ဘုရင်တစ်ပါးရဲ့ အချစ်ပုံပြင် (The Love of a King)
(၁) အထီးကျန်တဲ့ ကောင်လေး တစ်ယောက်
Edwardကို ၁၈၉၄ ခုနှစ်မှာ မွေးဖွားခဲ့တယ်။ သူ့ခမည်းတော်ဖြစ်တဲ့ ဘုရင်George V က ကိုယ်ထည်မြင့်မားပြီး အေးစက်စက်နိုင် သူဖြစ်တယ်။ သူဟာ ကလေးတွေကို မနှစ်သက်ပါဘူး။
“Edward က ဘာဖြစ်လို့ စကားကို မနားတမ်းပြောနေ ရတာလဲ”။ “ဒီကလေး သိပ်ဆူတာပဲ”လို့ တစ်ခါက သူပြောခဲ့တယ်။
သူရဲ့မယ်တော် မိဖုရားMary ကလည်း ဒီလိုပဲ ထင်ခဲ့တယ်။
“Edward ပျော်လား၊ မပျော်ဘူးလား ဆိုတာ အဓိက မဟုတ်ဘူး.. ကလေးဆိုတာ ဆိတ်ငြိမ်ရမယ်၊ သန်မာထက်မြက်ရမယ်”လို့ မိဖုရားက ပြောခဲ့တယ်။
သူတို့တစ်မိသားစုလုံး Buckingham နန်းတော်မှာ နေထိုင်ကြတယ်။ အဲဒီနန်းတော်မှာ အခန်းပေါင်း ၆ဝဝရှိတယ်။ အဲဒီထဲမှာ မီးဖိုဆောင်က ၈ခန်း၊ ရေချိုးခန်း ၁၉ခန်း၊ သန့်စင်ခန်း ၂၄ခန်း၊ ထမင်းစားခန်း ၁၁ခန်း၊ အိပ်ခန်း ၁၇ခန်းနဲ့ ဧည့်ခန်း၂၁ခန်း ပါရှိတယ်။
တစ်ခါက Edward ဟာ ဒီအိမ်ကြီးနဲ့ ပတ်သက်တဲ့ ပုံပြင်တစ်ခုကို ပြောခဲ့ပါတယ်။
“Buckingham နန်းတော်က ကြီးလွန်းတယ်။ လူတွေ တစ်ခါခါမှာ လမ်းမှားတတ်ကြတယ်။ တစ်ညမှာ ကျွန်တော်နဲ့ ကျွန်တော့်မိဘတွေ ထမင်းစားခန်းမှာထိုင်ပြီး ညစာစားဖို့စောင့်နေခဲ့ကြတယ်။ ကျွန်တော်တို့ စောင့်တယ်…စောင့် တယ်.. ဒါပေမယ့် အစားအစာတွေရောက်မလာခဲ့ဘူး။ မိနစ် ၂ဝလောက်စောင့်ပြီး ကျွန်တော့်ဖခင်ဒေါသ ထွက်တော့တယ်။ မီးဖိုဆောင်ဆီ သူထသွားလိုက်တယ်။ “စားဖိုမှူးရော” သူအော်တယ်.. “ငါရဲ့ညစာ ဘယ်မှာလဲ” ”။
“မှန်လှပါ.. အရှင်… အရှင်ရဲ့ညစာကို လွန်ခဲ့တဲ့ ၁၅မိနစ်ကတည်းက ပို့လိုက်ပါပြီ.. မရောက်လာသေးဘူးလား” လို့ စားဖိုမှူးကပြောတယ်။
“ရောက်မလာသေးဘူး.. ငါ အရမ်းဆာနေပြီ” လို့ ကျွန်တော့်ဖခင်က အသံမြင့်နဲ့အော်ပါတယ်။
ဘုရင်ဟာ မီးဖိုဆောင်ကနေခွာပြီး ညစာကို စရှာခဲ့ပါတယ်။ ၁ဝမိနစ်ကြာတော့ အသားနဲ့အာလူးတွေထည့်ထားတဲ့ ပန်းကန်သုံးပန်းကန်ကို သယ်ထားတဲ့ အမျိုးသမီးတစ်ဦးကို သူတွေ့လိုက်တယ်။
“ဒါ ဘယ်လိုဖြစ်ရတာလဲ” ကျွန်တော့်ဖခင်က မေးတယ်။ “ဘာဖြစ်လို့ ငါတို့ကို ညစာလာမပို့တာလဲ”။
“တောင်းပန်ပါတယ် အရှင်” အမျိုးသမီးက ပြန်ဖြေတယ်။ “ဒီနေရာမှာ ထမင်းစားခန်းများလွန်းပါတယ်။ ဘယ်အခန်းဆီ ပို့ရမယ်မှန်း ကျွန်တော်မျိုးမ မမှတ်မိလို့ပါ။ ဒါပေမယ့် ထမင်းစားပွဲဆီအရှင်ပြန်ရင် ကျွန်တော်မျိုးမ အရှင့်နောက်ကနေလိုက်ပြီး အရှင်တို့ညစာသုံးဆောင်တဲ့ ထမင်းစားခန်းကို ရှာတွေ့မှာပါ”။
Edwardဟာ တခြားကလေးတွေနဲ့အတူ ကျောင်းသွားမတက်ခဲ့ဖူးပါဘူး။ သူဟာ Buckingham နန်းတော်ထဲမှာပဲ နေခဲ့ရတယ်။ အဲဒီမှာ သူ့အတွက် သီးသန့်စာသင်ခန်းတစ်ခုရှိပါတယ်။
Edward က သူ့ရဲ့သင်ခန်းစာကို ဒီလိုသရုပ်ဖော်ဆိုခဲ့ပါတယ်။
“ကျွန်တော့်ရဲ့ဆရာ Hansell က လူပိန်တစ်ယောက်ပါ။ သူဟာ ဘယ်တော့မှ မပြုံးမရယ်ပါဘူး။ သူ့နှာခေါင်းက အရမ်းနီပါတယ်။ ကျွန်တော်တို့ဆီမှာ စာအုပ်တွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ပျင်းရိဖို့ကောင်းတဲ့ စာအုပ်တွေ ပါ။ စာအုပ်ထဲမှာ စာလုံးတွေပဲရှိပါတယ်။ ရုပ်ပုံတစ်ပုံမှ မပါပါဘူး။”
“တစ်ခါခါမှာ စာတွေဖတ်နေရင်း ကျွန်တော်စာဖတ်ရပ်ပြီး ပြတင်းပေါက်အပြင်ကို ကြည့်တတ်ပါတယ်။ ဒါကို ဆရာ Hansell အရမ်းစိတ်တိုပါတယ်။ သူဟာ တုတ်တစ်ချောင်းနဲ့ ကျွန်တော့်လက်မောင်းကို ရိုက်ပါတယ်။
“ပြတင်းပေါက် အပြင်ဖက်ကို မကြည့်နဲ့ ကောင်လေး.. စာကြည့်” လို့ သူအော်ပါတယ်။ သူဟာ ကျွန်တော့်ကို မကြာခဏ ရိုက်ပါတယ်။ ကျွန်တော့်လက်မောင်း နီစွေးခဲ့ပါတယ်။
သောကြာနေ့တိုင်း ဆရာက ကျွန်တော့်ကို ဖခင်ရဲ့အခန်းဆီခေါ်သွားပါတယ်။
“မစ္စတာ Hansell.. ဒီတစ်ပတ်မှာ ကျွန်တော့်သား ဘာတွေသင်ယူခဲ့ပြီလဲ”လို့ ဘုရင်ကမေးတယ်။
အဖြေက အမြဲတမ်း ဒီလိုပါပဲ… “အားနာပါရဲ့… ဘယ်လောက်မှ မသင်ယူခဲ့ပါဘူး အရှင်.. Edward က သင်ယူတာ ကို မနှစ်သက်ပါဘူး။ ကျွန်တော်မျိုး ဘာပြောပြော သူအမြဲနားမထောင်ပါဘူး”။
