အလှဆုံး မိန်းကလေး

ဒီလို မိန်းကလေး တချို့ရှိတယ်။ သူတို့က စာဖတ်တာကို ကြိုက်တယ်။ စာအုပ် ဝယ်တယ်၊ ဖတ်တယ်၊ ရေးတယ်၊ ဖတ်စရာ စာအုပ်တွေက သူတို့အတွက် အသုံးခံတဲ့ အသုံး အဆောင်၊ အလှပြင် ပစ္စည်းတွေဖြစ်တယ်။ သာမန်တဲ့ ဝတ်စား ဆင်ယင်မှု၊ ရိုးရှင်းတဲ့ အပြင်အဆင်နဲ့ ဆေးရောင်စုံ မိန်းကလေးတွေ ကြားမှာ သူတို့ဟာ ဆွဲဆောင်မှု အပြည့်ရှိတယ်။ သူတို့ရဲ့စိတ်နေ သဘော ထား၊ ပြုစုပျိုးထောင် မှုတွေ ဟာလည်း တခြားလူနဲ့မတူ စာအုပ်ရနံ့တွေ သင်းပျံ့တယ်။ "အတွင်းစိတ်မှာ အသိရှိရင် အပြင်ပန်းက လှနေတယ်" ဆိုတဲ့စကားက ဒီလို မိန်းကလေးမျိုးတွေ အတွက် အသင့်တော်ဆုံး ဖြစ်တယ်။

စာဖတ်ကြိုက်တဲ့ မိန်းကလေးတွေဟာ ဘယ်ရောက်ရောက် လှပတဲ့ရှုခင်းတစ်ခုဖြစ်တယ်။ သူဟာ ရုပ်ရည် မလှချင်နေမယ် ဒါပေမဲ့ သူ့မှာ လှတဲ့စိတ်နေစိတ်ထားရှိတယ်။ ရည်မွန်တဲ့အပြောအဆို၊ ကျော့ရှင်းတဲ့ ကိုယ်ဟန်အမူအရာတွေက ပြင်ဆင်နေစရာမလိုဘူး။ ဒါဟာ တည်ငြိမ်တဲ့ဣနြေ္ဒဖြစ်တယ်။ ဒါဟာ လှုပ်ရှားတဲ့ သိမ်မွေ့မှုဖြစ်တယ်။ ဒါဟာ ကျက်သရေဖြစ်တယ်။ ဒါဟာ ငြိမ်းချမ်းမှုဖြစ်တယ်။ ဒါဟာ သဘာဝနဲ့ ရောစပ်ထားတဲ့ ရိုးရှင်းမှုဖြစ်တယ်။ ရေလို ပျော့ပျောင်းတယ်၊ လေလို လူကိုဆွဲဆောင်မှုရှိတယ်။ ပန်းလို မွှေးကြိုင်ရနံ့သင်းတယ်......

စာဖတ်တာနဲ့ပတ်သက်ပြီး မတူတဲ့မိန်းကလေးတွေက မတူတဲ့စာကို ကြိုက်ကြတယ်။ မတူတဲ့စာတွေက မတူတဲ့ရွေးချယ်မှုကို ပေးတယ်။ မတူတဲ့ရွေးချယ်မှုတွေက မတူတဲ့အကျိုးရလဒ်ကို ရစေတယ်။

တချို့မိန်းကလေးတွေက စာဖတ်ခြင်းနဲ့ ဗဟုသုတ၊ အသိဉာဏ်ကိုရယူတယ်။ သူတို့ရဲ့ အရည်အချင်းကို တိုးမြင့်တယ်။ သူတို့က အတွေးအမြင်၊ ဒဿနာ၊ နက်ရှိုင်းတဲ့စာအုပ်တွေကို ပိုအာရုံစိုက်တယ်။ စာဖတ်ခြင်းနဲ့ သူတို့ရဲ့ အသိဉာဏ်ကိုမြင့်တင်တယ်၊ ဘဝကို ဦးဆောင်လမ်းပြတယ်။ ဒီလို မိန်းကလေးမျိုးဟာ သူ့ကိုယ် ၌က စာအုပ်တစ်အုပ်ဖြစ်တယ်။ စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တစ်အုပ်ဖြစ်တယ်။

တချို့မိန်းကလေးတွေက စာဖတ်ခြင်းနဲ့ စိတ်ပျော်ရွှင်မှုကိုရှာတယ်။ စိတ်ဓာတ်ကိုပျိုးထောင်တယ်။ သူတို့က ရှေးကဗျာတွေကြိုက်တယ်။ လှပတဲ့ စကားပြေတွေကိုကြိုက်တယ်။ အားလပ်ချိန်မှာ စာအုပ်တွေဖတ်ပြီး သူတို့ကိုယ်သူတို့ ပြုပြင်ပျိုးထောင်တယ်။ ဘဝကို ငြိမ်ငြိမ်သက်သက်ဖြတ်ကျော်တယ်။ ဒီလို မိန်းကလေး မျိုးက ကဗျာတစ်ပုဒ်နဲ့တူတယ်။ အေးဆေးတည်ငြိမ်ပြီး ချစ်စရာကောင်းတယ်။

