“သည်းခံခြင်း” နှင့်“ အောင့်ခံခြင်း”
“ခန္တီ ပရမံ တပေါ တိတိက္ခာ”
●တိတိက္ခာ- အရာရာတွင် သည်းခံခြင်းတည်းဟူသော
●ခန္တီ- သည်းခံခြင်း ခန္တီတရားသည်
●ပရမံ-ထူးမြတ်လှစွာသော
●တပေါ-အကျင့်တရား အစစ်ဖြစ်ပါပေ၏။
ခန္တီ - သည်းခံခြင်းကို ဘာဖြစ်လို့ အမြတ်တရားလို့ မြတ်ဗုဒ္ဓ ဟောတာပါလဲ။ “သည်းမခံနိုင်ဘူး” ဆိုတဲ့ “ဒေါသ” ကိုတော့ လူတိုင်း လုပ်နိုင်ပေမယ့် သည်းခံနိုင် ခြင်းလို့ဆိုတဲ့ အဒေါသ ကိုတော့ လူတိုင်းလုပ်နိုင်ဖို့ မလွယ်ဘူး မဟုတ်လား။ အနည်းဆုံး ကတော့ ကိုယ်နဲ့ နှုတ်က မတုန့်ပြန်ပေမယ့် “စိတ်” ကတော့ ချက်ချင်း သည်းမခံဘဲ၊ တုန့်ပြန်ပြီးသား ဖြစ်နေတတ် တယ်လေ။
ကိုယ် နဲ့ နှုတ် ကတော့ အင်အားချင်း မမျှလို့ပဲဖြစ်ဖြစ် ၊ ဂုဏ်သိက္ခာ အရပဲဖြစ်ဖြစ်၊ အခြေအနေ အရပဲဖြစ်ဖြစ်၊ မတုန့်ပြန်သော်လည်း အခွင့်အရေး ရရင်တော့ တုန့်ပြန်ဖို့ ဝန်မလေး တတ်ကြဘူး။ ဒါကို “သည်းခံတယ်” လို့ မခေါ်ဘဲ၊ “အောင့်ခံတယ်” လို့ ခေါ်ပါတယ်။ မနိုင်လို့ အောင့်ခံနေတာပါ။ နိုင်ပေမယ့် လည်း အခြေအနေအရ အောင့်ခံနေရ တာတွေလည်း ရှိပါတယ်။
●“သည်းခံ” တာက “အဒေါသကုသိုလ်” ဖြစ်ပြီး
●“အောင့်ခံ” တာက “ဒေါသအကုသိုလ်” ဖြစ်တဲ့အတွက် အများကြီး ကွာခြားပါတယ်။
●သည်းခံတာက သည်းခံရင် သည်းခံနိုင်သလောက် စိတ်ရဲ့ အရည်အသွေးတွေ တက်လာနိုင်ပါတယ်။
●အောင့်ခံတာကတော့ အောင့်ထားရင် အောင့်ထားသလောက် စိတ်ထဲမှာ ပူလောင်ရပြီး ကြာလာတော့ ဒေါသအစိုင်အခဲလို ဖြစ်လာပြီး၊ အငြိုးအာဃာတ အဖြစ်သို့ ပြောင်းသွားတတ်ပြီး အန္တရာယ် ကြီးလှပါ တယ်။
လောကမှာ သည်းမခံနိုင်ဘူး ဆိုတဲ့ ဒေါသကြောင့်ပဲ ပြစ်မှု အမျိုးမျိုးကို ကျူးလွန်နေကြပြီး၊ ငြိမ်းချမ်းမှု
မရဘဲ ဖြစ်နေကြပါတယ်။ သည်းခံ လိုက်တဲ့အတွက် ရန်သူ အဖြစ်ကို ရောက်မသွားဘဲ ၊ ငြိမ်းချမ်းတဲ့လူမှု ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်တာတွေ ကိုလည်းတွေ့နေ ရပါတယ်။
“မသူတော်တွေ” ကတော့ သည်းခံနိုင်တဲ့ လူတွေကို လူပျော့လူညံ့လို့ ထင်တတ်ပြီး၊
“သူတော်ကောင်းတွေ” ကတော့ သည်းခံနိုင်မှ၊
“အမြတ်တရားကို ကျင့်သုံးနိုင်သူ” လို့ ဆိုတယ် မဟုတ်လား
သည်းခံခြင်းကို မှန်ကန်စွာ သဘောပေါက်မယ် ဆိုရင်တော့“ခန္တီပရမံ - သည်းခံခြင်းသည် အမြတ်တရား ဖြစ်တယ်။” လို့ မြတ်စွာဘုရား ဟောတာကို သဘောပေါက်မယ် ထင်ပါတယ်။
“သည်းခံခြင်း” ဖြင့် “အမြတ်တရား” တို့ကို မွေးမြူနိုင်ကြပါစေ။
-【အရှင်ဝိလာသဂ္ဂ (ဗောဓိမြိုင်သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတော်)】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
-------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook