၉၁ မှတ် နဲ့ ၉ မှတ်...

“ဆရာမ.. ဒီတစ်ခေါက် အင်္ဂလိပ်စာ အမှတ် သိပ်မကောင်း လို့ သမီးကို မေမေ ဆူတယ်”

စာမေးပွဲဖြေတိုင်း အမှတ်ကောင်းခဲ့တဲ့ တပည့် တစ်ဦးရဲ့ စကားနဲ့ ဝမ်းနည်းတဲ့ အပြုအမူကြောင့် သူ့ရမှတ်ကို ကျွန်မ စိတ်ဝင်စား သွားခဲ့တယ်။

“ဒီတစ်ခေါက် အင်္ဂလိပ်စာ ဘယ်နှမှတ် ရတာလဲ”

“ဟို... ၉၁ မှတ်ပါ ဆရာမ”

“၉၁ မှတ်... ၉၁ မှတ်က အမှတ်မြင့်နေပြီပဲ။ သမီးမေမေက ဘာဖြစ်လို့ ဆူတာလဲ”

ကျွန်မရဲ့ တအံတသြအမေးကို မျက်ရည်လေးနဲ့ သူဖြေရှာတယ်။

“မေမေက ပြောတယ်။ ၇ မှတ်က သမီးနမော်နမဲ့လို့ အဖြေမှားတာတဲ့။ ကျန် ၂ မှတ်က ပုစ္ဆာကြည့်မှား လို့တဲ့။ ဒီအမှတ်တွေ မလျှော့သင့်ဘူးလို့ ဆူတယ်”

လိမ္မာ၊ သိတတ် နားလည်တဲ့ တပည့်လေးကို ကြည့်ပြီး ကျွန်မ စိတ်မကောင်းဖြစ်မိတယ်။ စာတော်ပြီး ကြိုးစားသလောက် မိဘတွေရဲ့တောင်းဆိုမှု ဖိအားတွေအောက်မှာ သူမပျော်နိုင်ခဲ့ဘူး။ မိဘတွေ ဝမ်းသာ ဖို့နဲ့ ချီးကျူးဖို့အတွက် သူ့နေ့စဉ်အလုပ်က စာကျက်.. စာကျက်ရုံမှ တစ်ပါး ဘာမှ မရှိခဲ့ဘူး။ သူ့အဖြစ်ကို ကြည့်ပြီး ကလေးတွေရဲ့ ရိုးသားဖြူစင်တဲ့ စိတ်ကို ကျွန်မတို့ မသိမသာနဲ့ နာကျင်အောင် လုပ်နေပြီလားလို့ တွေးမိတယ်။

မိဘတိုင်းက ကိုယ့်သားသမီးကို ဆင်စီးမြင်းရံချင်ကြတာပဲ။ သားသမီးကို ဖြစ်ထွန်းချင်တဲ့စိတ်၊ ထွန်းပေါက် ချင်တဲ့စိတ်က မိဘတိုင်းမှာ ရှိတယ်။ ဒါပေမယ့် ဖြစ်ထွန်းစေချင်တဲ့ နည်းလမ်းတွေက မှားနေခဲ့ကြတယ်။ အထက်က ဥပမာအရ ၉၁ မှတ်ရတဲ့ အဖြေလွှာကို ယူပြီး ပျော်ပျော်ရွှင်ရွှင် အိမ်ပြန်ခဲ့တဲ့ ကလေးငယ် တစ်ယောက်အတွက် ဆီးကြိုနေတာက ၉ မှတ်လျှော့ခဲ့ရတဲ့ အပြစ်တွေပဲ ဖြစ်တယ်။ ၉ မှတ်အတွက် အပြစ်ကို မှန်ဘီလူးနဲ့ ချဲု့ကြည့်တာ ခံလိုက်ရသလို ၉ မှတ်ကြောင့် မိဘတွေ ဒေါသထွက်ခဲ့ ကြတယ်။ ကလေးကို နမော်နမဲ့နိုင်တယ်လို့ ဆူပြီး ရခဲ့တဲ့ ၉၁ မှတ်အတွက် ချီးမွမ်းဖို့ သူတို့မေ့ခဲ့ကြတယ်။ ၉ မှတ်နဲ့ ၉၁မှတ် ဘယ်အမှတ်က ပိုအရေးပါသလဲ၊ ၉၁ မှတ်ရဖို့ဆိုတာ မလွယ်ကူမှန်းသိပေမယ့် အားပေးဖို့ သူတို့ မေ့ခဲ့ကြတယ်။

