အစိုးရမှ အိမ်ကိုဘူဒိုဇာတိုက် မြေကိုသိမ်းယူသဖြင့် မိသားစုလိုက် ပိုးသတ်ဆေးသောက် ဆန္ဒပြ



တရုတ်နိုင်ငံ Jiangsu ပြည်နယ် အရှေ့ဘက်မှ မိန်းမ ၅ ယောက်နဲ့ ယောက်ျား ၂ ယောက်ပါတဲ့ မိသားစု တစ်စုဟာ တရုတ်သတင်းစာ China Youth Daily ရုံးရှေ့မှာ ပိုးသတ်ဆေး သောက်ခဲ့ကြပါတယ်။ အစိုးရ က သူတို့ရဲ့အိမ်ကို ဘူဒိုဇာနဲ့တိုက်ကာ မြေကို သိမ်းယူသွား ခဲ့တာကြောင့် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
မျက်မြင်သက်သေ တစ်ဦးရဲ့အဆိုအရ ဒီအုပ်စုဟာ ပလတ်စတစ် ပုလင်းတွေကို ထုတ်ပြီး အထဲမှာပါတဲ့ အရာတွေကို သောက်ခဲ့တဲ့အခါမှာ လည်ပင်းတွေကို ဆုပ်ကိုင်ရင်း လဲကျသွားခဲ့ကြတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်က အစိုးရဟာ လျော်ကြေးတစ်ပြားမှ မပေးဘဲ သူတို့ရဲ့အိမ်တွေကို ဖြိုဖျက်ခဲ့တာကြောင့် ဒီမိသားစုဟာ အိမ်ခြေရာမဲ့တွေ ဖြစ်ခဲ့ကြပါတယ်။

သူတို့ကိစ္စကို လူအများ အာရုံစိုက်လာအောင် လက်ကမ်းစာစောင်ဝေခြင်းနဲ့ ပိုစတာကပ်ခြင်းများကို မိသားစုလိုက် လုပ်ခဲ့ကြပေမဲ့ ထောက်ခံမှု မရခဲ့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် သူတို့ ၇ ယောက်စလုံးဟာ မြို့တော်ဘေဂျင်းကို တက်ပြီး တရုတ်နိုင်ငံ ကွန်မြူနစ်လူငယ်အသင်း (Communist Youth League of China) ပိုင် သတင်းစာတိုက်ရှေ့မှာ ပိုးသတ်ဆေးသောက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဆရာဝန်တွေ အဆိုအရ လေးယောက်ဟာ အသက်အန္တရယ်က လွတ်ခဲ့ပြီဖြစ်ပေမဲ့ သုံးယောက်ကတော့ စိုးရိမ်ရပြီး အသက်သေဆုံးနိုင် ခြေရှိတယ်လို့ ဆိုပါတယ်။ သတင်းစာတိုက်မှာ အလုပ်လုပ်သူ တစ်ဦးဖြစ် တဲ့ Bo Tuan က သူ အလုပ်ကို လာရာမှာ ဆန္ဒပြနေတဲ့ ဒီအဖွဲ့ကို မြင်ခဲ့တယ် လို့ဆိုပါတယ်။

“တရားမျှရေးဆိုပြီး သူတို့အော်နေတာ ကျွန်တော်ကြားတယ်။ ကျွန်တော်လည်း သိပ်ဂရုမစိုက်ဖြစ်ဘူး။ ဒါပေမဲ့ သူတို့က ပလတ်စတစ် ပုလင်းတွေကို ဆွဲထုတ်ပြီး အထဲက အရာတွေကို မော့ချလိုက်တယ်။ လည်ချောင်းတွေကို ဆုပ်ပြီး လဲကျသွားကြတယ်။ မြင်ရတာ တကယ်ကြောက်စရာပဲ။ အမြှပ်တွေထ အသက်ရှုတွေကြပ်ပြီး သူတို့အားလုံးငြိမ်ငြိမ်လေး လဲနေတော့တာပဲ” လို့ Bo Tuan က ပြောကြားခဲ့ ပါတယ်။


ref; myanmarlatestnews.com/ Phothutaw
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...