မိန်းကလေးတချို့က ဂီတရုပ်ရှင်နဲ့ဆိုင်တဲ့ ဖြေဖျော်ရေးစာအုပ်တွေဖတ်တယ်။ သူတို့ဟာ အနုပညာကို မြတ်နိုးကောင်းမြတ်နိုးမယ်။ အနုပညာရှင်တွေရဲ့ သတင်း၊ အတင်းကို စိတ်ဝင်စားလို့လည်းဖြစ်မယ်။ ဒါမှမဟုတ် အနုပညာရှင်တွေရဲ့ ဘဝကိုအားကျလို့လည်းဖြစ်မယ်။ ဒီလိုစာတွေဖတ်တဲ့ မိန်းကလေးတွေက ပိုလက်တွေ့ဆန်တယ်။ လေးလေးနက်နက် မရှိဘူးဆိုပေမယ့် အမှားအမှန်ကိုခွဲခြားနိုင်တဲ့ အာရုံခံစားမှု သူတို့မှာရှိတယ်။

စာဖတ်ခြင်းက လူတွေရဲ့စိတ်ဝိညာဉ်ကို အကျိုးသက်ရောက်မှုရှိစေတယ်။ စိတ်ဝိညာဉ်က စိတ်နေ သဘောထားကို သက်ရောက်မှုရှိစေတယ်။ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ချစ်စရာကောင်းအောင်၊ နှစ်လိုအောင်၊ ဆွဲဆောင်မှုရှိအောင် ပြင်ဆင်လိုရင် စာများများဖတ်ပေးရတယ်။

စာဖတ်တဲ့မိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကို ဦးဆောင်နိုင်တယ်။ စာဖတ်နှစ်သက်တဲ့ မိန်းကလေးတွေ ဟာ ပညာအရည်အချင်းမမြင့်လည်း စာပေယဉ်ကျေးမှုတော့ရှိတယ်။ စာပေယဉ်ကျေးမှုရှိတဲ့ မိန်းကလေး တွေဟာ အကျိုးသင့် အကြောင်းသင့် စဉ်းစားတွေးခေါ် တတ်တယ်။ ခေါင်းအေးအေးထား ဆုံးဖြတ်တတ် တယ်။ လူ့သဘော သဘာဝကို နားလည်တယ်။

စာအမြဲဖတ်သူတွေဟာ လူကြားသူကြားမှာ ထင်းထင်းရှိတယ်။ အထူးသဖြင့် ကိစ္စတစ်ခုခု ဆောင်ရွက်တဲ့ အခါ၊ ဖြေရှင်းတဲ့အခါ တည်ငြိမ်တယ်၊ ဣနြေ္ဒရတယ်။ စာအမြဲဖတ်သူတွေမှာ အတင်းအဖျင်းမရှိဘူးလို့ လူတချို့ကပုံဖော်ကြတယ်။ သူတို့ဟာ ကျိုးကြောင်းဆင်ခြင်မှုရှိတယ်။ တခြားသူစကားနောက် လိုက်ပါ မသွားဘူး။

စာအမြဲဖတ်တဲ့သူဟာ ဘာလုပ်လုပ် တွေးတောတယ်။ အကြံကောင်းတွေကိုရှာတယ်။ သူတို့ဟာ အသိဉာဏ် မြင့်တာကြောင့် ရှုပ်ထွေးတဲ့ အတွေးတွေကို ခေါင်းထဲအဝင်မခံဘူး။ အခြေအမြစ်ကိုအရ ဖမ်းဆုပ်ပြီး ဖြေရှင်းနိုင်တဲ့ နည်းလမ်းကိုရှာတယ်။ သူတို့လုပ်တဲ့ အရာတိုင်း၊ လမ်းကြောင်းတိုင်းဟာ စဉ်းစားတွေးတောပြီးမှ လုပ်တဲ့အရာတွေဖြစ်တယ်။ ဒီလိုအသိဉာဏ်က စာအမြဲမဖတ်သူတွေမှာမရှိတဲ့ အသိဉာဏ်ဖြစ်တယ်။

စာဖတ်တာကို နှစ်သက်တဲ့ မိန်းကလေးတွေက လှပတယ်။ တမူထူးခြားတဲ့ အလှနဲ့ လှတယ်။ သူတို့က လတ်ဆတ်တဲ့ ပန်းတစ်ပွင့် မဟုတ်ဘူး။ ချိုမြိန်တဲ့ ဝိုင်တစ်ခွက် မဟုတ်ဘူး။ သူတို့က ရနံ့သင်းပျံ့ပြီး ရှင်းသန့်တဲ့ ရေနွေးကြမ်း တစ်ခွက်ဖြစ်တယ်။

စာဖတ်ခြင်းက စိတ်အားတက်ကြွ ရွှင်လန်းစေတယ်။
စာဖတ်ခြင်းက အသိဉာဏ်၊ ဗဟုသုတ ကြွယ်စေတယ်။
စာဖတ်ခြင်းက ဆင်ခြင်တွေးတောမှုကို တိုးပွားစေတယ်။

ကျယ်ဝန်းတဲ့၊ ရွှင်လန်းတက်ကြွတဲ့ ရင်ခွင်တစ်စုံနဲ့ စာတွေကိုဖတ်မှ စာထဲက သိမ်မွေ့မှု၊ နှစ်လိုမှုတွေကို ခံစားနိုင်မယ်။ အာဟာရတွေကို စုပ်ယူနိုင်မယ်။ စာအုပ်စာပေ လူ့မိတ်ဆွေဆိုသလို စာအုပ်ကောင်း တစ်အုပ်ဟာ လူတစ်ယောက်နောက် တစ်သက်လုံး လိုက်တယ်။ စာအုပ်ထဲကနေ တခြားလူတွေရဲ့ ကောင်းကွက်ကို သင်ယူနိုင်တာဟာ အဖိုးတန်တယ်။ စာအုပ်ထဲကနေ တခြားလူတွေရဲ့ဆိုးကွက်ကို သင်ယူနိုင်တာဟာ အသုံးမကျတာ ဖြစ်တယ်။

စာဖတ်များတဲ့ မိန်းကလေးတွေဟာ စာဖတ်ရင်း ကိုယ်တိုင်စာရေး ချင်လာတယ်။ ဘဝထဲက ချိုမြိန် ခါးသက်တာတွေ၊ နွေမိုးဆောင်း ဥတုတွေကို ချရေးတယ်။ အဲဒီမှာတော့ သူ့ရဲ့စာကို တခြားသူတွေက ဖတ်တယ်။

မိန်းကလေးရေးတဲ့စာတွေက နူးညံ့သိမ်မွေ့တယ်။ သွက်လက်ဆွဲဆောင်မှုရှိတယ်။ စကားလုံးတိုင်းမှာ မိန်းကလေးရဲ့တမူထူးတဲ့ စိတ်နေစိတ်ထားနဲ့ စိတ်ဝိညာဉ်တွေကို ခံစားလို့ရတယ်။ စာတွေထဲမှာ သူတို့ ဘဝကောက်ကြောင်းတွေရှိတယ်။ ရှင်သန်ကြီးပြင်းတဲ့ ရုန်းကန်မှုတွေရှိတယ်။ လူ့ဘဝတန်ဖိုးနဲ့ တာဝန် ဝတ္တရားတွေရှိတယ်။ ဒီကနေ့မှာ မိန်းကလေးတွေ ရေးတဲ့စာကို မိန်းကလေးတွေ ကြိုက်ရုံမက
ယောက်ျား လေးတွေပါ ကြိုက်ကြတယ်။

စာဖတ်တာနှစ်သက်တဲ့ မိန်းကလေးဟာ သူ့အားလပ်ချိန်တော်တော်များများကို စာဖတ်ရင်းနဲ့ ကုန်ဆုံး တယ်။ စာဖတ်တယ်ဆိုတာ သူ့ဘဝရဲ့တစ်စိတ်တစ်ဒေသဖြစ်တယ်။ ရှင်သန်နည်း တစ်မျိုးဖြစ်တယ်။ အပြင်ပန်းလှတဲ့ မိန်းကလေးတချို့နဲ့ နှိုင်းယှဉ်ရင် သူဟာ လှပတဲ့အတွင်းစိတ်ကို ထိန်းထားနိုင်တဲ့ အသိပညာရှိတယ်။

စာဖတ်တဲ့မိန်းကလေးတွေဟာ အသိကြွယ် ထက်မြက်တယ်၊ ကြံ့ခိုင်သန်မာတယ်၊ ရင့်ကျက်တည်ငြိမ် တယ်။ အပြင်ပန်းလှအောင်လုပ်တာထက် အတွင်းစိတ်နူးညံ့သိမ်မွေ့အောင် လုပ်တာက ပိုအရေးကြီး ကြောင်း သူတို့သိတယ်။ စာအုပ်စာပေနဲ့အတူရှင်သန်တာက ဘဝကို စိတ်မပျက်စေဘူး၊ အားမငယ်စေ ဘူး၊ သက်ပြင်းမချစေဘူး။ ဒါကြောင့် စာများများဖတ်ပါ၊ စာအုပ်ကောင်းတွေဖတ်ပါ... အသိပညာဆိုတာ အကောင်းဆုံး အလှပြင်ပစ္စည်းဖြစ်တယ်။ စာဖတ်ခြင်းက မိန်းကလေးတွေရဲ့ စိတ်နေစိတ်ထား ဖက်ရှင် ဖြစ်တယ်။ စာဖတ်ခြင်းက မိန်းကလေး တစ်ယောက်ကို အမြဲလှပစေနိုင်ပါတယ်။

စာဖတ်တာကို ကျွန်တော်နှစ်သက်တယ်၊ စာဖတ်တဲ့ မိန်းကလေးတွေကို ကျွန်တော်ချစ်တယ်....

------
မူရင်းလင့်-- http://www.duwenzhang.com/wenzhang/shenghuosuibi/shenghuoganwu/20080908/17707.html

**နိုင်းနိုင်းစနေ (Wednesday, June 08, 2011)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...