၂၁ ရာစု လူငယ် မျိုးဆက်များနှင့် စာဖတ်ဈေးကွက် အရွေ့

“ဗုန်း...ဗုန်း” ... စားပွဲခုံကို ပုတ်လိုက်သည့် အသံကြောင့် ကိုဝင်းဇော် တစ်ယောက် ငိုက်မျဉ်း နေရာမှ ခေါင်းထောင် ကြည့်လိုက်သည်။
“စာအုပ်ဝယ်ချင်လို့ပါ. . .အစ်ကို” ဟု ပုတ်နှိုးလိုက်သူက ပြောသည်။
“ရပါတယ် ဆောရီးဗျာ။ လူပါးလို့ နည်းနည်း အိပ်ငိုက် သွားတယ်” ဟု ကိုဝင်းဇော် ပြန်လည် ဖြေကြားလိုက် သည်။

“စမတ်ဖုန်းတွေ၊ Social Media၊ Games၊ အခြား ဖျော်ဖြေရေး အစီအစဉ်တွေ ထွန်းကားလာတော့ စာဖတ်နှုန်းက တဖြည်းဖြည်း ကျလာတယ်။ ကျွန်တော်တို့ စာအုပ်တန်းမှာ နေ့လယ်ခင်းဆို လူရှင်းနေတာပဲ။ အရင်ကဆို ကြိတ်ကြိတ်တိုးနေခဲ့တာ” ဟု ၎င်းက စာဖတ်နှုန်း ကျဆင်းလာခြင်း အကြောင်းအရင်းကို ရှင်းပြသည်။

နည်းပညာတိုးတက်မှု တစ်ဟုန်ထိုး မြင့်မားလာသော၊ ဖျော်ဖြရေးကဏ္ဍများ များပြားလာသော ၂၁ ရာစုအတွင်း မွေးဖွားလာသော လူငယ်များအတွက် တစ်နေ့တာအချိန် အသုံးပြုမှု ရွေးချယ်စရာ ကိစ္စရပ်များ များပြားလွန်း လှသည့်အတွက် ရှေးယခင်ကာလများကဲ့သို့ လူငယ်များ ဗဟုသုတ ရှာဖွေရန် စာအုပ်စာပေများကို အားပြု ဖတ်ရူခြင်း နည်းပါးလာသည်။

၂၀၁၂ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံအတွင်း အင်တာနက် အသုံးပြုမှု နှုန်းများနှင့် လက်ကိုင်ဖုန်း သုံးစွဲနိုင်သူ ဦးရေ တိုးတက်လာပြီး အပြောင်းအလဲ တစ်ခုအဖြစ် လူအများ စိတ်ဝင်စားနေခြင်းကြောင့် စာဖတ်အား ကျဆင်း သွား ရခြင်း ဖြစ်ကြောင်း စာအုပ်ဆိုင်ပိုင်ရှင် အများစုက ဆိုသည်။

“အခုခေတ် လူငယ်တွေအတွက် ရွေးချယ်စရာ များပြားလာတာနဲ့လည်း ဆိုင်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တွေ အထွက်နည်းတာကြောင့်လည်း စာဖတ်အား ကျဆင်းလာတယ်” ဟု လူငယ်စာရေးဆရာ တစ်ဦးဖြစ်သူ လူနေက ဆိုသည်။

ရုပ်ရှင်တစ်ခုကြည့်ရန်၊ သီချင်းတစ်ပုဒ် နားထောင်ရန်အတွက် အားထုတ်မှု အများအပြား မလိုကြောင်း၊ ဂိမ်းများ သည်လည်း ကိုယ်တိုင်ပါဝင်နိုင်ခြင်း ဟူသော ဆွဲဆောင်မှု တစ်ခုကြောင့် တွေးခေါ်ကာ စာအုပ်တစ်အုပ် ဖတ်ရှု ရသည်ကို မရွေးချယ်ကြခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “အခုခေတ် လူငယ်တွေကို စာဖတ်မလား၊ ဂိမ်းဆော့မလား မေးရင် ဂိမ်းဆော့မယ့် ရာခိုင်နှုန်း များပါတယ်” ဟု ဆိုသည်။

စာဖတ်အား ကျလာတယ်။ အရင်ကထက်စာရင် စာအုပ်ရောင်းအား ကျသွားတယ်။ နာမည်ကြီး စာရေးဆရာတွေရဲ့ စာအုပ်တွေကတော့ ပုံမှန်ရောင်းအား ရှိနေတုန်းပဲ။ ကလေးတွေဖတ်တဲ့ ကာတွန်းတွေ။ အဲ့ဒါတွေ တော်တော် ရောင်းအား ကျသွားတယ်။ ဖုန်းတွေ၊ အင်တာနက်တွေ ပေါ်ပင်ဖြစ်နေတုန်း သုံးနေကြတာ နောက်တစ်နှစ် နှစ်နှစ်လောက် ဆိုရင်တော့ စာအုပ်ဘက်ကို ပြန်လှည့်လာကြလိမ့်မယ်လို့ ထင်တယ်” ဟု ပန်းရွက်ဝေ စာအုပ် တိုက် လုပ်ကိုင်သူ ဦးသန့်ဇင်အောင်က ပြောကြားလိုက်သည်။

“ကျွန်တော်တို့ ခေတ်တုန်းကလို စာရေးဆရာတွေ ပြောတိုင်း ယုံကြ ရူးကြတဲ့ခေတ် မဟုတ်တော့ဘူး” ဟု ပြောဆို လာသူမှာ လှိုင်မြို့နယ်အတွင်း ဆယ်နှစ်ကျော်ကြာ စာအုပ်အငှားဆိုင် ဖွင့်လှစ်ခဲ့သူ ဇင်ယော်စာပေမှ ဦးဇော်ဖြစ် သည်။ ယခုစာဖတ်သူများမှာ သီးခြားစီ ဖြစ်သွားပြီး ရသစာပေ ဖတ်ရူသူများ၊ သုတစာပေ ဖတ်ရူသူများမှာ အဆင့်အတန်းမီမီ ရေးသားသော မိမိတို့ ကြိုက်နှစ်သက်ရာ စာအုပ်များကိုသာ ရွေးချယ် ဖတ်ရူလာကြကြောင်း ၎င်းက ထပ်မံပြောပြသည်။

“ဘာကြောင့် ကျွန်တော် အဲလိုပြောနိုင်လဲဆိုတော့ ကျွန်တော့်ဆိုင်မှာ နည်းသွားတဲ့ စာဖတ်ပရိသတ်က အပျော်ဖတ်၊ ဝတ္ထု၊ ကာတွန်းဖတ်တဲ့ လူတွေဗျ” ဟု သူကြုံတွေ့ သိရှိရသည်ကို ပြောပြသည်။ နိုင်ငံတကာကဲ့သို့ အင်တာနက် အသုံးပြုမှုနှုန်းများ၊ ရုပ်သံများနှင့် အခြားဖျော်ဖြေရေး လုပ်ငန်းများ အားကောင်းလာခြင်း၏ အကျိုးသက်ရောက်မှုသည် စာအုပ်အရောင်းဆိုင်များကို သာမကဘဲ စာအုပ် အငှားဆိုင်များကိုပါ ထိခိုက်လာ စေသည်။

“လက်ရှိ စာအုပ်အငှားဆိုင်တွေ အခြေအနေ အတော်ကို ဆိုးနေပြီ။ လွန်ခဲ့တဲ့ လေး၊ ငါးနှစ်လောက်က ၂၀၀၈၊ ၂၀၀၉ လောက်က ဆိုရင် လူနှစ်ရာလောက် ကျွန်တော့်ဆိုင်ကို ဝင်တယ်။ ဝင်ငွေ တစ်သောင်းကျော်လောက်က အနည်းဆုံးပဲ။ ခု အဲဒီငွေရဲ့ လေးပုံတစ်ပုံလောက်တောင် မရတော့ဘူး” ဟု ၁၉၉၈ ခုနှစ်ခန့် လောက်ကတည်းက စာအုပ်အငှားဆိုင် ဖွင့်လှစ်လာသူတစ်ဦးက ဆိုသည်။ “လူငယ်တွေဘယ်မှာ စာဖတ်နည်းသွားလဲ ဆိုတော့ ကာတွန်းစာအုပ်တွေ အထွက်နည်းသွားတာကြောင့်လည်း ပါမယ်။ ကျွန်တော့်ရဲ့ စာဖတ်တဲ့ ဝါသနာ အစကလည်း ကာတွန်းစာအုပ်က စခဲ့တာပါ” ဟု လူနေက ဆိုသည်။

လူငယ်လူရွယ်များ ဖတ်ရူသော ကာတွန်းစာအုပ်များနှင့် အပျော်ဖတ် စာပေများကို အားပြုကာ ယခင်က ရပ်တည် နေသော စာအုပ်အငှားဆိုင်များ ယခုကဲ့သို့ အပျော်ဖတ် စာပေများ လျော့နည်းသွားခြင်းကြောင့် စာအုပ်အငှားဆိုင် အချို့ ပိတ်ပစ်သည်အထိ ထိခိုက်ခဲ့ပြီး ကျန်ရှိနေသော စာအုပ်ဆိုင်များ အနေနှင့်လည်း စာအုပ်များ စုံလင်အောင် မတင်နိုင်တော့ကြောင်း နာမည်ရ လူငယ်စာရေးဆရာ လူနေက ပြောကြားသည်။

“အိမ်က ကလေးတွေက ကျောင်းနဲ့ အိမ်၊ အိမ်နဲ့ကျူရှင် ကူးနေကြတာ။ စာပေးဖတ်ဖို့ အချိန်လည်း မရှိပါဘူး။ သူတို့က အပြင်ထွက် မဆော့ရတော့ အားတဲ့ အချိန်ဆို သူငယ်ချင်းတွေစုပြီး ဆော့လို့ရတဲ့ တီဗီဂိမ်းဆိုင်ကိုပဲ ပြေးတယ်” ဟု ကျောင်းနေအရွယ် ကလေးနှစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်ဥမ္မာက ပြောကြားသည်။

ကျောင်းပညာရေးကို အပြည့်အဝ အားကိုး၍ မရသေးသော အခြေအနေကြောင့် ကျူရှင်၊ စာသင်ဝိုင်းများသို့ ကျောင်းဆင်းချိန်များတွင် သွားရောက် သင်ကြားနေရသော ကလေးများ အတွက်နှင့် စားဝတ်နေရေး ခက်ခဲသော ၂၁ ရာစုတွင် ရုန်းကန်လှုပ်ရှားနေရသော လူရွယ်များ စာဖတ်ချိန် အလွန်နည်းပါးလာသည်။

“အလုပ်ဆင်းချိန်ကတော့ မနက်ပဲပြုတ် ညမုန့်ဖက်ထုပ်ပဲ။ ဘယ်အချိန်များ စာသွားဖတ်ရမလဲ” ဟု အရောင်းစင်တာ တစ်ခုတွင် အလုပ်လုပ်သူ အသက် ၂၅ နှစ်အရွယ် မခင်မေက ပြောကြားသည်။

မနက်ခင်း ပဲပြုတ်သည် စတင်ရောင်းချသော အချိန်မှ စတင်ရုံးသွားရန် ပြင်ဆင်ရပြီး ကားလမ်းများ ပိတ်ဆို့ခြင်းကြောင့် အိမ်မှ စောကာ ထွက်ရကြောင်၊ ညရုံးဆင်းချိန် များတွင်လည်း ကားလမ်းများ ပိတ်ခြင်းကြောင့် ရုံးမှ အိမ်သို့ တစ်နာရီကျော် ကားစီးရပြီး အိမ်ပြန်လမ်းတွင် မုန့်ဖက်ထုပ်သည် စတင် ရောင်းချနေပြီ ဖြစ်ကြောင်း ဝမ်းရေးအတွက် ဦးစားပေးရသောကြောင့် စာဖတ်ရန် အခွင့်အရေး နည်းပါးကြောင်း ၎င်းက အရွှန်းဖောက်ပြီး ပြောကြားသည်။

စာဖတ်ခြင်းမှာ နိုင်ငံတစ်နိုင်ငံကို ဦးဆောင်မည့် လူငယ်များအတွက် ပိုမိုလိုအပ်ကြောင်း၊ စာဖတ်အား ကျဆင်းခြင်းမှာ နိုင်ငံတစ်နိုင်ငံအတွက် လက္ခဏာကောင်းတစ်ခု မဟုတ်ကြောင်းနှင့် စာဖတ်သော လူငယ်နှင့် စာမဖတ်သော လူငယ် နှစ်ဦး၏ ရှေ့ရေးကွာခြားကြောင်း စာရေးဆရာတစ်ဦးက ပြောကြာသည်။

မိမိတို့ ငယ်စဉ်ဘဝက စာကြည့်တိုက်များကို အားကိုးပြီး စာအုပ်ဖတ်ရှု၍ မရခဲ့သည့်အတွက် စာပေဝါသနာရှင်များ ဖွင့်လှစ်ထားသော စာအုပ်အငှားဆိုင်များကို အားပြုကာ ဖြတ်သန်းခဲ့ရင်း စာရေးဆရာတစ်ဦး ဖြစ်လာခဲ့ကြောင်း စာရေးဆရာ လူနေက ပြောကြားသည်။

မြန်မာနိုင်ငံတွင် စာကြည့်တိုက် အများအပြား ရှိသော်လည်း စာကြည့်တိုက်များတွင် လုပ်ကိုင်နေသော လူအများစုမှာ ဝါသနာအရ လုပ်ကိုင်နေခြင်း မဟုတ်ဘဲ တာဝန်များအရ လုပ်ကိုင်နေခြင်းကြောင့် စာကြည့်တိုက်များ မအောင်မြင်ရခြင်း ဖြစ်ကြောင်း သုတမီးအိမ် စာကြည့်တိုက်မှ ဦးစစ်ငြိမ်းက ပြောကြားသည်။

“ကျွန်တော်တို့ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်လေး ထူထောင်ထားတယ်။ အလယ်တန်း ကျောင်းလေးရဲ့ ဘေးမှာ တည်ထောင်ထားတော့ ကျောင်းဆင်းချိန်တွေ ကျောင်းပိတ်ရက်တွေဆို လူငယ်တချို့ စာအုပ်တွေ လာလာ ငှားဖတ်ကြပါတယ်” ဟု ၎င်းတို့၏ စာကြည့်တိုက် အခြေအနေကို ရှင်းပြသည်။

“သာမန်လူတန်းစားတွေက စာအုပ်ဝယ်ဖတ်ဖို့ ခက်တယ်။ စာအုပ်အငှားဆိုင်တွေ ခေတ်ကုန်ဆုံးချိန်မှာ ဖြစ်စေ ချင်တာက စာကြည့်တိုက်တွေရဲ့ လှုပ်ရှားမှု မြင့်တက်စေချင်တယ်။ အခုဆို တချို့ အဖွဲ့အစည်းတွေက စာပေ ရေချမ်းစင်လို လှုပ်ရှားမှုလေးတွေ လုပ်လာတယ်။ ရွေ့လျား စာကြည့်တိုက်တွေ လုပ်လာတယ်။ အဲလိုပဲ ရှိနေတဲ့ စာကြည့်တိုက်တွေက တံခါး အမြဲတမ်း ပိတ်ထားတာမျိုး မဟုတ်ဘဲ အများပြည်သူ စိတ်ပါဝင်စားစွာ လာဖတ် အောင်လို့ ဆွဲဆောင်စေချင်တယ်” ဟု အငြိမ်းစား ကျောင်းဆရာတစ်ဦးလည်း ဖြစ်သူ ဦးစစ်ငြိမ်းက ဆိုသည်။

စာအုပ်နှုန်းထားများ ကြီးမြင့်ခြင်း၊ ငှားရမ်းသူ နည်းပါးလာခြင်းတို့ကြောင့် စာအုပ်အငှားဆိုင်များ ခေတ်ကုန်ဆုံး လာချိန်တွင် လူငယ်များ စာဖတ်နှုန်း မြင့်တက်လာရေးအတွက် စာကြည့်တိုက်များက စွမ်းဆောင်နိုင်မည်လား သို့မဟုတ် တိုးတက်လာသော ခေတ်ရေစီးကြောင်းက အနိုင်ယူပြီး ယခုထက်ပိုမိုပြီး စာဖတ်နှုန်း ကျဆင်းလာမလား ဆိုသည်ကို စောင့်ကြည့် ရပေတော့မည်။ 


အောင်သော်ဖြိုး
The Voice Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...