အန္တရာယ်များတဲ့ အုန်းသီးကို လူဦးခေါင်းနဲ့ ရိုက်ခွဲတဲ့ ရိုးရာအစဉ်အလာ...



အိန္ဒိယနိုင်ငံ တောင်ပိုင်း၊ တမီးလ် နာဒူ ပြည်နယ်ရှိ ကျေးရွာတခုမှာ နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိတဲ့ ထူးဆန်း ကြောက်လန့်ဖွယ်ရာ ဘာသာရေး ပွဲတော်တခုပါ... အဆိုပါ ဘာသာရေး အစဉ်အလာတွေကို သက်ဝင် ယုံကြည်ကြတဲ့ လူထောင်သောင်း များစွာဟာ သူတို့အတွက် အောင်မြင်မှုတွေနဲ့ ကျန်းမာရေး ကောင်းခြင်း ဆိုတဲ့ အကျိုးရလာဒ်တွေ ရရှိလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အဆိုပါ ရိုးရာပွဲမှာ လာရောက် ဆင်နွှဲကြတာ ဖြစ်ပါတယ်... ပွဲတော်အတွင်း အမျိုးသား၊ အမျိုးသမီးတွေနဲ့ ကလေးတွေပါမကျန် အုန်းသီးတွေကို သူတို့ရဲ့ ဦးခေါင်းတွေနဲ့ အရိုက်ခွဲခံပြီး ဘာသာရေးအရ ပူဇော်ဆည်းကပ်ကြတာ ဖြစ်ပါတယ်... ဒီလိုလုပ်ဖို့အတွက်လည်း သူတို့ရဲ့ ဆန္ဒအလျောက် ဘာသာရေးဆိုင်ရာ ခေါင်းဆောင်တွေကို ခွင့်ပြု ထားပြီးသားလို့ ဆိုပါတယ်... တကယ့်ကို မယုံနိုင်စရာ ပါပဲ...

အိန္ဒိယတောင်ပိုင်းက ဘာသာရေးနဲ့ဆိုင်တဲ့ နေရာတွေမှာ ထုံးတမ်းအစဉ်အလာအရ လုပ်လေ့လုပ်ထ ရှိတဲ့ အရာတခု ရှိပါတယ်... အဲဒါက နတ်ဘုရားတွေကို ပူဇော်ဆည်းကပ်ခြင်း အနေနဲ့ အုန်းသီးတွေကို ၎င်းတို့ အထွတ်အမြတ်ထားတဲ့ ကျောက်တုံးပေါ်မှာ ရိုက်ခွဲတာပဲ ဖြစ်ပါတယ်... အဲဒါကတော့ ပြဿနာ မရှိလှပါ... ဒါပေမဲ့ အခုလို အုန်းသီးကို လူရဲ့ဦးခေါင်းနဲ့ ရိုက်ခွဲပြီး ဘာသာရေးအရ ဆည်းကပ်တာဟာ အတော်လေးကို ထူးဆန်းနေပြီး ရှားပါးတဲ့ လုပ်ရိုးလုပ်စဉ် တခုပါ... ဒါနဲ့ပတ်သက်ပြီး ဘာသာတရား ကိုင်းရှိုင်းမှုမှာ အစွန်း ရောက်သလို ဖြစ်နေတယ်လို့ လူအများစုက ရှုမြင်နေကြပါတယ်...



မိမိဆန္ဒအလျောက် အုန်းသီးရိုက်ခွဲ ခံမဲ့ သူတွေဟာ အတန်းလိုက် တန်းစီပြီးတော့ ငုတ်တုတ်ထိုင်စောင့် နေရပါတယ်... ဘာသာရေး ခေါင်းဆောင်တွေက လိုအပ်တာတွေ ပြင်ဆင်နေချိန် စိတ်ရှည်ဖို့လည်း လိုပါတယ်... အသုံးပြုမဲ့ အုန်းသီးတွေက အခွံခွာထားတဲ့ အုန်းသီး အရင့်အမာတွေ ဖြစ်ပါတယ်... အဆင်သင့်ဖြစ်ပြီ ဆိုရင်တော့ ဘာသာရေးခေါင်းဆောင်က အရိုက်ခံမဲ့ သူရဲ့ ဦးခေါင်းကို ခပ်တင်းတင်း ကိုင်ထားပြီး အုန်းသီးကို ခေါင်းနဲ့ ဆတ်ခနဲ ရိုက်ခွဲလိုက်တာ ဖြစ်ပါတယ်... ဒီပုံစံအတိုင်း တစ်ယောက်ပြီး တယောက် လုပ်သွားပြီး... လူတဦးကို မိနစ်ပိုင်းလောက်ပဲ ကြာမြင့်တယ်လို့ ဆိုပါတယ်... ဒီလို ရိုက်ခွဲနေချိန်မှာ တချို့က နာလွန်းအားကြီးလို့ မျက်နှာတွေ ရှုံ့မဲ့နေကြပါတယ်... တကယ်တမ်းဆို လုံးဝ ကြောက်ရွံ့ တွန်ဆုတ် မသွားတဲ့ သူတွေက အနည်းငယ်လောက်သာ ရှိပါတယ်... ဒီလိုပုဂ္ဂိုလ် အမျိုးအစားတွေ ကလည်း မကြာခဏ တရားအားထုတ်မှုတွေကို နက်နက်ရှိုင်းရှိုင်း လိုက်စားနေသူတွေပဲ ဖြစ်ပါတယ်... ပွဲအတွင်း ဒဏ်ရာ ရရှိသူတွေကို ကုသဖို့ ဆေးဝန်းထမ်တွေကိုလည်း အမြဲတမ်း အသင့်ဖြစ်အောင် ထားရှိပါတယ်...

ဒီလို အုန်းသီးကို လူဦးခေါင်းနဲ့ ရိုက်ခွဲတဲ့ ရိုးရာဟာ လူ့အသက်ကို အန္တရာယ်ဖြစ်စေတယ်လို့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ပါရဂူ ဒေါက်တာက Anil Kumar Peethambaran က သတိပေးထားပါတယ်... လူရဲ့ဦးခေါင်းခွံဟာ အတိုင်းအတာ တခုထိသာ ခံနိုင်ရည်ရှိပြီး အကယ်၍ ရိုက်ခွဲတဲ့အချိန် အုန်းသီး မကွဲပါက ဦးခေါင်းရိုး ပျက်စီးနိုင်တယ်လို့ ဆိုပါတယ်...

မည်သို့ပင် ဆိုစေကာမူ ဒီအစဉ်အလာကို သက်ဝင်ယုံကြည်နေကြတဲ့ သူတွေကတော့ ဒီအချက်ကို စိုးရိမ်ပူပန် မနေကြပါဘူး... ဒီလိုသတိပေး တားမြစ်မှုတွေ ကြားထဲကပဲ ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပ လာခဲ့တာဆိုရင် လွန်ခဲ့တဲ့ ၁၉ ရာစုကနေစလို့ ယနေ့အချိန်ထိပါပဲ........။



ref;odditycentral/ By Ko Myo
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...