ကျူရှင်သင်လျှင် အလုပ်ဖြုတ်မည်
ကြောက်စရာကောင်းလှပါသည်။ ကျောင်းဖွင့်ချိန်ရောက်လျှင် ဆရာ၊ ဆရာမများ ပုံမှန်ဝန်ခံကတိရေး ထိုးကြရသည်။ သက်ဆိုင်ရာအစိုးရစာသင်ကျောင်းများ၊ ဌာနများတွင် “ကျူရှင်မသင်ရ၊ ကျူရှင်သင်လျှင် အလုပ်ဖြုတ်မည်” ဆိုသည့် သတိပေးညွှန်ကြားချက်များကို သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းအုပ်ကြီးများက ပုံမှန်ထုတ်ပြန်လေ့ရှိသည်။ ဆရာ၊ ဆရာမများ ကျူရှင်သင်လျှင် အရေး ယူခံရ မည်ဖြစ်ကြောင်း၊ အလုပ်ထုတ်ခံရမည်ဖြစ်ကြောင်း၊ ညွှန်ကြားချက်ကို သိရှိပါကြောင်း ဆရာ၊ ဆရာမ များအားလုံးလက်မှတ်ရေးထိုးကြရသည်။ ကျူရှင်စနစ်ပပျောက်ရေးအတွက် သက်ဆိုင်ရာ၏ ကြိုးပမ်းမှုဖြစ် သည်။ သို့သော်လည်း ယနေ့အချိန်ထိ မြန်မာ့ပညာရေးလောကတွင် ကျူရှင်ယဉ်ကျေးမှု ထွန်းကားလျက်ရှိ သည်။ ဆရာ၊ ဆရာမများ အဘယ့်ကြောင့် ကျူရှင်သင်ကြပါသနည်း၊ ဆရာ၊ ဆရာမ ကျူရှင်သင်ခြင်းသည် ကောင်းမွန်သောအလုပ်ဖြစ်ပါသလား၊ နိုင်ငံတကာတွင် တက္ကသိုလ်များ၊ စာသင် ကျောင်းများရှိ ဆရာ၊ ဆရာမများကျူရှင်သင်ကြပါသလား။
မြန်မာနိုင်ငံတွင် ကျူရှင်သင်ကြားခြင်းသည် ၁၉၈၈ ခုနှစ်နောက်ပိုင်းကာလတွင် စတင်ခေတ်စားလာခဲ့ သည်။ ယင်းမတိုင်မီက ကျူရှင်သင်တန်းများ အနည်းငယ်သာရှိခဲ့သော်လည်း အစိုးရဝန်ထမ်းဆရာ၊ ဆရာမများအနေဖြင့် ကျူရှင်သင်ခြင်းမရှိသလောက်ရှားခဲ့သည်။ မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကိုကြည့် လျှင် လွတ်လပ်ရေးမရမီ (၁၉၂၀-၁၉၄၇ခုနှစ်) ကာလ ဗြိတိသျှကိုလိုနီ ပညာရေးစနစ်၊ လွတ်လပ်ရေးရ ပြီးနောက်ပိုင်း (၁၉၄၈-၁၉၅၈ ခုနှစ်) ကာလပါတီစုံစနစ် အရပ်သားအစိုးရလက်ထက် ပညာရေးစနစ်၊ (၁၉၆၂-၁၉၈၈ ခုနှစ်) ကာလ ဦးနေဝင်းအစိုးရလက်ထက် ဆိုရှယ်လစ်စနစ်ကို အခြေခံသောပညာရေး စနစ်နှင့် (၁၉၈၈-၂၀၁၀ ပြည့်နှစ်) ကာလစစ်အစိုးရလက်ထက်ပညာရေးစနစ်ဟူ၍ အကြမ်းအားဖြင့် ပိုင်းခြားလေ့လာကြည့်ပါက ၁၉၈၈ ခုနှစ်နောက်ပိုင်းကာလ မြန်မာ့ပညာရေးအဆင့်အတန်းသည် အဆိုး ရွားဆုံးကျဆင်းခဲ့သည်ကို တွေ့မြင်နိုင်သည်။ အဘယ့်ကြောင့် ဤသို့ဖြစ်ခဲ့ရသနည်း။ ရှင်းပါ သည်။ မြန်မာ့စီးပွားရေးကျဆင်းခြင်းနှင့်အတူ အပြောင်းအလဲများသော