ကြာကြာ မထိုင်မိအောင် ဂရုစိုက်ပါ

တစ်နေကုန် အလုပ်လုပ်တဲ့ လူတွေ၊ နာရီပေါင်း များစွာ ကွန်ပျူတာမှာ ထိုင်ပြီး အလုပ်လုပ်တဲ့ လူတွေ၊ ရုပ်မြင်သံကြား ဇာတ်လမ်းတွေ၊ ဘောလုံး ပွဲတွေကို အချိန်ကြာကြာ ထိုင်ကြည့်တဲ့ သူတွေနဲ့ အင်တာနက် ကြည့်၊ ဂိမ်းဆော့တဲ့ သူတွေရဲ့ ထိုင်တဲ့ ပျှမ်းမျှနာရီ ပေါင်းဟာ တိုးပွားလာ သလို ၎င်းတို့ရဲ့ ခါးအတိုင်းကလည်း ပိုပြီးကျယ်လာတယ်။

သုတေသနကလည်း ထိုင်တာနဲ့ ဝလာတာ ဆက်စပ်မှုကို ထောက်ခံတယ်။ ကြာကြာထိုင်လေ သက်ရှိ ကိုယ်တွင်း၌ အစာချေဖျက်မှု၊ ကြီးထွားမှု၊ စွန့်ထုတ်မှုစတဲ့ ဇီဝတွင်းဖြစ်ပျက်မှုဟာ နောက်ပိုင်းကိုယ် လက်လှုပ်ရှားမှု ပြုတာတောင် နှေးကွေးလာလေလေ ဖြစ်သည်။

ကြာရှည်ထိုင်ခြင်းောကာင့် အဆီလောင်ကျွမ်းမှုက နှေးလာတယ်။ အချို့နာတာရှည်ရောဂါဖြစ်ပွားမှုက ကာကွယ်ပေးတဲ့ကိုယ်တွင်းအင်္ဂါစု စက်ယန္တရားကိုထိုင်နေခြင်းက ပိတ်နေတယ်လို့ လေ့လာရေးကိုပြု လုပ်တဲ့ ဆရာဝန်ကထင်ကြေးပေးခဲ့တယ်။

ကူးစက်ရောဂါပြန့်ပွားခြင်းနဲ့ ကာကွယ်ရေးဆိုင်ရာ ပညာရပ်နဲ့ပတ်သက်တဲ့ လေ့လာရေးတွေမှာ ထိုင် နေတဲ့အချိန်နဲ့ ကိုယ်လက်လှုပ်ရှားမှု မရှိတဲ့အမှုကိစ္စဟာ ဇီဝတွင်းဖြစ်ပျက်မှုဆိုင်ရာ ရောဂါလက္ခဏာစု၊ ဆီးချိုရောဂါအမျိုးအစား (၂)၊ အဝလွန်ခြင်းနဲ့ နှလုံးသွေးကြော ဆိုင်ရာရောဂါတို့ရဲ့ ဆက်နွှယ်နေ ကြောင်း သိရတယ်။

ထို့ကြောင့်ငြိမ်ငြိမ်ထိုင်နေခြင်းကို လျှော့သင့်နေပြီဖြစ်လို့ အောက်ပါဖော်ပြပါ နည်းတွေကို လုပ်ကြည့်ပါ။

- ထိုင်အလုပ်လုပ်နေရင်း နာရီဝက်ကြာပြီးတိုင်း နှစ်မိနစ်မှ ငါးမိနစ်ထပြီး လမ်းလျှောက်၊ ခြေလက်ဆန့်၊ စားပွဲဘေးနား ကိုယ်ကို မတ်မတ်ထပြီးရပ်၊ ဒါမှမဟုတ် ရေတစ်ခွက်သောက်ဖို့ လမ်းလျှောက် လိုက်ပါ။

- ဖုန်းမည်သံကြားရင် ဖုန်းရှိရာသို့ လျှောက်သွားပြီး ဖုန်းကိုင်ပါ။ မတ်တတ်ရပ်ပြီး ဖုန်းပြောခြင်းက ထိုင် နေခြင်းကို ခေတ္တရပ်ပစ်လိုက်တာ ဖြစ်တယ်။ ရုံးခန်းနဲ့အိမ်တွေမှာ လိုင်းဖုန်းတွေရှိတုန်းက ဖုန်းရှိရာကို တစ်ခါတလေ အပြေးကလေး သွားရတာရှိခဲ့တယ်။ အဲဒီအချိန်မှာ ကိုယ်လက် လှုပ်ရှားမှုပြုရလို့ ကျန်းမာ ရေးအတွက် အလွန်ကောင်းပါတယ်။

- အခုမိုဘိုင်းလ်ဖုန်းတွေ ပေါ်လာတော့ ဖုန်းကိုလူရှိတဲ့ နေရာတိုင်းကို သယ်ဆောင်သွားပြီး၊ အိပ်ရာပေါ် လှဲနေရင်း၊ ထိုင်နေရင်း၊ ထမင်းစားနေရင်း ဖုန်းပြောလို့ရနေတော့ ကိုယ်လက်လှုပ်ရှားမှု မရှိတော့ဘူး။ ကြာရင်ကျန်းမာရေး ထိခိုက်လာနိုင်တယ်။ ဒါကြောင့်မိုဘိုင်းလ်ဖုန်းကို လမ်းလျှောက်ပြီးပြောပါ။

- ရုံးမှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ်၊ ကိုယ်အသုံးပြုနေတဲ့ ပစ္စည်းတွေကို စားပွဲပေါ်မှာ၊ လက်လှမ်းမီရာမှာ မထားပါနဲ့။ ခပ်လှမ်းလှမ်းမှာထားရင် လိုအပ်တဲ့အခါမှာထိုင်ရာမှာ ထပြီးယူရတဲ့အတွက် ထိုင်နေတဲ့ အချိန်ကို လျှော့လိုက်သလို လမ်းလျှောက်တဲ့လေ့ကျင့်ခန်းကိုလည်း လုပ်မိသွားတယ်။ ကျွန်မတို့ရုံးမှာ ဘာသာပြန် အရာရှိတစ်ယောက်ဟာ အဘိဓာန်စာအုပ်တွေကို ခပ်လှမ်းလှမ်းက စားပွဲပေါ်မှာတင်ထား တယ်။ ဘာသာပြန်နေရင်းက ထိုင်ရာကထပြီး အဘိဓာန်ကို သွားကြည့်နေလို့ကိုယ့်စားပွဲပေါ် ယူထားဖို့ ပြောမိပါတယ်။ သူကဒါမှထိုင်ရာကထဖြစ်သွားပြီး လမ်းလျှောက်တာလည်း လုပ်ဖြစ်သွားတယ်လို့ပြော တယ်။

- အမှန်ပြောရရင် ကျွန်မကိုယ်တိုင်လည်း စာတစ်ပိုဒ်ရေးပြီးတိုင်း ထိုင်ရာက အခန်းအပြင်ဘက်သို့ လျှောက်သွားပြီး ခြေဆန့်လက်ဆန့်လုပ်၊ အသက်ဝဝရှူပြီး အဝေးကစိမ်းစိုနေတဲ့ သစ်ပင်ကြီးတွေကို ကြည့်လေ့ရှိတယ်။ အဲဒီလိုလုပ်ပြီး စာပြန်ရေးရင် ပိုရေးလို့ကောင်းတာကို တွေ့ရပါတယ်။

- လူလျှောက်အားနဲ့လည်တဲ့ စက်ခါးပတ်ပေါ်လျှောက်ရင်း လက်တော့(ပ်) နဲ့အင်တာနက်ကို အသုံးပြု ခြင်းအားဖြင့် မထိုင်ရဘဲတစ်နာရီမှာ တစ်မိုင်ခန့်လျှောက်ပြီးအလုပ်ကို ဆက်လုပ်သွားနိုင်တယ်။

- အစည်းအဝေးကို မိမိရုံးခန်းမှာ မလုပ်ဘဲလမ်းလျှောက်သွားရတဲ့ အစည်းအဝေးခန်းမမှာ လူတွေကို ဖိတ်ပြီးလုပ်တာက ပိုကောင်းပါတယ်။

- အီးမေးလ်နဲ့ မက်ဆေ့ခ်ျပို့တာက အခုခေတ်မှာ ခေတ်စားလာတော့ သိပ်မဝေးတဲ့နေရာကိုလည်း ပို့နေ ကြတယ်။ အဲဒီလိုလုပ်မယ့်အစား သူတို့ကိုသွားတွေ့ပြီး မျက်နှာချင်းဆိုင် စကားပြောတာက ပိုထိ ရောက် ပါတယ်။

- ကား၊ မီးရထား၊ ဘတ်စ်ကားတို့နဲ့ ခရီးဝေးသွားရတဲ့အခါမှာ လုပ်သင့်တာက အဲဒါတွေနဲ့မသွားခင် လမ်းများများလျှောက်ပြီး ခရီးဆုံးကို ရောက်ပြီးတော့လည်း လမ်းလျှောက်ပါ။ သင့်ရုံးခန်း၊ ဒါမှမဟုတ် အိမ်နဲ့ဝေးတဲ့နေရာမှာ ကားရပ်ပြီး လမ်းလျှောက်ပါ။

ကျွန်မတို့နိုင်ငံမှာ ခရီးဝေးသွားတဲ့ ဘတ်စ်ကားတွေက ခရီးသည်တွေစားသောက်ဖို့၊ အပေါ့အပါးသွား နိုင်အောင်၊ စားသောက်ဆိုင်တွေမှာ ရပ်နားပေးတယ်။ အဲဒီအခါကျရင် အောက်ဆင်းပြီး ခြေဆန့်လက် ဆန့်လုပ်ခြင်းဖြင့် လူကိုလန်းဆန်းစေပါတယ်။ ဘာပဲလုပ်လုပ် ကြာမကြာမထိုင်မိအောင် ဂရုစိုက်နိုင်ကြ ပါစေ။


စံတော်ချိန်သတင်းစာ
သြဂုတ် (၁) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...