ဆရာ Hansell အခန်းထဲက ထွက်သွားတာနဲ့ ဖခင်က ကျွန်တော့်ကို ဒေါသထွက်တော့ တယ်။
“မင်းဘာဖြစ်နေတာလဲ.. ကလေး.. မင်း ဦးနှောက်မကောင်းတာလား၊ ဘာဖြစ်လို့ မင်းဘာမှမသင်ယူနိုင်ရတာလဲ” ဖခင်က ပြောတယ်။
“သင်ခန်းစာတွေက ပျင်းစရာကောင်းလွန်းတယ်.. ဖခမည်းတော်။ ဆရာ Hansell က ကျွန်တော့်ကို ရိုက်သေး တယ်” လို့ ကျွန်တော်ပြန်ဖြေပါတယ်။
“ငါ နားမလည်ဘူး.. Edward။ မင်း မကြီးပြင်းသေးဘူး။ မင်းဟာ ပျော့ညံ့လွန်းတယ်။ မင်းဟာ ဘယ်တော့မှ ဘုရင်မင်းမြတ်ကောင်းတစ်ပါး ဖြစ်လာမှာမဟုတ်ဘူး။ ဘုရင်ဆိုတာ သန်စွမ်းထက်မြက်ရတယ်။ မင်း အခန်းဆီ ပြန်တော့.. မနက်ဖြန်မနက် မရောက်မချင်း ထွက်မလာခဲ့နဲ့”
“နေ့ရက်တော်တော်များများမှာ ကျွန်တော်ဟာတစ်ယောက်တည်း ကိုယ့်အခန်းထဲမှာပဲ ရှိနေခဲ့တယ်။”
Edward က ဒီလိုရေးသားခဲ့ပါတယ်။
“တခြားကလေးတွေနဲ့ ကျွန်တော်တစ်ခါမှ အတူမကစားခဲ့ဖူးဘူး။ ကျွန်တော့်မှာ သူငယ်ချင်းလည်းမရှိခဲ့ဘူး။ ကျွန်တော်ဟာ အင်္ဂလန်က အလှဆုံးအိမ်မှာ နေခဲ့တယ်။ ဒါပေမယ့် အထီးကျန်ဆန်ခြင်း၊ ဝမ်းနည်းခြင်းတွေကိုပဲ ခံစားခဲ့ရတယ်။ ကျွန်တော့်မိခင်ကို တစ်နေ့မှာတစ်ကြိမ် ထမင်းစားချိန်မှာပဲ ကျွန်တော်တွေ့ရတယ်။ ဖခင်ကိုတော့ တစ်ပတ်မှာ သုံး၊ လေးကြိမ်တွေ့ရတယ်။ ဒါပေမယ့် သူတို့ဟာ ကျွန်တော့်ကိုမေတ္တာတွေမပေးခဲ့ဘူး။ သူတို့ကို ကျွန်တော်ကြောက်တယ်။ သူတို့အမြင်မှာ ကျွန်တော်လုပ်သမျှ ဘာတစ်ခုမှမကောင်းဘူး”။
××××××
အင်္ဂလိပ်မူရင်းဖတ်လိုသူအတွက် http://vk.com/doc28773765_231432051?hash=314b57fea542ed164a&dl=6e9058f7014fe9e62a (ဘာသာပြန်မှားယွင်းတာ၊ အသုံးအနှုန်း မှားယွင်း သုံးစွဲမိတာရှိခဲ့ရင် ကျေးဇူးပြုပြီး ပြောပြပေးပါလို့.. ကျွန်မက ကျွန်မ ပိုကျွမ်းကျင်တဲ့ တရုတ်ဘာသာကနေ မြန်မာ ဘာသာအဖြစ် ဘာသာပြန်ဆိုပါတယ်)
နိုင်းနိုင်းစနေ (Sept. 11. 2014)

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook