစားကြည်ညို ခံရတယ်။ အပ်ပုန်းလို့ခေါ်တဲ့ ဒေါက်တာရမ်းကုတွေတောင် ကျောင်းဆရာတွေထက် ချမ်းသာပြီး စားနိုင် သောက် နိုင်ကြတယ်။
တောနယ်တွေ (အထူးသဖြင့် မြို့ပြနဲ့ဝေးကွာ ခေါင်တဲ့ဒေသတွေမှာ) နှစ်ပေါင်းများစွာ၊ ကျန်းမာရေးနဲ့ ပညာရေး ဆိုတာ အမေ့ခံတွေဖြစ်ခဲ့ရတော့ သားဖွားဆရာမလေးတစ်ယောက်ထဲကလည်း တိုက်နယ် တစ်နယ်လုံးကို ဆရာဝန်တစ်ယောက်လို လှည့်လည်ပြုစုပေးနေရင်းကနေ တကယ့်ဝါရင့် သမားတော်ကြီး တစ်ယောက်လို ကျွမ်းကျင် လာတာတွေရှိတယ်။ လူတစ်ယောက် မကျန်းမာရင် မြို့ကို မိုင် ၃၀ ကျော် လောက် ဘာနဲ့ သယ်သွားရမှန်းမသိတဲ့ ပြဿနာတွေကို ဆရာမလေးတွေက အပ်တစ်ချောင်း၊ ဆေး တစ်ကတ်နဲ့ ဖြေရှင်းပေးလိုက်လို့ အသက်ဆက်နေရတဲ့ သူတွေ အများကြီးဆိုတော့ ကျေးလက်ဒေသ တွေမှာ ကျန်းမာရေးဝန်ထမ်းတွေကို အားကိုးနေနိုင်တာကိုပဲ ကျေးဇူးတင်မိသေးတယ်။
ကျွန်တော်ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ရိုးမတောင်ခြေနားက ရွာလေးမှာ အလယ်တန်း အဆင့် အထိ ကျောင်းကိုဖွင့်ထားပေးပေမယ့် အဲဒီကျောင်းကနေ မြို့တက်ပြီး ဘွဲ့ရပညာတတ် ဖြစ်သွား တယ်ဆိုတဲ့ ဦးရေဟာ ယနေ့အထိ လက်ဆယ်ချောင်းတောင်မပြည့်သေးဘူး။ စာတတ်လည်း ဝါးတစ်ရာ၊ စာမတတ်လည်း ဝါးတစ်ရာဆိုတာ ကျွန်တော်တို့ရွာရဲ့ဆောင်ပုဒ်။ ဘာပြောပြော အရွယ်ရောက်လာရင် ဓားမတစ်ချောင်းနဲ့ ရိက္ခာ ထုပ်တစ်ထုပ်သာပေးလိုက်၊ တစ်နေ့ ဝါးတစ်ရာလောက်တော့ ခုတ်နိုင်တာပဲ ဆိုတဲ့ အစွဲတွေရှိကြတယ်။ သူတို့ ဒေသတွေမှာက ဝါးခုတ်မှ မိသားစုဘဝရပ်တည်နိုင်တာဆိုတော့ ဓားမတစ်ချောင်း ကိုင်နိုင်တဲ့အရွယ်ဆိုရင် ကျောင်းထွက်သွားကြတာများတယ်။
တောသူတောင်သားဘဝဟာ ငှက်ဖျားဖြစ်တာ ခြင်ကြောင့်၊ ခြင်မကိုက်အောင် ခြင်ထောင်နဲ့ အိပ်ရမယ် ဆိုတဲ့ ပညာပေးအသိတွေ ရှိပေမယ့် ခြင်ထောင်နဲ့ အိပ်ရတာ မွမ်းတယ်ဆိုပြီး ဘယ်သူမှ ခြင်ထောင်နဲ့ မအိပ်ကြဘူး။ ဒါကြောင့် ငှက်ဖျားဖြစ်ကာမှဖြစ်ရော ကျောင်းထွက်ပြီးတောတက်၊ ဖျားပြီးပြန်လာ ဖြစ်သလိုကုစား၊ နောက်ဆုံး သေလမ်းကို ရွေးသွားကြတာတွေ အများကြီးပဲ။
