ဆေးများကြောင့် စိတ်ကျဝေဒနာဖြစ်နိုင်
စိတ်ဓာတ်ကျဝေဒနာဟာ များသောအားဖြင့် စိတ်ဖိစီးမှုတွေအပြင် စိတ်ခံစားချက်နဲ့ စဉ်းစား တွေးခေါ် ဥာဏ်တွေကို ထိန်းချုပ်တဲ့ ဦးနှောက်တွင်း ဓာတ်တုပစ္စည်းတွေ မညီမျှတာကြောင့် ဖြစ်တာပါ။ အချို့လူတွေမှာ ကျန်းမာရေး အခြေအနေကြောင့် (ဥပမာ လည်ပင်းအကျိတ် အလုပ်မလုပ်သော ရောဂါ (Hypothyroidism ကြောင့်လည်း စိတ်ကျဝေဒနာ ခံစားရတတ်ပါတယ်။ ဆရာဝန် ညွှန်ကြားချက် လိုအပ်တဲ့ဆေးနဲ့ ဆရာဝန်ညွှန်ကြားချက် မလိုအပ်တဲ့ ဆေးတွေ အားလုံးဟာလည်း စိတ်ကျဝေဒနာ ဖြစ်အောင် လှုံ့ဆော်နိုင်တာ၊ ရောဂါပိုဆိုးစေတာ ဒါမှမဟုတ် ကုသမှုအတွက် အနှောက်အယှက် ဖြစ်တာတွေ ဖြစ်တတ်ကြပါတယ်။ စိတ်ကျဝေဒနာ ဖြစ်စေနိုင်တဲ့ ဆေးတွေကို အောက်မှာဖော်ပြလိုက် ပါတယ်။
ပဋိဇီဝများ (Antibitics)
လူတိုင်းလူတိုင်း ပဋိဇီဝဆေးတွေကို သောက်သုံးဖူးကြမှာပါ။ ဝမ်းပျက်တာတွေလိုမျိုး ဆေးရဲ့ဆိုးကျိုးလည်း ရရှိဖူးကြမှာပါ။ ဒါပေမယ့် ပဋိဇီဝဆေးတွေကြောင့် သင့်ရဲ့စိတ်ခံချက် (mood) တွေကို ထိခိုက်မှုရှိတယ် ဆိုတာကိုတော့ သိကြမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ အချို့ပဋိဇီဝ ဆေးတွေကြောင့် အိပ်မပျော်တာ၊ စိုးရိမ်စိတ်များတာနဲ့ စိတ်ဓာတ်ကျ ဝေဒနာတွေ ဖြစ်တတ်ပါတယ်။ ဥပမာ အသက်ရှုလမ်းကြောင်း အပေါ် ပိုင်းနဲ့ ဆီးလမ်းကြောင်း ပိုးဝင်တာအတွက် အသုံးများတဲ့ Fluroquinolones (Ciprofloxacin, Ofloxacin) နဲ့ မိန်းမကိုယ်မှ အဖြူဆင်းတာနဲ့ ဝမ်းကိုက်တာအတွက် အသုံးပြုတတ်တဲ့ (Metronidazole) ဆေးတွေဟာ စိတ်ကျရောဂါ ဖြစ်နိုင်တဲ့ ဆေးတွေပါ။
ဘယ်လိုပြုလုပ်မလဲ
သင့်မှာ စိတ်ဓာတ်ကျ ဝေဒနာဖြစ်ရင် သင့်ဆရာဝန်ကို ပြောပြပါ။ ဆရာဝန်အနေနဲ့ tetracycline ဆေး အုပ်စုကို ပြောင်းလဲပေးတာတွေ လုပ်ပေးနိုင်ပါတယ်။
သွေးတိုးကျဆေးများ (Blood Pressure Drugs)
အချို့လူတွေမှာ သွေးတိုးကျဆေးတွေဟာ ဗဟိုအာရုံကြောစနစ်ကို ဖိအားပေးတာ ဒါမှမဟုတ် Neuro trasmitters တွေ မညီမမျှဖြစ်စေတာ တွေကြောင့် စိတ်ခံစားချက်တွေ ကျဆင်းသွား တတ်ပါတယ်။ Chonidine, Aldomet, Propanolol နဲ့ Atenolol ဆေးတွေဟာ စိတ်ကျဝေဒနာ ရနိုင်တဲ့ဆေးတွေပါ။ဆီးဆေး (diuretics) တွေဟာလည်း လိင်ကိစ္စဆောင်ရွက်မှုကို အနှောင့်အယှက် ဖြစ်စေတဲ့အတွက် စိတ်ကျဝေဒနာ ခံစားရတတ်ပါတယ်။ ဆီးဆေးတွေကြောင့် အိပ်ရေးပျက်တာ၊ မောပန်းပြီး စွမ်းအင်တွေ နည်းသွားတာ လိင်စွမ်းဆောင်မှုကျဆင်းတာတွေ ဖြစ်နိုင်ပါတယ်။
ဘယ်လိုပြုလုပ်မလဲ
သင် စိတ်ကျဝေဒနာ ရနေရင် ဆရာဝန်ကိုပြောပြပါ။ ဆရာဝန်အနေနဲ့ အခြားဆေးများ ဥပမာ ACE Inhibitor ဆေးတွေ ပြောင်းပေးနိုင်ပါတယ်။
နှလုံးအ လုပ်မလုပ်နိုင်ခြင်း အတွက်ဆေးများ (Heart Faliure Drugs)
နှလုံးညှစ်အား ပိုကောင်းအောင် အသုံးပြုတဲ့ Digoxin ဆေးဟာ ဗဟိုအာရုံကြောစနစ်ကို ထိခိုက်မှု ရှိစေကာ စိတ်ဓာတ်ကျ ဝေဒနာဖြစ်တာ ဒါမှမဟုတ် ပိုဆိုးတာတွေ ဖြစ်နိုင်ပါတယ်။
ဘယ်လိုပြုလုပ်မလဲ
သင်ဟာ စိတ်ကျဝေဒနာ ခံစားနေရရင် သင့်ဆရာဝန်က Digoxin ဆေးကိုပမာဏ အနည်းငယ်သာပေး တာ ဒါမှမဟုတ် Nitrocot လိုမျိုး သွေးကြောချဲ့ဆေးတွေ Vasotec လိုမျိုး ACE Inhibitor တွေ ဒါမှမဟုတ် Diovan လိုမျိုး Angiotensin Receptor Blockerတွေ ပြောင်းလဲပေးနိုင်ပါတယ်။
ဟော်မုန်းဆေးများ (Hormones)
အဆစ်ရောင်ရောဂါ၊ ရင်ကျပ်ပန်းနာနဲ့ ဆိုးရွားတဲ့ အရေပြားပြဿနာတွေလိုမျိုး ရောဂါအတော်များများမှာ ပေးလေ့ရှိတဲ့ စတီးရွိုက်ဆေး Prednisolone ကိုပါးစပ်မှ သောက်နေရရင် ဗဟိုအာရုံကြောစနစ်ကို ထိခိုက်စေနိုင်ပြီး စိတ်ကျဝေဒနာ ခံစားရတတ်ပါတယ်။
ဘယ်လိုပြုလုပ်မလဲ
သင့်ဆရာဝန်က ဆေးပမာဏလျှော့ပေးတာ၊ ဆေးသောက်တဲ့ကာလကို လျော့ချတာ၊ Antihistamine ဆေးတွေပြောင်းပေး တာတွေ ပြုလုပ်ပေးနိုင်ပါတယ်။
Tips
စတီးရွိုက်ဆေးတွေကို လိမ်းတာ ဒါမှမဟုတ် ရှူတာကြောင့် စိတ်ခံစားချက်ကို အနှောင့်အယှက် မပေးနိုင် ပါဘူး။
အိပ်ဆေးများ (Sleep Aids)
Diazepam (ဘေလီယမ်) လိုမျိုး အိပ်ဆေးတွေဟာ တချို့လူတွေမှာ ဆေးသောက်ပြီး နောက်တစ်နေ့မှာ စိတ်ကျဝေဒနာ ဖြစ်တတ်ပါတယ်။
ဘယ်လိုပြုလုပ်မလဲ
သင့်ဆရာဝန်က ခန္ဓာကိုယ်မှ အပြင်သို့ အမြန်စွန့်ထွက်နိုင်တဲ့ အိပ်ဆေး (ဥပမာ zolpidem) တွေ ပြောင်း ပေးနိုင်ပါတယ်။

ref;Mg Mandalay
------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)