တရုတ်နိုင်ငံအတွက် အလိုအလျောက် မောင်းနှင်နိုင်မည့် စက်ဘီးများကို Baidu တီထွင်နေ

အနောက်နိုင်ငံ၌ Google ၏ မောင်းသူမဲ့ ကားများက ဆွေးနွေးစရာတစ်ခု ဖြစ်နေချိန်တွင် တရုတ် search ကုမ္ပဏီကြီးဖြစ်သည့် Baidu က လူထိန်းချုပ်ရန်မလိုဘဲ အလိုအလျောက် မောင်းနှင် နိုင်မည့် စက်ဘီးများကို တီထွင်နေကြောင်း သတင်း ထွက်ပေါ်လာခဲ့သည်။

အဆိုပါ မောင်းသူမဲ့ စက်ဘီးကို ယခုနှစ် ကုန်ပိုင်းတွင် ရှေ့ပြေးပုံစံတစ်ခု အနေဖြင့် တွေ့မြင်ရဖွယ် ရှိကြောင်း Techweb က ဖော်ပြခဲ့သည်။ လျှပ်စစ် မော်တာတစ်ခုဖြင့် မောင်းနှင်စေဖွယ်ရှိသည့် ၎င်းစက်ဘီးသည် ပိုင်ရှင်ကို ခွဲခြားသိမြင်နိုင် ကြောင်း၊ ထို့အပြင် လမ်းပေါ်ရှိ အတားအဆီးများကို ရှောင်လွဲနိုင်သလို ရှုပ်ထွေးသည့် လမ်းအခြေအနေ ကိုလည်း ညွှန်ပြပေးနိုင်ကြောင်း Techweb ၏ ဖော်ပြချက်အရ သိရသည်။

Baidu ၏ အလိုအလျောက် မောင်းနှင်နိုင်သည့် စက်ဘီးနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ မထွက်ရှိသေးသည့်အပြင် ကုမ္ပဏီကလည်း တရားဝင် အတည်ပြုပြောကြားခြင်း မရှိသေးပေ။ သီအိုရီအရ မောင်းသူမဲ့ စက်ဘီးများသည် လမ်းပေါ်တွင် လုံခြုံစွာနှင့် တရားဥပဒေနှင့်အညီ မောင်းနှင်နိုင်ရန်အတွက် မောင်းသူမဲ့ကားများထက် အနည်းငယ်သာ စေ့စေ့စပ်စပ် စစ်ဆေးရန်လိုအပ်သည်။

ထို့အပြင် Baidu ၏ မောင်းသူမဲ့ စက်ဘီးသည် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းအတွက် ကြီးမားသည့် သက်ရောက်မှု ဖြစ်ပေါ်လာနိုင်သည်။ အာရှနိုင်ငံများရှိ ပြည်တွင်း အမြန်ချောပို့ ကုမ္ပဏီများသည် ပစ္စည်း များနှင့် အစားအသောက်များ အတွက် စကူတာများ သို့မဟုတ် ဘီးနှစ်ဘီးပါသော သယ်ယူ ပို့ဆောင် ရေးဖြင့် ပေးပို့ကြသည်။ အဆိုပါ စက်ဘီးသည် မောင်းသူမဲ့ ကားများကဲ့သို့ လူတစ်ဦး တစ်ယောက်ချင်းစီ အတွက် အကျိုးကျေးဇူးများ ရရှိစေနိုင်ပြီး အထူးသဖြင့် ကလေးငယ်များကို ကျောင်းပို့ ကျောင်းကြို ပြုလုပ်ခြင်းနှင့် အမြင်အာရုံချို့တဲ့သူများနှင့် မသန်စွမ်းများ သယ်ယူပို့ဆောင်ရေးအတွက် အကျိုးကျေးဇူးများ ရရှိစေမည် ဖြစ်သည်။

Techweb ၏ ဖော်ပြချက်အရ တရုတ်နိုင်ငံတွင် စက်ဘီးစီးနင်းသူ ၅၅၁ သန်းရှိပြီး ၎င်းအနက် ၁၈၁ သန်းသည် လျှပ်စစ်စက်ဘီးကို အသုံးပြုကြောင်း သိရသည်။


Ref: TechInAsia
Internet Journal
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...