ဆေးပညာ သတင်းဆန်းများ ၆၆
ဧပြီလ ၁၄ ရက်နေ့ဟာ နိုင်ငံတကာ စစ် အသုံးစရိတ် လျှော့ချရေး နေ့အဖြစ် ကမ္ဘာ့ကုလ သမဂ္ဂက သတ် မှတ်ထားတာပါ။ စစ်အသုံး စရိတ် တွေကို လျှော့ချဖို့ ဒီနှစ် ကြေညာချက်မှာ ထုတ်ပြန် ထားတာ ကတော့ ကျန်းမာရေးနဲ့ ပတ်သက် တာကြောင့် အနည်းငယ် တင်ပြလိုပါတယ်။ ၂၀၁၂ ခုနှစ်စစ်တမ်းအရ ကမ္ဘာ့ စစ်အသုံး စရိတ်ဟာ USD ထရီလီယံ ၁ ဒသမ ၅ သန်းရှိတယ်။ ဒီအရေ အတွက်ကို ထက်ဝက်လောက် သာ လျှော့ချပြီး ကလေး သူငယ်တွေ အတွက် အာဟာရ ဖွံ့ဖြိုးရေး၊ လူသားတွေ ကျန်းမာရေး အတွက် ရောဂါ ရှာဖွေရေး၊ ကုသရေး၊ သုတေသနပြုရေး၊ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ထိန်းသိမ်းကာ ကွယ်ရေးနှင့် တိုင်းပြည်တွေရဲ့ ရေရှည် အကျိုးစီးပွား ဖွံ့ဖြိုးမှုမှာ ရင်းနှီးမြှုပ်နှံရေး တို့အတွက် အသုံးပြုကြ ဖို့ ကမ္ဘာ့ ကုလ သမဂ္ဂအဖွဲ့ကြီးက တိုက်တွန်းလိုက် ပါသည်။ အခုလောလောဆယ် စစ်အသုံးစရိတ် သုံးစွဲနေ ကြတာဟာ အများအားဖြင့် လက်နက်ဝယ်ယူ စုဆောင်းမှု၊ ပြည်တွင်း ပြည်ပြ တိုက်ပွဲတွေမှာ ကုန်ကျမှု၊ နိုင်ငံခြားကို စစ်သားတွေ ပို့လွှတ်မှုနှင့် ထောက်လှမ်းရေးလုပ်ငန်းတွေမှာ အသုံးပြုနေကြတာလို့ ထောက်ပြထား ပါတယ်။ ဒါကြောင့် ပြည်တွင်းပြည်ပ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မှုတွေသာ အဆင်ပြေ ရင် ဒီစစ်အသုံး စရိတ်တွေဟာ အလိုလိုလျှော့ချ သွားနိုင်မယ်လို့ ဆိုထားပါတယ်။ လောလောဆယ်မှာ တော့ လူဦးရေ သန်းတစ်ထောင်ခန့်ဟာ အကြီးအကျယ်ဆင်းရဲနေရပြီး ဝင်ငွေနဲ့တွက်ရင် ကမ္ဘာ့လူဦးရေ နဲ့ ၁/၃ ဟာ တစ်နေ့ တစ်ဒေါ်လာအောက် ဝင်ငွေကိုသာ ရနေတယ်။ ငါးနှစ်အောက်ကလေး ခုနှစ်သန်း ဟာနှစ်စဉ် သေဆုံးနေရပြီး ကလေး သူငယ်ပေါင်းသန်း ၉၀၀ ကတော့ အစားအစာ ဝဝလင်လင် မစားသုံးရ ဘဲ ၆၁ သန်းက ကျောင်းမနေနိုင် ကြဘူးလို့ သိရကြောင်း တင်ပြလိုက် ရပါတယ်။
Obesity ရောဂါဟာ မကူးစက်တတ်တဲ့ ရောဂါဖြစ်
American Medical Assocication ကြီးကတော့ ၂၀၁၃ ခုနှစ်ဇွန်လကစပြီး Obesity ခေါ်တဲ့ အဝလွန် ခြင်းရောဂါတွေကို ဖြစ်စေတဲ့ အကြောင်း တစ်ခုထက် ရောဂါတစ်ခုအဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်ကြ ပါပြီ။ ဒါကြောင့် obesity ရောဂါဟာ မကူးစက်တတ်တဲ့ ရောဂါအုပ်စုထဲမှာ တစ်ခုအပါအဝင်ဖြစ်သွားပါ ပြီ။ ဒါကို Cardiologists နှင့် Endocrinologists ဆရာဝန်အုပ်စု နှစ်စုကလည်း အားတက်သရော ထောက်ခံခဲ့ကြတာပါ။ Obesity ဖြစ်သူတိုင်းကို လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်ကြဖို့တိုက်တွန်းထားပါ တယ်။ အဝလွန်တာဟာ နေထိုင်စားသောက်ပုံတစ်ခုတည်းကြောင့် ဖြစ်တာမဟုတ်ဘဲ ကိုယ်ခန္ဓာရဲ့ဦး နှောက်နှင့်ဓာတုအဖွဲ့အစည်း ပြောင်းလဲမှုကြောင့် ကိုယ်အလေးချိန်ကို မလျှော့နိုင်ဘဲဖြစ်ရတာလို့ လက်ခံ ထားကြပါတယ်။
အစာအိမ် ခွဲစိတ်မှုလုပ်ရင် အဝလွန်မှုကို လျော့သွားစေနိုင်
ဒီအဝလွန်မှုကို ကုသရာမှာလည်း အစာအိမ် လမ်းကြောင်းနှင့်ဆိုင်တဲ့ ခွဲစိတ်ကုသမှု (Bariatric Surgery) ကအဝလွန်မှုကို ၆၀ ရာခိုင်နှုန်းလျှော့ချနိုင်ပြီး သာမန်ဆေးဝါးနှင့် အစားအစာထိန်းချုပ်မှုက တော့ ၁၅ ရာခိုင်နှုန်းသာ လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။ အစာအိမ်ခွဲစိတ်မှုလုပ်ရင် အဝလွန်မှုကို လျော့သွားစေနိုင် မလားဆိုတာကိုလည်း သူ့ရဲ့ Gene ကိုစစ်ဆေးခြင်းဖြင့် မှန်းဆနိုင်တယ်လို့ဆိုပါ တယ်။ Chromoson 15 copy နှစ်မျိုးရှိတဲ့သူမှာ ခွဲစိတ်ကုသရင် ၄၀ ရာခိုင်နှုန်းလျော့သွားနိုင်ပြီး copy တစ်မျိုးပဲရှိတဲ့ လူမှာ ၃၃ ရာခိုင်နှုန်းလျော့ပြီး copy လုံးဝမရှိသူတွေမှာ ၃၀ ရာခိုင်နှုန်းအောက်ပဲ လျော့ သွားနိုင်တယ်လို့ဆိုပါတယ်။ ဒါကိုတော့ အမေရိကန်နိုင်ငံ မက်ဆာချူးဆက် အထွေထွေရောဂါကု ဆေးရုံကြီးက သုတေသီတွေရဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။ သူတို့ဟာဒီထက်ပိုပြီး Gene (၁၂) မျိုးကိုလည်း ထပ်မံစမ်းသပ်နေပြီး နောက်နှစ်နှစ်လောက်ကြာရင် အဝလွန်သူတွေထဲက ဘယ်သူ တွေဟာ အစာအိမ်ခွဲစိတ်မှုနဲ့ ပိုပျောက်နိုင် မလဲဆိုတာပြောနိုင်လိမ့်မယ်ဆိုတာ တင်ပြလိုက်ရပါတယ်။
ရောဂါဖြစ်နိုင်ခြေရှိခြင်းကို စောစီးစွာသိနိုင်
နောက်ဖော်ပြလိုတာက အမျိုးသမီးတွေနဲ့ဆိုင်တဲ့ သတင်းတစ်ပုဒ်ကလည်း စိတ်ဝင်စားစရာပါ။ Pap Semar ခေါ်တဲ့ သားအိမ်ခေါင်းက ခြစ်ပြီးယူလိုက်တဲ့ အသားစကပ်နေတဲ့ Swab လေးဟာ သားအိမ် ခေါင်းကင်ဆာတင်မကကျန်တဲ့ Ovarian Cancer Endometrical Cancer ခေါ်တဲ့ သားအိမ်အတွင်း ပိုင်း ကင်ဆာရောဂါတွေကိုပါ သိနိုင်တယ်လို့ဆိုပါတယ်။ ဒါကိုတော့ အမေရိကန်နိုင်ငံ John Hopkins တက္ကသိုလ်က ထုတ်ပြန်လိုက်တဲ့ သတင်းမှာဖော်ပြ ထားတာပါ။ သူတို့အဆိုအရ ယင်းသားအိမ်ဝ ထိပ်က ခြစ်ယူလိုက်တဲ့ အရည်ကြည်နှင့်အသားစကလေးပါတဲ့ Swab ကလေးကို ရောဂါဗေဒဆရာဝန် တွေက စစ်ဆေးလိုက်တဲ့အခါ Ovarian Cancer နှင့် Endometrical Cancer ရောဂါတွေမှာဖြစ်ပေါ်နေ တဲ့ Gene Mutation (ဗီဇပြောင်းလဲမှုပုံစံ) ကိုတွေ့နိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာရောဂါဖြစ်နိုင်ခြေရှိ ခြင်းကို စောစီးစွာ သိနိုင်တာဖြစ်တယ်။ သူတို့အတွေ့အကြုံအရ ဒီလိုစစ်ဆေးမှုဟာ Ovarian Cancer မှာ ၅၀ ရာခိုင်နှုန်း၊ သားအိမ်တွင်း ကင်ဆာကို ၁၀၀ ရာခိုင်နှုန်း ကြိုတင်ခန့်မှန်းနိုင်တယ်ဆိုတာ တင်ပြ လိုက် ရပါတယ်။
အီဘိုလာဗိုင်းရပ်(စ်) ရောဂါအကြောင်း
အာဖရိကတိုက် ဂီနီနိုင်ငံ လူတွေခံစားနေရတဲ့ အီဘိုလာဗိုင်းရပ်(စ်) ရောဂါအကြောင်းလည်း တင်ပြချင် ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကြေညာချက်အရ ဂီနီနိုင်ငံမှာလူပေါင်း ၂၀၀ နီးပါးခန့် ဒီရောဂါရခဲ့ ကြပြီး သုံးပတ်အတွင်း လူပေါင်း ၁၀၈ ဦးသေဆုံး ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့နဲ့အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ လိုင်ဘေးရီးယားနိုင်ငံမှာ ၂၃ ဦးသေဆုံးပြီး ဆီယာရာလီရွန်နိုင်ငံ၊ မာလီနိုင်ငံတို့ကိုလည်း ကူး စက်နေပြီလို့ သိရပါတယ်။ ဒီရောဂါတခြားနိုင်ငံတွေကို မကူးစက်ရအောင် ဒီရောဂါဖြစ်သူတွေကို လေ ကြောင်းလိုင်းတွေက မသယ်ဆောင်ဖို့ကိုလည်း တားမြစ်ထားပါတယ်။
ဒီရောဂါဟာလွန်ခဲ့တဲ့ ၁၀ စုနှစ်အတွင်း ဆူဒန်နိုင်ငံ၊ ဇိုင်ယာနိုင်ငံ၊ ကင်ညာနိုင်ငံမှာ လူတွေကိုသေစေခဲ့ တာဖြစ်ပါတယ်။ ဒီရောဂါဟာ ကုရာနတ္ထိဆေးမရှိတဲ့ ရောဂါဖြစ်ပြီးတစ်ပတ်မှ ၁၀ ရက်အတွင်း သွေး ထွက်လွန်တဲ့ အခြေအနေကြောင့် သေဆုံးရတာဖြစ်ပါတယ်။ ရောဂါဖြစ်စမှာ ဖျားခြင်း၊ ကြွက်သားတွေ အားလျော့လာခြင်း၊ အဆုတ်ရောင်ခြင်း၊ အသည်းရောင်ခြင်း၊ အရေပြားပေါ်တွင် အနီစက်များ တစ် ကိုယ်လုံးအနှံ့ ပေါ်ပေါက်ခြင်းတို့ဖြစ်ပြီး ပါးစပ်၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ စအိုစသည့် ကိုယ်ခန္ဓာရဲ့ ရှိသမျှအပေါက်တွေက သွေးထွက်ပြီး အသက်ဆုံးရှုံး သွားရတဲ့ရောဂါပါ။ တချို့အာဖရိကတိုက်ကို ခရီး သွားတဲ့ ဥရောပနိုင်ငံကလူတွေ တချို့မှာလည်းသူတို့နိုင်ငံကို ပြန်ရောက်တဲ့အခါ ဒီရောဂါဖြစ်ခဲ့ဖူး ကြောင်း တင်ပြလိုက်ရပါတယ်။
ဖန်ပြွန်သန္ဓေသားမွေးဖွားနှုန်းတိုး
ယခုဖော်ပြလိုတဲ့ သတင်းကတော့ အမေရိကန်နိုင်ငံမှာ ဖန်ပြွန်သန္ဓေသားမွေးဖွားနှုန်း (Test Tube Baby) ဟာတိုးလာတယ်ဆိုတဲ့ သတင်းပါ။ အမေရိကန်တစ်နိုင်ငံလုံးမှာ ၂၀၁၂ ခုနှစ်က ကလေးပေါင်း ၃ ဒသမ ၉ သန်းမွေးဖွားခဲ့ရာမှာ IVF ခေါ်တဲ့ (In Vitro Fertilization) နည်းနဲ့မွေးတဲ့ Test Tube Baby လို့အတိုကောက်ခေါ်တဲ့ US Society for Assisted Reporductive Technology အဖွဲ့ကြီးက ထုတ်ပြန် လိုက်တာပါ။ သူတို့အဖွဲ့ကြီးက အမေရိကန်နိုင်ငံတစ်ဝန်း အဖွဲ့ဝင်ဆေးခန်းပေါင်း ၃၇၉ ခုက မွေးဖွား မှုတွေကို စစ်တမ်းကောက်ယူပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။ သူတို့အဆိုအရ အမေရိကန်နိုင်ငံမှာ ၁၉၈၀ ပြည့်နှစ်လောက်ကစတင်ပြီး ပြုလုပ်ခဲ့တဲ့မွေးဖွားမှုတွေမှာ ဒီ ၂၀၁၂ ခုနှစ်ဟာ အမြင့်ဆုံးဖြစ် တယ်လို့ ဆိုပါတယ်။ ကလေးမိခင်တစ်ယောက်ဟာ ၃၅ နှစ်မကျော်သေးခင်မွေးတာဟာ အန္တရာယ် ကင်းပြီး အသက် ၄၂ နှစ်ကျော်မွေးတာဟာ ကလေးအတွက်ရော မိခင်အတွက်ပါ ၁၀ ဆပိုပြီး အန္တရာယ်ရှိနိုင် တယ်လို့ ဆိုပါတယ်။ ဒီလို IVF မွေးနည်းကို အင်္ဂလန်နိုင်ငံသားဖွားမီးယပ်ဆိုင်ရာ ဆရာ ဝန်ကြီးတွေက စတင်စမ်းသပ်ခဲ့တာဖြစ်ပြီး ပထမဆုံး Test Tube Baby ကို ၁၉၇၈ မှာ မွေးခဲ့ကြောင်း တင်ပြလိုက်ရ ပါတယ်။
သွေးကင်ဆာရောဂါအတွက် အားတက်စရာ
နောက်ဖော်ပြလိုတဲ့ သတင်းတစ်ပုဒ်ကတော့ Leukemia ခေါ်တဲ့သွေးကင်ဆာ အမျိုးအစားထဲမှာတစ် မျိုးဖြစ်တဲ့ B cell Acute Lymphoblastic Leukemia B-ALL ရောဂါကို ပျောက်ကင်းအောင်ကုနိုင်တဲ့ ကုထုံးကို တွေ့ရပြီဆိုတဲ့ သတင်းပါ။ ဒီသတင်းကိုတော့ အမေရိကန်နိုင်ငံ ဝါရှင်တန်စီးတီးက Mem-orial Sloan Kettering Cancer Centre ကဆေးပညာရှင်တွေရဲ့ တွေ့ရှိချက်ကို Science Transla-tional Medicine ဂျာနယ်မှာ ဖော်ပြထားတာပါ။ ဒီရောဂါရှင်တွေရဲ့ Immune Cell ဖြစ်တဲ့ T Cell ကို Genetic Engineering နည်းပညာနှင့် Gmodified လုပ်ပြီးသွေးထဲကို ပြန်သွင်းကုသနည်းဖြစ်တယ်လို့ ဆိုပါတယ်။ ယခင်က ဒီရောဂါမျိုးဖြစ်လာရင် ဆေး Chemotherapy ဆေးသွင်းကုသနည်း၊ သွေးသွင်း ကုသနည်း၊ Bone Marrow Transplant နည်းတွေနဲ့သာ ကုသခဲ့ရပြီး ရောဂါဟာပျောက်လိုက် ပြန်ပေါ် လိုက်ဖြစ်ပြီး အသက်ဆုံးရှုံးခဲ့ရတာပါ။ ဒီကုထုံးမှာ လူနာရဲ့သွေးထဲက ကိုယ်ခံအား T Cell ကိုထုတ်ယူ ပြီး Genetic Engineering နည်းနဲ့ပညာပေး (Reeducate) လုပ်ပြီး ကင်ဆာ Cell ကိုပိုမှတ်မိပြီး ပိုဖျက် ဆီးနိုင်အောင် လေ့ကျင့်ပြီးသွေးထဲကို ပြန်သွင်းကုသပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကုထုံးပေါ်လာ တာဟာ နောက် ကုရခက်တဲ့ သွေးကင်ဆာရောဂါတွေ အတွက်လည်း အားတက်စရာဖြစ်တယ်ဆိုတာ တင်ပြရင်း ယခု အပတ်ဆေးပညာသတင်းဆန်းများ တင်ပြခြင်းကို နိဂုံးချုပ်လိုက်ရပါတယ်။ ။
မြန်မာ့အလင်းသတင်းစာ
ဇူလိုင် ၁၅ ရက်၊ ၂၀၁၄ ခုနှစ်

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook