ဆရာ ဆရာမတို့၏ မေတ္တာစေတနာ

Written by ခင်မောင်ဌေး (ပညာရေး)

ဆရာ ဆရာမ ဆိုသည်မှာ အတော်အတန် စေတနာ ဝါသနာ ပါရုံဖြင့် မဖြစ်နိုင်ပါ။ ကလေးကို ချစ်တတ်ရ သည်။ စာသင်ကြားမှုကို ဈာန်ဝင်စားရသည်။ ပြင်ပ စာပေဗဟုသုတ လေ့လာ လိုက်စားမှု တွင်လည်း ဝါသနာ ထုံရသည်။ လိုအပ်လျှင် မိမိ၏ လုပ်အားသာ မက ပစ္စည်းဥစ္စာ ငွေကြေးကိုပင် စိုက်ထုတ် ကုန်ကျခံ နိုင်သည့် အနစ်နာခံနိုင်မှု မျိုးလည်း ရှိရသည်။

သို့ဖြစ်၍ဆရာ ဆရာမတစ်ဦးဖြစ်ဖို့ ဆိုသည်မှာ နာသုံးနာနှင့်ပင် လုံလောက်သည်ဟု ဆို၍ မရခြင်းပင် ဖြစ်သည်။ ဤကဲ့သို့သော စေတနာ၊ မေတ္တာမျိုးဖြင့် တပည့်များအပေါ် မိမိ၏ရင်သွေးနှင့်မခြား လူချွန်လူ ကောင်းကလေးများ အဖြစ် ပြုစုပျိုးထောင်ပေးနိုင်သူများဖြစ်သောကြောင့် အနန္တကျေးဇူးရှင်ဆရာသခင် များအဖြစ် ဘုရားနှင့်တစ်ဂိုဏ်း တည်းထားကာ အလေးအနက် ပြုနေကြခြင်းပင်ဖြစ်သည်။

ယနေ့ခေတ်ကာလကလေးများ၏ စရိုက်သဘာဝကို ကြည့်သောအခါ ယင်းတို့လည်းခေသူများ မဟုတ် ကြပါ။ သူငယ်တန်းကလေးကပင် ဟန်းဖုန်းကိုကောင်းကောင်းကိုင်တတ်သည်။ ဂိမ်းကစားတတ်နေ သည်။ ငါးတန်း၊ ခြောက်တန်းအဆင့်ဆိုလျှင် အတော့်ကိုကျွမ်းကျင်စွာ ကိုင်နိုင်နေသည်။ ကိုးတန်း၊ ဆယ်တန်းဆိုလျှင် ဆရာကြီး အဆင့်လောက်ရှိသည်။ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်၊ Viber စသည်တို့တွင် ကိုယ်ပိုင် Account ဖြင့် Chatting ထိုင်သူများ၊ download ဆွဲသူများပင်ရှိသည်။

ထိုကဲ့သို့သော ကျောင်းသား၊ ကျောင်းသူများကို ထိန်းကျောင်းဖို့ဆိုသည်မှာ ဆရာ၊ ဆရာမများကိုယ် တိုင်က ထိုကလေးများထက် ခေတ်၏အထာကို ထိုးထွင်းသိမြင်နေဖို့လိုသည်။ ကလေးများပြောဆိုနေ သည့် အကြောင်း အရာများကို အဆိုးအကောင်း အကျိုးအကြောင်း ချင့်ချိန်နှိုင်းဆတတ်ဖို့လိုသည်။ (အချို့ဆရာမများ ကလေးများ၏ ထက်ဝက်လောက်ပင် ကျွမ်းကျင်နှံ့စပ်မှုမရှိလှ) အထူးသဖြင့် ပုဂ္ဂလိ ကကျောင်းများသည် မိဘများ၊ ကျောင်းသား များ၏ စောင့်ကြည့်ခြင်းကို အများဆုံးခံရသည်။ အများစု ၏ခံယူချက်မှာ “ငါတို့ပိုက်ဆံပေးထားတာ” ဆိုသည့် စိတ်ဖြင့် အရာရာကိုအအကဲဖြတ်၍ ကြည့်တတ် သည်။ အချို့ဆိုလျှင် ပြေပြစ်သော ဆက်ဆံမှုမျိုးကိုပင် မပြတတ် သူများလည်း ရှိ၏။ အထူးသဖြင့် မိဘ အချို့သည် မိမိတို့၏သားသမီးများကို အကြွင်းမဲ့ယုံကြည်နေကြသည်။ သားသမီးယုံ၍ စုံလုံးကန်းသူ များလည်းရှိသည်။

