Polygamy and Health (2) မယား များများ ယူရင် (၂)

အရင်ကဆိုရင် မွတ်ဆလင် တိုင်းပြည်တွေမှာ ဘာသာရေး ဓလေ့ထုံးစံ တွေကြောင့် HIV/AIDS ရောဂါ ကာကွယ်မှု ရစေတယ်လို့ ထင်မှတ်ခဲ့ ကြတယ်။ ဥပမာ ယောက်ျားလေး မှန်သမျှ ပန်းအဖျား လှီးဖြတ်စေတာမျိုးဟာ HIV/AIDS ကို ကာကွယ်နိုင်တယ်လို့ သုတေသနတချို့က ထောက်ခံလာတယ်။ WHO တောင် ပါတယ်။

ကျွန်တော့်အမြင်က မဆိုင်ဘူးလို့ ယူဆတယ်။ သုတေသနလုပ်တာတွေ နည်းသေးတယ်။ ရလဒ်တွေ ဖတ်တာ အချိန် သိပ်စောသေးတယ်လို့ ထင်ပါတယ်။ ကျန်းမာရေးမှာ နိုင်ငံရေးတွေသိပ်များနေသလား သံသယရှိတယ်။ HIV/AIDS ရောဂါကို ထိရောက်တဲ့ တခြားနည်းသုံးပြီး ကာကွယ်စေဘို့ မလိုတော့ဘူး ထင်သွားစေနိုင်တယ်။

မွတ်ဆလင် နိုင်ငံတွေမှာ Premarital sex အိမ်ထောင်မပြုခင် လိင်ဆက်ဆံတာ၊ Adultery အိမ်ထောင် ရေး ဖေါက်ပြားတာ၊ Prostitution ကိုယ်ခန္ဓာရောင်းစားတာ၊ Homosexuality လိင်တူဆက်ဆံတာ နဲ့ Intravenous drug use မူးယစ်ဆေး ထိုးတာတွေ နည်းပါးတယ်။ ဒါပေမဲ့ တချို့ ဘာသာရေးအခြေခံ ခေါင်းဆောင်တွေက HIV/AIDS seminar (ဆီမီနာ) လုပ်တာကို သပိတ်မှောက်ကြတယ်။ ၁၉၉၅ မှာ အင်ဒိုနီးရှား Council of Ulemas ဘာသာရေးကောင်စီက (ကွန်ဒွမ်) ကို လက်ထပ် လင်မယားတွေ ကိုသာ ဆရာဝန်လက်မှတ်နဲ့ ရောင်းရမယ်လို့ လုပ်ခဲ့တယ်။ အိမ်ထောင်မဟုတ်ဘဲ လိင်ဆက်ဆံတာကို ဘာသာရေးတင်းကြပ်မှုနဲ့ တားနိုင်တယ်လို့ယူဆတာမို့ လုပ်တယ်လို့ဆိုပါတယ်။

ကမ္ဘာမှာ မွတ်ဆလင်ဦးရေ ၁့၃ ဘီလျန်ရှိတယ်။ ဒါပေမဲ့ HIV/AIDS ရောဂါနဲ့ပတ်သက်ရင် ဆွေးနွေးကြ တာနည်းတယ်။ စာရင်းဇယားရတာလဲ မလုံလောက်ဘူး။ ရတာတွေကလဲ မယုံလောက်ဘူး။ UNAIDS ကနေ ခန့်မှန်းတာက မြောက်ပိုင်း အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသနဲ့ မွတ်ဆလင်များရာ အာရှဒေသ တွေမှာ HIV ရှိသူ လူ ၁ သန်းရှိနိုင်တယ်။ ဒါတောင် အာဖကန်နစ္စတန်၊ တူရကီ နဲ့ ဆိုမာလီမှာ စာရင်း ဇယား မရှိကြဘူး။ စမ်းသပ်မှုနှုန်းလဲ နည်းလွန်းတယ်။

နောက်ဆုံးရ UNAIDS update တွေမှာ မွတ်ဆလင်နိုင်ငံတွေကနေ စာရင်းမရတာ ဆက်တွေ့နေရသေး တယ်။ ဘယ်သာသာယူတဲ့ ဘယ်ဒေသတွေမှာဖြစ်ဖြစ် HIV/AIDS တိုက်ဖျက်ရေးဆိုတာ အမျိုးသမီး အများစုနဲ့ သိပ်ဆိုင်နေတယ်။ အမျိုးသမီး အခွင့်အရေး နိမ့်ကျနေရင် ရောဂါတိုက်ဖျက်ရေး မအောင်မြင်နိုင် ဘူး။ မိန်းမက ယောက်ျားကို ဘာမှအတွန့် မတက်ရတဲ့ ဘာသာရေး-လူမှုရေး အလေ့အထတွေကလဲ အဟန့်အတား ဖြစ်စေတယ်။

မွတ်ဆလင်ဦးရေ ထူထပ်တဲ့ ဆာဟာရ အောက်ပိုင်းဒေသတွေမှာ ဘာသာရေးကနေ ရောဂါကို တား မရတာ၊ HIV/AIDS အန္ကရာယ်ရှိနေတာ တွေ့နေရပြီ။ နိုက်ဂျီးရီယား မှာ ၆-၁ဝ%၊ အီသီယိုပီးယားမှာ ၁ဝ-၁၈% HIV-positive ဖြစ်နေကြတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံတွေမှာ ရောဂါက ကပ်ရောဂါလို ဖြစ်လာနေ တာတောင်မှ ပေါ်လစီချသူတွေက "လိင်မဆက်ဆံဘဲ နေကြဘို့"၊ "မူးယစ်ဆေးဝါး မသုံးကြဘို့" နဲ့ "တရား မဝင် လိင်မဆက်ဆံဘို့" ကိုသာ အာရုံစိုက်နေကြသေးတယ်။ ၂ဝဝ၅ လောက်ကဆိုရင် မွတ်ဆလင် တချို့နေရာတွေမှာ ၆ဝ% HIV ပိုးရှိနေတယ်။ ပိုးတွေ့ပြီး တနှစ်နေရင် သေဆုံးသွားတယ်။ မွတ်ဆလင် တွေနေတဲ့ ဖိလစ်ပိုင် နဲ့ မော်ရိုကိုတွေမှာလဲ ပြဿနာမသေးဘူး။

ခုနောက်ပိုင်းမှာ အီရန်လိုနိုင်ငံမှာတောင် တိုးတက်တာတွေ ရှိလာပြီ။ ပညာပေးတာတွေ ရှိလာတယ်။ ဟောပြောတာတွေ လုပ်နိုင်လာတယ်။ အရင်က အီရန်မှာ ပိုးတွေ့ရင် အလုပ်ကထုတ်ပြစ်ခဲ့တယ်။ ဆေးရုံတွေမှာ ဆရာဝန်တွေက ဆေးကုမပေးဘို့ ငြင်းဆိုခွင့် ရှိခဲ့တယ်။ အခု တိုက်ဖျက်ရေးကို တရားဝင် လုပ်လာတယ်။ မလုပ်လို့လဲ မရတော့ဘူး။ လိင်နဲ့ အသက်မွေး မိန်းမပေါင်း ၃ သောင်း ကနေ ၃ သိန်း ရှိမယ်။ ဘယ်လောက်များများ ပိုးရှိနေတယ်ဆိုတာ အစိုးရလဲမသိဘူး။

၁၂-၇-၂ဝ၁ဝ သတင်းတပုဒ်အရ ကင်ညာနိုင်ငံမှာ မယားအများယူလို့ HIV ဖြစ်တာ ပိုများတယ်လို့ ပါရှိခဲ့ တယ်။ သူတို့ဆီမှာ အိမ်ထောင်ကျ မိန်းမ ၁ဝဝ မှာ ၁၃ ယောက်ဟာ မိန်းမတယောက်မက ယူထားတဲ့ ယောက်ျားတွေနဲ့ ရနေသူတွေ ဖြစ်ကြတယ်။ ဒါတောင် ၂ဝဝ၃ တုံးက ၁၆ ယောက်ရှိရာကနေ လျှော့ လာတာပါ။ ဒီ မယားအများယူတဲ့ အလေ့အကျင့်ကနေ HIS/AIDS ဖြစ်တာပိုများစေတယ်လို့ ပညာရှင် တွေက ယူဆကြတယ်။

(ဆွာဇီလန်) မှာလဲ Polygamy မိန်းမများတာ နဲ့ Promiscuity လိင်ဆက်ဆံအဖေါ် အများကြီးရှိသူတွေ ကြောင့် HIV/AIDS ဖြစ်ရတယ်လို့ ယူဆနိုင်တယ်။ (ဆွာဇီလန်) သက်ဦးဆံပိုင် ဘုရင်ကြီး King Mswati III မှာ မိဖုရား ၁၃ ပါးရှိတယ်။ သူ့တိုင်းပြည်မှာ HIV ၄ဝ% နီးနီး ကူးစက်နေတယ်။

ဒီမိုကရေစီမရှိ-မကျတဲ့ အစိုးရတွေက HIV/AIDS ရောဂါ ကာကွယ်ရေးနဲ့ ကုသရေး လုပ်တာတွေမှာ အဟန့်အတား လုပ်တတ်ကြတယ် ပုပ်ရဟန်းမင်းကြီးက (ကွန်ဒွမ်) ကို ၂ဝ၁ဝ မေလထဲ ရောက်မှ တံခါးဖွင့်ပေးခဲ့တယ်။

လက်ထပ်မယားများတာ၊ မုဆိုးမကိုယူလိုက်တာ၊ ဆက်ဆံဘက် မိန်းမများတာ၊ လက်မထပ်ဘဲ ဆက်ဆံ တာတွေဟာ အသိုင်းအဝိုင်းကို အထောက်အကူ ရစေမယ်လို့ ထင်မှတ် လက်ခံခဲ့ကြတယ်။ အခု အဲဒါမျိုး တွေက HIV/AIDS ပြန့်စေဘို့ ဖြစ်တယ်ဆိုတာ သိလာရတယ်။ UNDP report အစီရင်ခံစာအရ လိင် ဆက်ဆံဘက်များတာ၊ ငယ်ငယ်လေးနဲ့ အပျိုရည်ပျက်တာ၊ အရွယ် သိပ်ကွာသူချင်း လိင်ဆက်ဆံတာ၊ (ကွန်ဒွမ်) ကို စနစ်တကျမသုံးတာတွေကြောင့် HIV/AIDS ပိုဖြစ်စေတယ်။ လိင်ခွဲခြား ဆက်ဆံတာ၊ လိင်အကြမ်းဖက်တာ၊ လိင်ကတဆင့်ကူးစက်ရောဂါ အဖြစ်များတာ၊ ပန်းငုံတာကို မဖြတ်ဘဲ နေတာတွေနဲ့ ယဉ်ကျေးမှုတွေကြောင့်လဲ ရောဂါကူးစေဘို့ အားပေးရာကျတယ်။

ဘယ်လို လုပ်သင့်လဲ ဆိုတာအတွက် ထိုင်းနိုင်ငံနဲ့ တောင်အာဖရိကကို ယှဉ်ကြည့်ရင် သိသာတာတွေ့ ရမယ်။ ၁၉၉ဝ ကျော်လောက်က နှစ်နိုင်ငံလုံးမှာ HIV ၂-၃% ဖြစ်နေခဲ့တယ်။ ထိုင်းမှာ ကာကွယ်ရေးကို အပြင်းအထံ ကြိုးစားလုပ်တယ်။ ဖြစ်နှုန်း တိုးမလာတော့ဘူး။ တောင်အာဖရိက မှာတော့ အဲလို မလုပ်လို့ ၂၅% ပိုးတွေ့နေတယ်။ ဒါ့ကြောင့် မွတ်ဆလင် နိုင်ငံတွေကို HIV နှိမ်နင်းချင်ရင် ဒီဥပမာ ၂ ခုကို ယူနိုင် တယ်။

မယားများရင် ရောဂါလဲ များမယ်။ ရောဂါတိုင်းကို ဘုရားကု ကုဘို့ မကြိုးစားသင့်ပါ။


ဒေါက်တာတင့်ဆွေ
၇-၁၁-၂ဝ၁၁
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...