၅ဝ မှတ်ရတဲ့ ကလေးတစ်ယောက်ကိုတောင် ကျွန်မတို့ ချီးကျူးအားပေး သင့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မေးခွန်းတစ်ဝက်ကို သူဖြေတတ်ခဲ့လို့ပါပဲ။ ကလေး ထွန်းပေါက်အောင် ဆိုပြီး မရတဲ့ ၉ မှတ်ကို အပြစ်ဖို့နေရင် သင်ခန်းစာတွေကို ဒီကလေး ဘယ်လို ပျော်ပျော်ရွှင်ရွှင်နဲ့ သင်ယူနိုင်မလဲ၊ ကြီးပြင်းနိုင်မလဲ၊

“ကျွန်မငယ်ငယ်က မိဘရဲ့တောင်းဆိုမှုတွေ တင်းကြပ်လွန်းလို့ သူတို့ဆန္ဒအတိုင်း ကျွန်မကြိုးစားခဲ့တယ်။ အခု ကျွန်မ ကလေးကိုလည်း ကျွန်မ တင်းတင်းကြပ်ကြပ် တောင်းဆိုမှ ကျွန်မရဲ့ ဆန္ဒကို သူအကောင် အထည်ဖော်နိုင်မှာ”

တပည့်မရဲ့ မိခင်စကားကို ကျွန်မပြန်မေးခွန်း ထုတ်လိုက်မိတယ်။
“မိဘတွေရဲ့ ဒီလို သွန်သင်မှုကို နှစ်သက်ခဲ့ ပါသလား”

သူမ ခဏနှုတ်ဆိတ်သွားခဲ့တယ်။ ပြီးမှ...
“မနှစ်သက်ပါဘူး။ မိဘတွေရဲ့ ဒီလိုတောင်းဆိုမှုတွေကို ကျွန်မ အင်မတန် မုန်းခဲ့တယ်။ ကိုယ့်ရွေးချယ် ပိုင်ခွင့်လေးတော့ ရှိချင်ခဲ့တယ်”

အဖြေက ရှင်းသွားပါတယ်။ ကလေးတွေက ကျွန်မတို့ရဲ့ ဆန္ဒဓားစာခံတွေ မဟုတ်ကြဘူး။ ကိုယ့်မိဘတွေ ရဲ့ အတင်းအကြပ်တောင်းဆို သင်ပြမှုတွေကို မကြိုက်ခဲ့ဘဲ ဘာဖြစ်လို့ ကိုယ့်ကလေးကိုလည်း အဲဒီနည်းနဲ့ သင်ပြချင်ရသလဲ။

ရင်ထဲမှာ သိမ်းထားတဲ့ အားပေးမှုတွေက ပါးစပ်က ထုတ်ပြောတဲ့ စကားတစ်ခွန်းလောက် ခွန်အား မရှိခဲ့ ဘူး။

ရင်ထဲမှာ သိမ်းထားတဲ့ ဂရုစိုက်မှုတွေက ပခုံးကို ပုတ်ပြီး အားပေးတဲ့ ခွန်အားလောက် မပြည့်ဝခဲ့ဘူး။

အားပေးစကားကို ထုတ်ဖော်ပြောပြီး ဂရုစိုက်မှုကို အမူအရာနဲ့ ပြပါ။

မိသားစုရဲ့အားပေးမှုက ကလေးကြီးပြင်းဖို့အတွက် သတ္တိတွေဖြစ်စေတယ်။ မိသားစုရဲ့ လက်တွဲမှုက သူတို့ကြီးပြင်းရာ တစ်လျှောက်မှာ ပျော်ရွှင်ခြင်းကို ဖြစ်စေတယ်။

ကြင်နာတဲ့ လက်နဲ့ ကလေးရဲ့ ပခုံးကိုပုတ်ပြီး အားမပေးခဲ့တာ ကြာခဲ့ပြီလား။ ရင်ထဲ သိမ်းထားတဲ့ အားပေး စကားတွေ ထုတ်ဖော် မပြောတာ ကြာခဲ့ပြီလား။ ၉၁ မှတ် ရတဲ့ အဖြေလွှာကို ကြည့်ပြီး ၉ မှတ် ဆိုတဲ့ ဟာကွက်ကိုပဲ သင်မြင်ခဲ့သလား။ ဒါမှမဟုတ် ကလေးငယ်ရဲ့ ကြိုးစားမှုကို သင်မြင်ခဲ့သလား။

ချီးကျူးစကား တစ်ခွန်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပိုတိုးစေ ပါတယ်။ အားပေးစကား တစ်ခွန်းက လဲကျနေသူကို ပြန်ထရပ်စေ ပါတယ်။


နိုင်းနိုင်းစနေ (Sunday, July 13, 2008)
------
စာစရေးစနှစ်တွေမှာ ဘာသာပြန်ရေးခဲ့တဲ့ စာတစ်ပုဒ်ပါ မျှဝေပါတယ်..
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...