ဆရာ၊ ဆရာမများသည် မိမိတို့ကြီးပြင်လာခဲ့ရသည့် ဘဝနှင့်ယှဉ်၍ ကျောင်းသားလူငယ်များကို တော် စေတတ်စေ လိုသည်။ ခေတ်ကာလ ကလေးအများစုကလည်း ပညာရေးထက် နည်းပညာဖွံ့ဖြိုးမှု နောက်သို့ စွဲလမ်းတပ်မက်စွာ လိုက်နေကြသည်။ အချို့ဆိုလျှင်မိဘများ အလိုလိုက်လွန်း၍ ဂိမ်းအ လွန်ကစားနေသူများ၊ အတန်းစာမေးပွဲများပင် ဆက်မဖြေနိုင်တော့ဘဲ ကျောင်းပြင်ပရောက်နေသူများ လည်းတွေ့နေရသည်။

စာသင်ခန်းကို ထိန်းသိမ်းရခြင်းသည် ဆရာ၊ ဆရာမများ၏ အဓိကတာဝန်ဖြစ်သည်။ စာသင်ခန်းထိန်း သိမ်းခြင်း (Class Control) ကောင်းပါမှ မိမိသင်ကြားလိုသည့် ရည်မှန်းချက်ပန်းတိုင်သို့ ရောက်နိုင် သည်။ ရံဖန်ရံခါ ကျောင်းသား၊ ကျောင်းသူတစ်ဦးကြောင့်သော်လည်းကောင်း၊ အချို့ကြောင့်သော် လည်းကောင်း သင်ကြားမှု၊ သင်ယူမှုဖြစ်စဉ်တွုင် အနှောင့်အယှက်တွေ့ရတတ်သည်။ စာထဲတွင် အာရုံ မဝင်စားသော ကျောင်းသား၊ ကျောင်းသူများကြောင့် စိတ်သောကဖြစ်ရသည်။ တစ်ခါတစ်ရံတွင် သင် ခန်းစာမလုပ်သည့်အပြင် မထီမဲ့မြင်ပြုသော တပည့်ဆိုးများကိုပင် ကြုံရတတ်သည်။

ဆရာ၊ ဆရာမတို့စိတ်အာရုံတွင် မိမိတပည့်များကို သင်ကြားလိုက်သည့်အတိုင်း မှတ်သားစေလိုသည်။ အာရုံ စိုက်စေလိုသည်။ စာသင်ချိန်အတွင်း စကားများသော၊ စာတွင်စိတ်ဝင်စားမှုမရှိသော တပည့်များ ကိုမျက်စိ တစ်ချက်ဝေ့ရုံဖြင့် သိသည်။ သို့သော်အခါတိုင်းအကြိမ်တိုင်း ပြောပြန်လျှင်လည်း မလေးမခန့် ဖြစ်မည်စိုးရသည်။ ထို့ကြောင့်အသိပေးရင်းသတိနှင့်ထိန်းကျောင်းကြရသည်။

စာရေးသူသည်တပည့်များကို အလွန်ချစ်တတ်သည်။ အလိုလည်းလိုက်တတ်သည်။ မြေးအရွယ်ဆိုပေမယ့် အရောဝင်ပြန်လည်း မကောင်း၊ စာသင်ခန်းအတွင်း တင်းကျပ်လွန်းသော စည်းမျဉ်းစည်းကမ်းများ ဖြင့်သင်ရ လျှင်လည်း ပျော်ရွှင်စရာမကောင်းပါ။ စာကိုလည်းသင်စိတ်ကိုလည်းပြင်။ ကျောင်းစာလည်း တော်ကျောင်းမှာလည်း ပျော်သည့် ကျောင်းသားကျောင်းသူများအဖြစ် မြင်တွေ့လိုသည်။

သို့သော်တစ်ခါတစ်ရံတွင် နှုတ်မှကြမ်းတမ်းစွာပင် လွှတ်ခနဲထွက်သွားတတ်သည်။ ကိုယ့်ကိုယ်ကို ပြန်၍သတိနှင့် ဆင်ခြင်ရသည်။ တပည့်များကမူ နှုတ်ကြမ်းသည်ကိုပင် ရယ်သွမ်းနေကြသေး၏။ ဆရာ ကစိတ်ဆိုးလွန်း၍သာ ပြောဆိုခြင်းဖြစ်ကြောင်း ၎င်းတို့ကိုနာကျင်အောင်မပြုလုပ်သည်ကို သိနေသော ကြောင့်ပင်။

ဤသို့ဆရာ၊ ဆရာမသဘောကို နားလည်လျှင်တော်သေးသည်။ ဆရာနှင့်တပည့်ကြား နားလည်မှုလွဲ ကာမိဘ ပါဝင်လာခြင်းဖြင့် မလိုလားအပ်သော ပြဿနာများဖြစ်ပွားနိုင်ခြင်းကြောင့်ပင်။ ယခုတလော ဆရာ၊ ဆရာမများ စေတနာသည် ဝေဒနာဖြစ်ရသည့်အနေအထားသို့ ရောက်သွားရသည့်အဖြစ်အပျက် များကြားနေရသည်။ ဤသို့ဖြစ်ရခြင်းမှာ မိမိတို့၏မေတ္တာစေတနာကို ပုံဖော်ရာတွင်စေတနာလွန်သွား သောကြောင့် ဖြစ်သည်။ မိမိတို့က ကောင်းစေလို၍ (ဝါ) နောင်မပြုမူဝံ့အောင်ဆိုသည့် စေတနာကောင်း ရှိသော်လည်း မိမိပေးလိုက်သည့် ပြစ်ဒဏ် သည်-

- ကလေးများနှင့် သင့်တင့်မျှတမှုမရှိခြင်း
- လူသားတို့၏ ဂုဏ်သိက္ခာနှင့်မညီခြင်း
- ကလေးများအလယ်တွင် အရှက်ရခြင်း
- မျက်နှာလိုက်သည်ဟု ထင်မြင်ခံရခြင်း
- မိဘဂုဏ်သိက္ခာကို ထိပါးစေခြင်းစသည့်အခြေအနေတစ်ရပ်သို့ ရောက်ရှိသွားသောအခါ စေတနာမှ ဝေဒနာဖြစ် သွားနိုင်သည်။

တလောကပင် အိမ်နားကကျောင်းတစ်ကျောင်းတွင် ဆရာမကအတန်းထဲတွင် အလွန်ဆိုးအလွန်ဆော့ သော ကျောင်းသားတစ်ဦးကို ပြစ်ဒဏ်ပေးသည်။ ဆရာ ဆရာမ၏စေတနာကို မသိသောမိဘဆိုလျှင် ပြဿနာပင်ဖြစ်နိုင် သည်။ သို့သော်မူလတန်း ကလေး၏မိဘက စားသောက်ဖွယ်ရာနှင့်ပင် ဆရာမကို တောင်းပန်၍ ဤသို့ဆုံးမပေး သည်ကို ကျေးဇူးတင်ကြောင်း ပြောသွားသေးသည်။ မိဘတို့၏ ခံယူချက် ကစကားပြောသွားခြင်းပင် ဖြစ်သည်။

အချို့ဆရာ ဆရာမများသည် စိတ်တွင်တော်စေ၊ တတ်စေလိုခြင်း၊ စည်းကမ်းလိုက်နာစေလိုခြင်း၊ ထူးချွန်ထက်မြက် စေ လိုခြင်းစသည့် စိတ်ကောင်းစေတနာကောင်းရှိသော်လည်း ပေးလိုက်မိသည့် ပြစ်ဒဏ်သည် မလျော်ကန်သော အခါ ဆရာ၊ ဆရာမတို့၏ဂုဏ်သိက္ခာကိုပင် ထိပါးစေနိုင်သည်။

ထို့ကြောင့်ဆရာ ဆရာမတို့သည် တပည့်များ၏ လမ်းပြမှူးများဖြစ်ကြသည်။ ဥယျာဉ်မှူးကြီးများလည်း ဖြစ်သည်။ ဉာဏစစ်သူကြီးမျာသဖွယ် ကလေးများ၏ဂုဏ်ယူဖွယ် စံပြတပ်မှူးကြီးများလည်း ဖြစ်ကြ သည်။ ခေတ်ကျောင်းသား ကျောင်းသူများကို ထိန်းကျောင်းရာတွင် သင်ခန်းစာပိုင်နိုင်ကျွမ်းကျင်မှု၊ သင်ကြားမှုစွမ်းရည်မြင့်မားမှု၊ ဗဟုသုတ ကုံလုံကြွယ်ဝမှု၊ ဦးဆောင်လမ်းညွှန်ပြသနိုင်မှု စသည့်ကိုယ် ရည်ကိုယ်သွေး (Personality) ကြွယ်ဝမှုများဖြင့် လွှမ်းမိုးကာ ကလေးများကို ပိုင်နိုင်စွာထိန်းကျောင်းပဲ့ ပြင်သွားနိုင်သည်။ ကျောင်းစည်းကမ်းနှင့်အညီ ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကို ဖွံ့ဖြိုးတိုးတက်အောင် ပုံဖော်ထုဆစ်နိုင်သည်။ မိမိ၏ရင်တွင်းမှ စစ်မှန်သောစေတနာ၊ ဝါသ နာ၊ အနစ်နာအပြင် အကြင်နာ၊ မေတ္တာဖြင့်ဟန်ချက်ညီညီ ပေါင်းစပ်သွားနိုင်လျှင် ဝေဒနာအဖြစ် ခံစား ရခြင်းမှာ ကင်းစင်ပပျောက်သွားနိုင်သည်။ ဆရာ၊ ဆရာမတို့၏မေတ္တာစေတနာတို့က ရောင်ပြန်ဟပ် လာပါလိမ့်မည်။ ။ 


ကြေးမုံသတင်းစာ
စက်တင်ဘာ (၁) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...