အစမ်းသပ်ခံပညာရေးစနစ် ကြောင့် ပင်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးသည် ယင်းနိုင်ငံ၏ ပညာရေးအဆင့်အတန်းပေါ် တိုက် ရိုက်ပတ်သက်ဆက်စပ်နေသကဲ့သို့ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးသည်လည်း စီးပွားရေးဖွံ့ဖြိုးမှုပေါ်တွင် မှီတည်နေသည်။ ထို့ကြောင့် ပညာရေးနှင့်စီးပွားရေးသည် တစ်ခုနှင့်တစ်ခု အပြန်အလှန်အမှီသဟဲပြု နေသည်။ ဤမျှလောက်ဆိုလျှင် မြန်မာ့ပညာရေးအဆင့်အတန်း အဘယ့်ကြောင့်ကျဆင်းခဲ့ရသည်ကို ရှင်းပြန်ရန်လိုမည်မထင်ပါ။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ နှစ် ၃၀ ကာလအတွင်းက မြန်မာနိုင်ငံ၏ပညာရေး အဆင့်အတန်းသည် အရှေ့တောင်အာရှတွင် အဆင့်တစ်ခု ထိ ရပ်တည်နိုင်ခဲ့သည်။ ယင်းအချိန်က အစိုးရအောက်ခြေဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများ၏ လစာ ဝင်ငွေသည် စားဝတ်နေရေးအတွက်လောက်ငမှုရှိခဲ့သည်။ ထို့ကြောင့်လည်း ယင်းကာလအတွင်းက ထူးချွန်ထက်မြက်သောပညာတတ်များ၊ ပညာရှင်များပေါ်ထွန်းလာသည့်အပြင် ပညာရေးသာမက ပညာရေးနှင့်ဆက်နွှယ်သော မြန်မာ့အားကစားအဆင့်အတန်းသည်လည်း အာရှအဆင့်ထိအောင်မြင် ခဲ့သည့် အစဉ်အလာရှိခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ဆိုရှယ်လစ်စနစ်၏ လောင်းရိပ်ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ကျဆင်းခဲ့ရခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ ယင်းအချိန်က ပညာရေးလောက ဆရာ၊ ဆရာမများအတွက် ကျူရှင်ဆိုသည်မှာ လုံးဝမရှိခဲ့ပေ။
ယင်းကာလနောက်ပိုင်းတွင် စီးပွားရေးကျဆင်းလာသည်နှင့်အမျှ ပြည်သူတို့၏ စားဝတ်နေရေးခက်ခဲ လာပြီး လာဘ်ပေးလာဘ်ယူမှုများ တစ်စစပေါ်ပေါက်လာခဲ့သည်။ ၁၉၈၈ ခုနှစ်အရောက်တွင် ပြည်သူ လူထု၏စားဝတ်နေရေးကျပ်တည်းမှုများနှင့်အတူ ဖိနှိပ်မှုများမခံရပ်နိုင်သည့်အဆုံး ၈၈ အရေးအခင်း ကြီးဖြစ်ပေါ်လာခဲ့သည်။ ယင်းကာလနောက်ပိုင်း တာဝန်ယူခဲ့သော စစ်အစိုးရအနေဖြင့်လည်း ပြည်သူ တို့၏စားဝတ်နေရေးကို ဖူလုံအောင်မဖန်တီးပေးနိုင်သောကြောင့် ဝန်ထမ်းလောကလာဘ်ပေး လာဘ် ယူမှုများနှင့် ပညာရေးလောကတွင် ကျူရှင်စနစ်အမြစ်တွယ်လာခဲ့ခြင်းဖြစ်သည်။ လာဘ်ပေးလာဘ်ယူ မှုပပျောက်ရေးနှင့် ကျူရှင်စနစ်ပပျောက်ရေးအတွက် မည်သို့ပင်ဆောင်ရွက်စေကာမူ အခြေခံလူတန်း စားတို့၏ စားဝတ်နေရေးမလောက်ငမှုက အဟန့်အတားဖြစ်နေသည်။
အခြေခံလူတန်းစား ပြည်သူအများစုမှာ ဘဝရှင်သန်ရေးအတွက် လက်လှမ်းမီရာ ရရာအလုပ်ကိုလုပ် ကိုင်ပြီး စားဝတ်နေရေးအတွက်ခက်ခဲကြမ်းတမ်းစွာ ရုန်းကန်နေကြရသည်။ တချို့က အစိုးရဝန်ထမ်း အလုပ်လုပ်ကိုင်ပြီး မိသားစုဘဝရပ်တည်နိုင်ရေးအတွက် ရသည့်လစာဝင်ငွေဖြင့် မလောက်ငသော ကြောင့် အလုပ်အားသည့်အချိန်တွင် ကြုံရာကျပန်းအလုပ်ကို လုပ်ကိုင်နေကြရသကဲ့သို့ တချို့ဝန်ထမ်း များကအလုပ်တာဝန်နှင့်ဆက်နွှယ်ပြီး လာဘ်ပေးလာဘ်ယူ၊ အဂတိလိုက်စားမှုများကို လုပ်ကိုင်လာကြ သည်။ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများလည်း မိသားစုဘဝရပ်တည်နိုင်ရေးအတွက် မိမိတတ် ကျွမ်းသောပညာကို သိက္ခာနှင့်အလဲအထပ်ပြုကာ အပြင်ကျူရှင်သင်ကြရတော့သည်။ မိမိနှင့်မိမိ၏ အရွယ်မရောက်သေးသော သား၊ သမီးများ ထမင်းစားနိုင်ရေးအတွက် တစ်အိမ်ဝင်၊ တစ်အိမ်ထွက် သိက္ခာကိုမျက်ကွယ်ပြု၍ သထာရေစာကို ရှာဖွေနေကြရသော ဆရာ၊ ဆရာမများ၏ ရင်နင့်ဖွယ်မြင် ကွင်းများကား နေရာအနှံ့မြင်တွေ့နိုင်သည်။ ကျှူရင်လုံးဝမသင်ဘဲ ဘဝကိုကြုံသလို ခက်ခဲကြမ်းတမ်း စွာရပ်တည်နေကြသော ဆရာ၊ ဆရာမများလည်း များစွာရှိကြပါသည်။
မည်သို့ပင်ဖြစ်စေ ကျူရှင်သင်ပြီး ဝင်ငွေရှာသည်ဖြစ်၍ မတင့်တယ်သည်မှာ အမှန်ပင်ဖြစ်သည်။ လစာ ဝင်ငွေဖြင့် စားဝတ်နေရေးမလောက်ငှသောကြောင့် ကျူရှင်သင်သောဆရာ၊ ဆရာမများလည်း တဖြည်းဖြည်း များလာသည်။ တချို့သောဆရာ၊ ဆရာမများမှာ သင်ကြားရေးနှင့် လုပ်ပိုင်ခွင့်ကိုအသုံးချ ၍လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ခြင်းဖြင့်မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေကြခြင်းသည် ပညာ ရေး၏ကောင်းသောအလားအလာများမဟုတ်ပေ။ စားဝတ်နေရေးအခက်အခဲများသည် ဆရာ၊ ဆရာမ များကျူရှင်သင်ရခြင်း၏ အရင်းခံဖြစ်သည်ကိုတော့ မငြင်းနိုင်ပါ။ သို့သော်လည်း ကျူရှင်သင်ခြင်းသည် ကောင်းမွန်သောအလုပ်မဟုတ်သဖြင့် ကျူရှင်ပပျောက်ရေးအတွက် မှန်ကန်သောနည်းလမ်းများဖြင့် ဝိုင်းဝန်းကြိုးပမ်းရန်သာ လိုသည်။
ထို့ကြောင့်မြန်မာနိုင်ငံတွင် စစ်မှန်သောပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာ၊ ဆရာမများ၏ ပြည့်ဝမှန်ကန်သော စွမ်းဆောင်မှုများအလိုရှိပါက ကျှူရှင်ပပျောက်ရေးကို ဦးတည်ဆောင်ရွက်နေမည့် အစားဆရာ၊ ဆရာမများ၏ စားဝတ်နေရေးဖူလုံမှုအတွက် အဓိကထားပံ့ပိုးပြီးမှဆက်လက်ဆောင်ရွက် သင့်သည်များကို စစ်မှန်သောမူဝါဒများချမှတ်၍ ဆောင်ရွက်သင့်ပေသည်။ အိမ်တစ်အိမ်တွင် ခေါင်မ လုံလျှင် မိုးလုံမည်မဟုတ်ပါ။ မြန်မာနိုင်ငံတွင် စေတနာ၊ ဝါသနာ၊ အနစ်နာနှင့် ကရုဏာတရားလက် ကိုင်ထားသည့် မွန်မြတ်သောဆရာ၊ ဆရာမများ များစွာရှိကြပါသည်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်သော နိုင်ငံများတွင် တက္ကသိုလ်၊ ကောလိပ်၊ စာသင်ကျောင်းများရှိ ဆရာ၊ ဆရာမများအနေဖြင့် ပြင်ပကျူရှင်သင်ကြားခြင်းများ မရှိကြပါ။ သင်စရာအကြောင်းလည်း မရှိပါ။ ဆရာ၊ ဆရာမဝန်ထမ်းတစ်ဦးချင်း၏ အနိမ့်ဆုံးလစာဝင်ငွေသည်ပင်လျှင် ယင်းတို့၏စားဝတ်နေရေးနှင့် ဆေးကု သစရိတ်များအတွက် လုံလောက်သည့်အပြင် ပိုလျှံပါသည်။ ထို့ကြောင့်လည်းသင်ကြားရေး တာဝန်များ၊ သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများကို အပြည့်အဝအာရုံစိုက်နိုင်သည့်အပြင် ကျောင်းပြင်ပ ဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း သက်ဆိုင်ရာလက်တွေ့နယ်ပယ်အလိုက် ဆက်စပ်လုပ်ကိုင်နိုင်စွမ်းရှိ ကြသည်။ ထို့ကြောင့်စစ်မှန်သော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ကာ နိုင်ငံ၏စက်မှုသိပ္ပံ ကဏ္ဍများ၊ နည်းပညာကဏ္ဍများ၊ စီးပွားရေးကဏ္ဍများ အရှိန်အဟုန်ဖြင့် တိုးတက်နေခြင်းဖြစ်သည်။ ဤသို့ စွမ်းဆောင်နိုင်ကြခြင်းမှာ ဆရာ၊ ဆရာမများသည် စားဝတ်နေရေးအတွက် လှည့်ကြည့်စရာမလို ၍ဖြစ်သည်။
မြန်မာနိုင်ငံသည် သဘာဝသယံဇာတအရင်းအမြစ်များ အလွန်ကြွယ်ဝပါလျက် စီးပွားရေးချွတ်ခြုံကျပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ရခြင်း၏ အကြောင်းရင်းတရားခံကို အားလုံးသိပြီးဖြစ်၍ ရှင်းပြ ရန်လိုမည်မထင်ပါ။ မြန်မာနိုင်ငံတွင် တစ်နေ့တခြားတိုးပွားလာသော လူဦးရေနှင့်အတူ အခြေခံလူ တန်းစားတို့၏ စားဝတ်နေရေးမှာလည်း လွန်စွာခက်ခဲကြမ်းတမ်းလျက်ရှိသည်။ စာရေးသူအံ့သြမိတာ တစ်ခုရှိပါသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာ့စီးပွားရေးကျဆင်းပြီး ပြည်သူတို့၏ စားဝတ်နေရေး ခက်ခဲနေချိန်တွင် ဒေါ်လာသန်းပေါင်းများစွာချမ်းသာသော ခေတ်သစ်ကမ္ဘာကျော် မြန်မာသူဌေးကြီး များအစီအရီပေါ်ပေါက်လာသည်ကိုတော့ စာရေးသူနားမလည်ပါသဖြင့် ရှင်းမပြတတ်ပါ။
ယခုအချိန်တွင် မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မည်မျှပင်အရှိန်ရနေသည်ပြောပြော မြန်မာ့စီးပွားရေးအမွေအနှစ်များသည် လက်တစ်ဆုပ်စာမျှသာရှိသော ခေတ်သစ်မြန်မာသူဌေးကြီးများ နှင့် တချို့သောသြဇာအာဏာကြီးမားသည့် ပုဂ္ဂိုလ်များနှင့် ဆွေမျိုးများ၏လက်ထဲတွင်သာ ရှိပါသည်။ ကျေးလက်နေပြည်သူအများစု၊ ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများမှာ စားဝတ်နေရေးအတွက် ယခု အချိန်ထိ ခက်ခဲစွာရုန်းကန်နေရတုန်းပင်ဖြစ်သည်။ ယနေ့ကာရာအိုကေများ၊ နိုက်ကလပ်များ၊ ဂေါက် ကလပ်များ၊ ဟိုတယ်ဘားများတွင် သုံးဖြန်းနေကြသော တချို့သောသြဇာကြီးမားသည့် အရာရှိကြီး များ၏ သားသမီးများ၊ ခေတ်သစ်သူဌေးကြီးများ၏ တစ်ညတာအသုံးစရိတ်သည် ဆရာ၊ ဆရာမများ အောက်ခြေ ဝန်ထမ်းများ၏ တစ်နှစ်စာလစာဝင်ငွေထက်မက များပြားလှပါသည်။ အဆိုပါခေတ်သစ်သူ ဌေးကြီးများနှင့် မည်သို့ချမ်းသာလာမှန်းမသိသော ပုဂ္ဂိုလ်များ၏အိမ်တွင်မွေးထားသော ခွေးတစ် ကောင်၏ တစ်လအသုံး စရိတ်သည် မိသားစုငါးဦးစာမျှရှိသော အောက်ခြေဝန်ထမ်း သို့မဟုတ် ဆရာ၊ ဆရာမတစ်ဦး၏ တစ်လစာ စားဝတ်နေရေးထက်ပင် များပြားလှသည်။
စာရေးသူ ဤသို့ရေးနေခြင်းမှာ မည်သူ့ကိုမျှ အပြစ်တင်နေခြင်းမဟုတ်ပါ။ စစ်မှန်သောပညာရေးစနစ် ပြုပြင်ပြောင်းလဲခြင်းများလုပ်နေချိန်၌ လက်ရှိဖြစ်ပေါ်နေသော အခက်အခဲ၊ ပြဿနာတစ်ရပ်အပေါ် တွင် ယထာဘူတကျကျ အမှန်အတိုင်းမြင်တတ်ပြီး မည်သို့ဖြေရှင်းသင့်သည်ကို မီးမောင်းထိုးပြခြင်း သာဖြစ် သည်။ ထိုသို့မဟုတ်ဘဲ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာ၊ ဆရာမများကျူရှင်သင် လျှင် အလုပ်ဖြုတ်မည်ဆိုလျှင်တော့------။
Democracy Today Daily
မေလ (၂၉) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)