Polygamy and Health (1) မယား များများ ယူရင် (၁)

Polygamy ‘ပိုလီဂမီ’ ဆိုတာ မိန်းမ တယောက်မက ယူတာကို ခေါ်ပါတယ်။ ယောက်ျား တယောက်မက ယူတာကိုတော့ Polyandry ‘ပိုလီအန်ဒရီ’ လို့ ခေါ်တယ်။ ‘အုပ်စုလိုက် မင်္ဂလာဆောင်ခြင်း’ လို့ခေါ်တယ်။ မိန်းမတယောက်ကနေ ညီအစ်တွေကို ယူတာကြတော့ Fraternal polyandry ‘ဖရက်တာနယ် ပိုလီယန်ဒရီ’ ခေါ်တယ်။

ဟိန္ဒူဘာသာဝင်တွေမှာ ‘ပိုလီဂမီ’ ရှိတယ်။ ‘မဟာဘာရတ’ ထဲက ‘ဒရာအူပါဒီ’ ဟာ ‘ပန်ဒါဘာ’ ညီအကို ၅ ယောက်ကို ယူထားတယ်။ ‘ရာမယန’ ထဲက ‘ရာမ’ ဘုရင်မှာ မိဖုရား ၃ ပါးရှိတယ်။ ‘လော့-ခရစ်ရှနာ’ မှာ မိန်းမပေါင်း ၁၆၁ဝ၈ ယောက် ယူထားတယ်။ ခုခေတ်မှာ aတာ့ ဟိန္ဒူတွေက တလင်တမယား မဟုတ်ရင် အပြစ်ဖြစ်တယ်လို့ လက်ခံလာကြတယ်။

ဗုဒ္ဓဘာသာမှာ ရဟန်းဝတ်ရင်၊ ဥပုသ်စောင့်ရင် အိမ်ထောင်သားမွေးကိစ္စ လုံးဝရှောင်ကျဉ်ရတယ်။ ဂျပန် ဗုဒ္ဓဘာသာ မှာတော့ ဓမ္မကထိကတွေနဲ့ ဘုန်းကြီးတွေက မိန်းမယူနိုင်ကြတယ်။ ဗုဒ္ဓဘာသာအများစုရှိတဲ့ ထိုင်း၊ သိရိလင်္ကာနဲ့ မြန်မာနိုင်ငံတွေမှာ မိန်းမ တယောက်မက ယူတာကို ဥပဒေအရတော့ ခွင့်ပြုထား တယ်။ ယေဘုယျပြောရရင် ဗုဒ္ဓဘာသာမှာ လူမှုရေးအရ လက်ခံတာရှိပေမဲ့ အားမပေးဘူး။ အတန်းအစား ခွဲခြားခံရမယ်။ တရုတ်နိုင်ငံမှာ ဗုဒ္ဓစာပေတွေကို ဘာသာပြန်တော့ အမြှောင်မယားတွေကို သရော်တဲ့ သဘော ရေးထားတယ်။ တိဘက်မှာတော့ သိပ်မနှိမ်ဘူး။ ဖအေ နဲ့ သား၊ မယားတယောက်ထဲကို အတူယူထားတာမျိုးပါရှိတယ်။

‘ဂျူဒဇင်’ မှာ မိန်းမ တယောက်မက ယူတာကို လက်တွေ့သဘောဆောင်တဲ့ ထွက်ပေါက် နည်းလမ်း သဘော ယူဆတယ်။ သဘာဝကပ်ဘေးဆိုက်နေချိန်၊ မိန်းမက ကလေးမရနိုင်တာ၊ မုဆိုးမဖြစ်သွားတဲ့ မရီး-ခယ်မကိုယူတာမျိုး လုပ်တယ်။ ဒီခေတ်မှာတော့ ‘ပိုလီဂမီ’ ကို အစ္စရေးလ်မှာ တရားဥပဒေနဲ့ တားမြစ် ထားတယ်။

နာဇီခေတ်က ဂျာမနီမှာ ယောက်ျားတွေ အများကြီးစစ်ထဲဝင်ကြ၊ သေဆုံးရလို့ ဂျာမန်မတွေ ၃-၄ သန်း အိမ်ထောင်ဖက် ရှာမရကြဘူး။ အဲဒါနဲ့ ကလေးလိုချင်တဲ့ မိန်းမတွေက သင်တော်မဲ့ယောက်ျားကို လျှောက်လွှာ တင်ဘို့ စီမံမှုတွေ လုပ်ပေးရတယ်။ မိန်းမရှိပြီးသူတွေလဲ မိန်းမထပ်ယူစေတယ်။ မိန်းမကြီး ကိုတော့ ‘ဒိုမီနာ’ ဘွဲ့နဲ့ ဦစားပေးတယ်။ စစ်တိုက်ကောင်းတဲ့ စစ်သားဟာ မိန်းမချောနဲ့ ထိုက်တန်တယ် လို့လဲ သတ်မှတ်သေးတယ်။