ရွာတွေမှာ ကျောင်းတွေက လွတ်လပ်ရေးမရမီကတည်းက ဆောက်ထားခဲ့တဲ့ ကျောင်းတွေက များတယ်။ ဒါကြောင့် ကျွန်း၊ ပျဉ်းကဒိုးတွေနဲ့ဆောက်တဲ့ကျောင်းတွေဆိုရင် ခံပေမယ့်၊ သစ်ရိုင်းအင်၊ ကညင်တွေနဲ့ ဆောက်တဲ့ ကျောင်းတွေက တက်လို့တောင်မရတော့ဘူး။ ဒါပေမဲ့ တောသူတောင်သားဆိုတာ စပါးပေါ်၊ ပဲပေါ်ရင် ဘုန်းကြီးကျောင်းကိုပဲ တစ်ဆောင်ပြီးတစ်ဆောင်ဆောက်၊ ဘုရားကိုပဲ ရွှေအထပ်ထပ် ချချင်ချ မယ်၊ ကျောင်းက တောင်ထန်းမိုးကို ဘယ်သူမှ သွပ်မိုးဖြစ်အောင် လာလုပ်ချင်ကြတာ မဟုတ်ပါဘူး။
ဆိုလိုချင်တာက ရွာတွေမှာ ပညာတတ်မှဆိုတဲ့ အသိတရားတွေ နည်းနေသေးတယ်။ ပညာတတ်လည်း ကျောင်း ဆရာလောက်ကိုပဲ အများဆုံးမြင်ဖူးတာဆိုတော့ သိပ်ပြီး အထင်ကြီးတဲ့ စိတ်လည်း မရှိကြပါဘူး။ ပညာသင်ဖို့ ထက် လက်ရှိ စားဝတ်နေရေးပြဿနာက လူတိုင်းမှာ အရေးကြီးနေတော့ နေရေးနဲ့ သေရေး ကိုပဲ အလေးထားပြီး ဖြေရှင်းနေကြရတာများတယ်။
ပညာတတ်တဲ့ဆရာတွေတောင် ကျွန်တော်တို့ရွာကို ရောက်လာရင် စားဝတ်နေရေး အဆင်မပြေလို့ တပည့်တွေနဲ့ တောထဲလိုက်ပြီး ဝါးခုတ်နေကြရတာရှိတယ်။ တောသား ဓားတစ်ချက်က ဝါးတစ်လုံးကို တစ်ပိုင်းတည်းနဲ့ တိခနဲပြတ်ရတယ်။ ဝါးတစ်လုံးကို ဓားနှစ်ချက်ပိုင်းလေ့မရှိဘူး။ ကျောင်းဆရာလက်က ဖြေဖြူလောက်ပဲ ကိုင်ဖူးတာဆိုတော့ လေးသံနဲ့လုပ်ထားတဲ့ ဓားမတစ်ချောင်းတောင် နိုင်အောင် ကိုင်နိုင်တာ မဟုတ်ဘူး။ ဒီကြားထဲ ဝါးကို ဓားနဲ့ပိုင်းတာ ယိမ်းကသလိုဖြစ်နေတော့ တောသားတွေရဲ့ အဟားတောင်ခံလိုက်ရသေးတယ်။ ဒါကြောင့် ပညာတတ်လည်း ဝါးတစ်ရာ၊ မတတ်လည် ဝါးတစ်ရာလို့ တောသားတွေစိတ်ထဲမှာ တွေးထင်ထားကြတာကို အစွဲ မဖြုတ်နိုင်သရွေ့ ပညာရေးကလည်း တောနယ်က လူတိုင်းနဲ့ အလှမ်းဝေးနေဦးမှာ သေချာပါတယ်။
ပညာရေးဟာ ဆင်းရဲတွင်းက လွတ်မြောက်စေတဲ့လမ်းဖြစ်တယ်ဆိုတာ နိုင်ငံတော်က စိတ်ကူးယဉ်ပြီး ပြောနေ ပေမယ့်၊ တောသူတောင်သားတွေရဲ့ ဆင်းရဲတွင်းက လွတ်မြောက်စေတဲ့လမ်းဟာ ဓားမတစ် ချောင်း အပေါ်မှာ တည်နေပါတယ်။ ပညာတတ်ရင် ဘာဖြစ်လာမလဲ ဆိုတာကို တောသူတောင် သားတွေ အထင်ကြီးအောင် လုပ်မပေးနိုင်သရွေ့၊ ပညာတတ်ရင် ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကို လက်တွေ့ မပြနိုင်သရွေ့ မြန်မာ့ ပညာရေးဟာ ဆင်းရဲတဲ့တောသူတောင်သားတွေကြားထဲမှာ ရေပန်း စားနိုင်ဦးမယ် မထင်ပါဘူး။
reef;မောက္ခပညာရေး မဂ္ဂဇင်း
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook