ဂြိုဟ်တု လွှတ်တင်ရာတွင် အသုံးပြုသော Launch Vehicle များ အကြောင်း

ဂြိုဟ်တုများ၏ ကွဲပြား ခြားနားသော လုပ် ဆောင်နိုင်မှု၊ သို့မဟုတ် အမျိုးအစားပေါ် မူတည်၍ ၄င်းတို့ကို လွှတ်တင် ရာတွင် အသုံးပြုသည့် Launch Vehicles များ သည်လည်း ကွဲပြား ခြားနား ကြပါသည်။ ဂြိုဟ်တုလွှတ် တင်မှုတွင် လုပ်ငန်း ဆောင်တာ များသည် တစ်ခုနှင့် တစ်ခု ဆက်စပ် နေပေသည်။ ဥပမာအနေဖြင့် ဂြိုဟ်တု တစ်ခုကို လွှတ်တင်မည် ဆိုပါက ပထမဦးဆုံး စဉ်းစားရမည်မှာ မည်သည့် ရည်ရွယ် ချက်ကြောင့် ယခုကဲ့သို့ လွှတ်တင် ရခြင်းဖြစ်သည် ဆိုခြင်းပင်ဖြစ်ပါသည်။ ထိုသို့ ရည်ရွယ်ပြီးပါက ၄င်းရည်မှန်းချက် အတွက် ဂြိုဟ်တုအား တာဝန် ထမ်းဆောင်နိုင်ရန် မည်သည့် ပတ်လမ်းတွင် တာဝန် ထမ်းဆောင်စေမည် ဆိုခြင်းဖြစ်သည်။

ထိုသို့ တာဝန် ထမ်းဆောင်နိုင်ရန် အတွက် စဉ်းစားရသော အကြောင်းအရာမှာ Launch Vehicle များကို ရွေးချယ်နိုင် ရန်ပင်ဖြစ်ပေသည်။ ပထမဦးဆုံးအနေဖြင့် “ဂြိုဟ်တု သမိုင်းကြောင်းအား လေ့လာကြည့်ခြင်း ” ဆောင်းပါးတွင် ရေးသားခဲ့သည့် အတိုင်း ကမ္ဘာမြေကြီး၏ အထက်ပိုင်းကို လေ့လာရန် အလို့ငှာ ဂြိုဟ်တု ကဲ့သို့ အချက်အလက် များစုဆောင်းနိုင်သည့် သိပ္ပံပစ္စည်းများအား Hot Air Balloons နှင့် Sounding Rockets များကို အသုံးပြု၍ လွှတ်တင်ခဲ့ ကြပါသည်။ အဆိုပါ Hot Air Balloons နှင့် Sounding Rockets တို့သည် Launch Vehicle များ၏ သမိုင်းအစပင်ဖြစ်ပါသည်။

အလုပ်လုပ်ဆောင်မည့် ပတ်လမ်းပေါ်မူတည်၍ Launch Vehicle များကိုရွေးချယ်ရာ၌ အနိမ့်ပတ်လမ်း များ (Low Earth Orbits) ပေါ်လွှတ်တင်မည့် ဂြိုဟ်တုများအတွက် Smaller Launch Vehicle များကို ရွေးချယ်ပြီး Geostationary ပတ်လမ်းများပေါ် လွှတ်တင်မည့်ဂြိုဟ်တုများအတွက် Giant Launch Vehicle များကို ရွေးချယ်အသုံးပြုရပါသည်။ ဂြိုဟ်တုအမျာအပြားကို ဦးစွာအပြိုင်အဆိုင်လွှတ်တင်ခဲ့သော ရုရှားနှင့် အမေရိကန်ပြည်ထောင်စုတို့အနေဖြင့် အာကာသနည်းပညာဆိုင်ရာတွင် မဟာအင်အားကြီး နိုင်ငံများ ဖြစ်လာရန်အတွက် ဂြိုဟ်တုများကို အပြိုင်အဆိုင် သူ့ထက်ငါ ပိုမိုမြင့်မားသော ပတ်လမ်းတွင် လုပ်ငန်းလုပ် ဆောင်နိုင်ရန် ကြိုးစားလာကြရာမှ launch vehicle များသည်လည်း တဖြည်းဖြည်းဖြင့် ဖွံဖြိုးတိုးတက် လာပါတော့သည်။

ရုရှားနိုင်ငံအနေဖြင့် ၁၉၅၇ ခုနှစ်တွင် လွှတ်တင်ခဲ့သော Sputnik-1 ဂြိုဟ်တုအား Semyorka ဟု အမည်ပေးထားသော အဆင့်တစ်ဆင့်ပါ R-7 ဒုံးပျံ Launch Vehicle ကိုအသုံးပြုခဲ့ကြပါသည်။ သို့သော် ရုရှားနိုင်ငံအနေဖြင့် နောက်ပိုင်းတွင် များပြားသော လုပ်ငန်းများအတွက် ကြီးမားသော Launch Vehicle များကို အများအပြား ထုတ်လုပ်ခဲ့ကြပါသည်။ ရုရှားနိုင်ငံ၏ ထင်ရှားသော launch vehicle များမှာ Vostok Series၊ Molniya Series၊ Soyuz Series၊ Proton Series၊ Zenit Series နှင့် Energia Series တို့ဖြစ်ကြပါသည်။ Energia Series များအနေဖြင့် Payload တန်ချိန် ၆၅ မှ ၂၀၀ တန်ထိ သယ်ဆောင် နိင်ပြီး ပတ်လမ်းအနိမ့် အတွက် ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။

အမေရိကန်မှ ထုတ်လုပ်ခဲ့သော ထင်ရှားသည့် Launch Vehicle များမှာ Delta Series၊ Atlas Series၊Titan Series၊ Pegasus Series နှင့် Space Shuttel တို့ဖြစ်ကြသည်။ ရုရှားနိုင်ငံထုတ် Buran မှာမူ အမေရိကန်၏ Space Shuttle နှင့် ပုံသဏ္ဍာန်အပြင် အချိုးအစားတည်ဆောက်ပုံမှာ တူညီမူရှိနေခဲ့ပေ သည်။

သို့သော် Space Shuttle ဆင်တူမူရှိခဲ့သည်ဟုဆိုသော်လည်း Buran တွင် ကိုယ်ပိုင်မောင်းနှင်နိုင်သည့် စနစ်မပါဝင်ဘဲ Energia Launch Vehicle ကိုအသုံးပြု၍သာ ပတ်လမ်းအတွင်းသို့ လွှတ်တင်ခဲ့ခြင်းဖြစ် ပါသည်။ ဆက်လက်၍ ဥရောပအာကာသအေဂျင်စီ (ESA) ၏ Ariane-5 Heavey Launch Vehicle အနေဖြင့် ၅ ဆက်မြောက်မျိုးဆက်အဖြစ် ၀င်ေ၇ာက်လာခဲ့ပြီး ၄င်းသည် ၁၂ တန်သယ်ဆောင်နိုင်ကာ Geostationary ပတ်လမ်းသို့ ရောက်အောင်ပို့ဆောင်နိုင်ပေသည်။

ဆက်လက်၍ တရုတ်မှ Long March ကိုလည်းကောင်း၊ အိန္ဒိယမှ PSLV နှင့် GSLV ကိုလည်းကောင်း၊ ဂျပန်နိုင်ငံမှ H-2 Series များကို တည်ဆောက်၍ ဂြိုဟ်တုလွှတ်တင်ရာတွင် အသုံးပြုခဲ့ကြပါသည်။

နိဂုံးချုပ်အနေဖြင့် ကမ္ဘာပေါ်တွင် ဂြိုဟ်တုများကို Launch Vehicle များအသုံးပြု၍ ဒုံးပျံလွှတ်တင်သည့် စခန်းများမှာ ၅၀ ကျော်ခန့်ရှိပြီး ၁၉၅၇ ခုနှစ်မှစတင်၍ ဂြိုဟ်တုပေါင်း ၅၀၀၀ ကျော်ကို ကမ္ဘာအနှံရှိ စခန်းများမှ လွှတ်ခဲ့ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။ နောင်တွင်လည်း Techspace Journal ဂျာနယ်အား အစဉ်အမြဲဖတ်ရှုလေ့လာအားပေးနေသည့် ပရိတ်သက်ကြီးအတွက် ဂြိုဟ်တုနည်းပညာနှင့် ပတ်သက်သော ဆောင်းပါးများအား အလျင်းသင့်သလို ရေးသားဖော်ပြသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။


Ref:Satellite Technology (Second Edition)
Author ( Anil K.Maini & Varsha Agrawal)
WorldWide(BMSTU)
TechSpace Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook



ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...