ခရစ်ယာန်တွေမှာလဲ အယူအဆမတူကြဘူး။ ‘ရိုမန်ကက်သလစ်-ချပ်ခ်ျ’ က ရှုံ့ချတယ်။

‘အစ္စလမ်’ ဘာသာမှာ မယား ၄ ယောက်အထိ ယူခွင့်ရှိတဲ့ ‘ပိုလီဂမီ’ ကို ခွင့်ပြုတယ်။ အားပေးတယ်။ လိုက်နာကြတယ်။ နိုက်ဂျီးရီးယားမှာ ‘မဟာမက် ဘယ်လို အဘူဘာကာ’ ဆိုသူမှာ မယားပေါင်း ၈၆ ယောက်၊ ကလေးပေါင်း ၁၇ဝ ရှိနေတာကို ‘ရှာရီယာ’ ဥပဒေ အရ ပိုနေတဲ့ မယား ၈၂ ယောက်ကို မကွာရှင်းရင် သေဒဏ်ပေးမယ်ဆိုတဲ့သတင်း ၂ဝဝ၈ ခုနှစ် သြဂုတ်လထဲမှာ ဘီဘီစီ က ထုတ်လွှင့် ဘူးတယ်။

၂ဝ၁၁ နိုဝင်္ဘာ ၄ ရက်နေ့သတင်းတခုမှာ မလေးရှား အာဏာပိုင်တွေကနေ Islamic Sex: Fighting Jews to Return Islamic Sex to the World ‘အစ္စလမ်နည်းကျ လိင်ဆက်ဆံကြ။ အစ္စလမ် လိင်မှု ရေးရာ ကမ္ဘာမှာ ပြန်လာနိုင်အောင် ဂျူးတွေကို တိုက်ကြလော့’ ဆိုတဲ့ စာမျက်နှာ ၁၁၅ ပါစာအုပ်ကို တားမြစ်လိုက်ပါတယ်။ ဒီစာအုပ်က မိန်းမတွေ အများကြီး ယူတာကို အားပေးတဲ့ Obedient Wives Club ‘နာခံကျိုးနွံသော မိန်းမများကလပ်’ ကနေ ပြီးခဲ့တဲ့လက ထုတ်ဝေတာ ဖြစ်ပါတယ်။ စာအုပ်ထဲမှာ ငယ်ရွယ် တဲ့ ဇနီးလောင်း မိန်းကလေးတွေဟာ သူတို့ ယောက်ျားတွေ အိပ်ခန်းထဲမှာ ကျေနပ်မှု ရစေအောင် ကိုယ့်ကိုယ်ကို ဘယ်လိုပျိုးထောင်မလဲ ဆိုတဲ့ လမ်းညွှန်ချက်တွေ ပါတယ်။

စာအုပ် ထုတ်ရတာရဲ့ ရည်ရွယ်ချက်ကတော့ “မိန်းမ အများစုဟာ ကိုယ်ခန္ဓာ တစိတ်တပိုင်းကိုသာ အသုံးချပြီး၊ သူတို့ ယောက်ျားတွေအတွက် လိင်ပိုင်းဆိုင်ရာမှာ ၁ဝ% လောက်သာ ကျေနပ်မှုပေးနေ ကြတယ်” လို့ ဆိုပါတယ်။ ဆက်ပြီး ထောက်ပြသေးတာက “ယောက်ျားတွေမှာ ဝိဥာဉ်ပိုင်းဆိုင်ရာမှာ အဆင့်တခုရဘို့ဆိုရင် မိန်းမတွေ အများကြီးကို တပြိုင်နက်တည်း ယူရမယ်။ ဒီလို အစ္စလမ်-လိင်မှုဟာ သန့်ရှင်း စင်ကြယ်တယ်။ အချစ်ကို အခြေခံတယ်။ ဒါဟာ ဂျူးဝါဒကို တိုက်နိုင်စွမ်းရှိတဲ့ လက်နက်ကောင်း တခုလဲ ဖြစ်တယ်။ ဒါ့ကြောင့် ကမ္ဘာကိုအောင်နိုင်ဘို့ လိင်လွတ်လပ်မှု ပြုကြလော့။”

ဒါပေမဲ့ ဒီစာအုပ်ကိုရော အဖွဲ့ကိုပါ မလေးလူမျိုးအတော်များများက ရှုံ့ချကြတယ်။ မွတ်ဆလင်အများစုနိုင်ငံ တွေဖြစ်တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားမှာ ၂ဝ၁၁ နှစ်ထဲမှာ စစ်တမ်းကောက်တော့ မယားအများအပြား ယူတာကို ဆန့်ကျင်ကြတယ်။ တိုးတက်တဲ့အမြင်ရှိတဲ့ နိုင်ငံဖြစ်ချင်ကြတဲ့ အလတ်တန်းစား မွတ်ဆလင် တွေက အဲလိုမြင်ကြတာပါ။ ဒါ့ကြောင့် အစိုးရက စာအုပ်ကို ပြန်ဆန်းစစ်ပြီး တရားမဝင်အဖြစ် သတ်မှတ် လိုက်ရတာဖြစ်တယ်။ စာအုပ်နောက်ကွယ်မှာ ၁၉၉ဝ တုံးက တရားမဝင် သတ်မှတ်ခံထားရတဲ့ Al-Arqaam ‘အယ်လ်-အာကွမ်’ အဖွဲ့နဲ့ ဆက်စပ်မှုရှိတာလဲတွေ့ရတယ်။ Global Ikhwan ‘ဂလိုဘယ် အတ်ကွမ်’ ရဲ့အစွယ်အပွါးလဲဖြစ်တယ်။ တရားမဝင် လုပ်လိုက်တာမို့ အဲဒီ စာအုပ်ငယ်ကို လက်ဝယ်တွေ့ ရင် ဒေါ်လာ ၁၆ဝဝ ဒဏ်ရိုက် ခံရပါလိမ့်မယ်။

နာခံကျိုးနွံကြကုန်သော မိန်းမများကလပ်ရဲ့ အကြီးအကဲ ‘ဖေါ်ဇာ အာရီဖင်’ ကပြောတာကတော့ -
“အဲလိုတရားမဝင် လုပ်လိုက်လို့ ကျမတို့မှာ ပြဿနာဖြစ်စရာ မရှိပါဘူး။ အစိုးရ ဆုံးဖြတ်တာတော့ လက်ခံ ရမှာပေါ့။ ဒါပေမဲ့ သိပ်ဂရုမစိုက်ပါဘူး။ ကော်ပီ ၃ဝဝဝ ရိုက်ထားတယ်။ ‘ငှက်ပျောကြော်ပူပူလေး’ လို ရောင်းကောင်းမှာပေါ့ရှင့်။ စာအုပ်ဖတ်ပြီး ကြိုက်တဲ့သူတွေလဲရှိလို့ အစိုးရလုပ်တာ မှုစရာမလိုဘူးလေ။ အခုလို အထစ်အငေါ့ရှိတာကိုက ကျမတို့အဖွဲ့ကို စိတ်ဝင်စားမှု ပိုလာကြတော့မှာပေါ့။ မိန်းမတွေရော ယောက်ျားတွေပါ လှမ်းစုံစမ်းနေကြတယ်၊ အတိုင်ပင်ခံ ရချင်ကြသူတွေလဲ ရှိလာတယ်။ ကျမတို့အဖွဲ့မှာ ဦးရေသိပ်မတိုးပါဘူး။ ဝင်ခွင့်ကိုလဲတင်းကြပ်ထားတယ်။ ISO နိုင်ငံတကာ စံချိန်စံညွှန်း သတ်မှတ်ရေး အဖွဲ့လိုမျိုး ကိုယ့်ဖါသာ လုပ်ထားတယ်ရှင့်။”

ဒီအဖွဲ့မှာ အဖွဲ့ဝင် ၈ဝဝ-၂ဝဝဝ ရှိပါမယ်။ မလေးရှားအပြင် အင်ဒိုနီးရှား၊ စင်္ကာပူ၊ သြစတြေးလျ၊ ပြင်သစ် နဲ့ ‘ယူကေ’ မှာ အဖွဲ့ခွဲတွေ ရှိတယ်။ ‘မက္ကာ’ မှာ ဌာနချုပ်ထားတယ်။ ‘ကျိုးနွံတဲ့ဇနီးများကလပ်’ အတွက် အခုလို လူတွေကို မနှစ်မြို့စေတဲ့ အငြင်းပွါးစရာမျိုးဟာ အဆန်းတော့ မဟုတ်ပါ။ ဒီနှစ် ဇွန်လထဲမှာဘဲ အဖွဲ့ ဒု-ဥက္ကဋ္ဌ ‘ရိုဟာယာ မိုဟာမက်’ ကနေ အမျိုးသမီးအခွင့်အရေး အဖွဲ့တွေကို ဒေါသသင့်စေခဲ့ပါသေးတယ်။

“အိမ်ထောင်ရေး အဆင်ပြေချင်ရင် အထက်တန်းစား ကြေးစား-မိန်းမတွေလိုကျင့်ပါ။ ကိုယ့်ယောက်ျားကို အကုသိုလ် မလုပ်စေအောင် သူ့အလိုဆန္ဒ မှန်သမျှ ပြည့်ဝအောင် ဖြည့်ပေးပါ” လို့ သူမကနေ အကြံပေးခဲ့ တယ်။

‘ဖေါ်ဇီယာ’ ကပြောပါသေးတယ်။ “ကျမတို့က နောက်စာအုပ်တောင် ထုတ်မလို့ဘဲ။ အခုတော့ တမျိုးလုပ် ရတော့မှာပေါ့။ စာအုပ် မဟုတ်တော့ဘဲ အင်တာနက် စာစောင် နဲ့ အင်တာနက် ‘ဘူလက်တင်’ တွေ လုပ်ပါမယ်။ ကျမတို့က ဥပဒေ ဘောင်ထဲကနေ လင်နဲ့မယား လိင်ဆက်ဆံမှုကိုသာ အားပေးမှာပါ။ ဒါက မြင့်မြတ်တယ်။ အိမ်မှာ ကိုယ့်မယားကို ‘နတ်မိနယ်’ နဲ့ တူတယ်လို့ ပြောရင် သိပ်နားမလည်ကြဘူး။ ‘အိန်ဂျယ်လ်’ ဆိုတာဟာ ပဌမတန်းစား ကြေးစားမိန်းမလို့ ပြောလိုက်ရင် ဒီ ‘အိန်ဂျယ်လ်-ကွန်ဆက်ပ်’ ကို တန်းသိတယ် မဟုတ်လား။"

စာအုပ်ထဲမှာ ယောက်ျားတွေကို ကျေနပ်မှုပေးစွမ်းနိုင်တဲ့ နည်းနာပေါင်း တသောင်းပါရှိတယ်။ တိုတိုနဲ့ လိုရင်း ရှင်းရှင်း ဖေါ်ပြထားပါတယ်။ အနောက် ‘မီဒီယာ’ တွေကနေ ဒါကို အုပ်စုလိုက် လိင်ဆက်ဆံ တာကို အားပေးတာရာ ကျတယ်လို့ ပြောတာမဟုတ်ပါ။ စာအုပ်ထဲမှာ ယောက်ျားက ဘယ်လိုဘယ်ပုံ သူ့မိန်းမ လေးယောက်နဲ့ အတူတူတပြိုင်နက်ထဲ မြင့်မြတ်တဲ့ လိင်ဆက်ဆံမှု’ ပြုနိုင်တယ် ဆိုတာကိုသာ ဆွေးနွေးတာပါတယ်။

‘ဂလိုဘယ် အတ်ကွန်’ ရဲ့ ‘ရိုဇီတာ ဆူပန်ဒီ’ ကနေပြောတာက “သင်ပေးတဲ့သူတွေရော သင်တန်းသူ တွေပါ စိတ်ထဲမှာတော့ တမျိုးကြီး ဖြစ်ကြမှာပါဘဲ။ ဒါပေမဲ့ အလာရှင် အလိုဆန္ဒအရ ဖြစ်တာပါ။ အပြာ ကားတွေ ကြည့်တာမျိုး မဟုတ်ဘူး။ ယောက်ျားတွေက ဘယ်လို ပြုစုတာမျိုးကို ကြိုက်ကြတယ်ဆိုတာ သင်ပေးတာဖြစ်ပါတယ်။”

ရုပ်ရှင်ထဲမှာလဲ ပိုဆန်းတာတွေ လုပ်သေးတယ်။ Star Trek ရုပ်မြင်သံကြား ဇာတ်လမ်းတွဲထဲက ဒေါက်တာ ‘ဖလောက်စ်’ မှာ မိန်းမ ၃ ယောက်ရှိတယ်။ အဲဒီ မိန်းမတွေမှာလဲ ယောက်ျား ၃ ယောက်စီ ရှိကြတယ်။ လူတွေတော့ မဟုတ်ဘူး။ ဒီကြားထဲ သူ့မိန်းမတယောက်က လူယောက်ျားနဲ့ ချစ်ကြိုးသွယ် တော့ လူသားမဟုတ်တဲ့ဆရာဝန်က အားတောင်ပေးသေးတယ်။

ဒီစာဟာ ကျန်းမာရေးစာဖြစ်လို့ ဘာသာရေးဥပမာတွေကို အနည်းအကျဉ်းသာရေးတာမို့ ငြင်းစရာတွေ ရှိမှာကို ဝန်ခံပါတယ်။ Polygamy and Health (2) မယား များများယူရင် (၂) ကိုလဲ ဖတ်နိုင်ပါတယ်။


ဒေါက်တာတင့်ဆွေ
၆-၁၁-၂ဝ၁၁
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...