ငါးဥ စပ်ဆီးစိမ်း (ငရုတ်သီးစိမ်း) အုပ် (၂)



အင်းထဲ နဲ့ တောင်ကြီးမှာတော့ ငါးဖိန်း လို့ခေါ်တဲ့ အရမ်း စားကောင်းတဲ့ ငါးရဲ့ဥကို ချက်တာပါ။ အခုချက် ထားတဲ့ ငါးဥတွေလို ဖောဖောသီသီ မရနိုင်တာကြောင့် အနှစ်များများ ငါးဥ နဲနဲ နဲ့ ချက်ပါတယ်။ ရှားရှား ပါးပါး ရမှ စားရတာကြောင့် ပိုပြီးတော့ အရသာရှိပါတယ်။ ဒီဟင်းကတော့ ငါးဖိန်းဥနဲ့ ချက်တာလောက် စားလို့ မကောင်းပေမယ့် အတော်လေးကို အရသာရှိပါတယ်။ ပထမတစ်ခါ blog မှာ တင်ဖူးပြီးသားလေး က ကြက်သွန်ပင် နဲ့ ရေမထည့်ပဲ ခြောက်ခြောက်လေး ဖြစ်အောင် လုပ်ထားတဲ့ စပ်ဆီးအုပ်ပါ။ ဒီတစ်ခါ ကတော့ ကြက်သွန်ပင်၊ ရေနွေး နဲ့ ခရမ်းချဉ်သီး ပိုထည့်ပြီး အရည်စပ်စပ် လေးဖြစ်အောင် ချက်ထားတဲ့ စပ်ဆီးစိမ်းလွတ် နဲ့ အနည်းငယ်တူသော စပ်ဆီးစိမ်း အုပ်လေးပါ။

***...ငါးဥ စပ်ဆီးစိမ်းအုပ် ချက်ဖို့ လိုအပ်တာလေးတွေ….

1. ငါးဥ – ၆၅ ကျပ်သား (1 kg)
2. အတော်လေး ညက်အောင် ထောင်းထားသော ကြက်သွန်ဖြူ အတက်ကြီး – ၂၀ တက်
3. အတော်လေး ညက်အောင် ထောင်းထားသော ၅ လက်မခန့်ရှည်သည့် မစပ်သည့် ငရုတ်သီးစိမ်း အတောင့်ကြီး – ၅ တောင့်
4. အတော်လေး ညက်အောင် ထောင်းထားသော စပ်သည့် ငရုတ်သီးစိမ်း အသေး - ၁၀ တောင့် (အစပ်ကြိုက်လျှင် ပိုထည့်ပါ။)
5. အကွင်းလိုက်လှီးကာ နှစ်ပိုင်းဖြတ်ထားသော ခရမ်းချဉ်သီး အလုံးကြီး – ၂ လုံး
6. လက်တစ်ဆစ်အရှည်ခန့်လှီးထားသော ကြက်သွန်ပင် – 1 1/4 cups (310 ml) ခန့်
7. chicken powder – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
8. ဆား – ထမင်းစားဇွန်း ၁ ဇွန်း
9. ဆီ – 1 cup (250 ml)
10. နနွင်းမှုန်. – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
11. ရေနွေး – 1/4 cup (60 ml)

ဟင်းလေးကို စချက်ကြရအောင်….

ရေဆူဆူထဲ နနွင်း လက်ဖက်ရည်ဇွန်း တစ်ဝက် နှင့် ငါးဥ ထည့်ကာ အရမ်းကျက်မသွားစေရန် အိုးအဖုံး မဖုံးပဲ ၂ မိနစ်ခန့် ပြုတ်ပါ။

(ငါးဥများမပြုတ်ခင် ကွဲပေါက်နေလျှင် ရေဆူဆူထဲ ထည့်သည်နှင့် လှန်ထွက်သွားပြီး အတုံးမလှဖြစ်တတ် ပါတယ်။ ဒါပေမယ့် ဟင်းကျက်သောအခါ အရသာပိုဝင်လို့ ပိုစားလို့ကောင်းပါတယ်။)

ပြီးလျှင် ဆယ်ထုတ်ပြီး အအေးခံကာ လှီးထားပါ။

ဆီ ဒယ်အိုးထဲ နနွင်း လက်ဖက်ရည်ဇွန်း တစ်ဝက် နှင့် ထောင်းထားသော ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း ကိုထည့်ကာ ၂ မိနစ်ခန့် medium heat ဖြင့် ဆီသတ်ပါ။

ပြီးလျှင် ခရမ်းချဉ်သီး နှင့် ကြက်သွန်ပင် ထည့်ကာ ခရမ်းချဉ်သီးဖတ်များ နွမ်းကြေသွားအောင် ဖိချေမွှေ ကြော်ပေးပါ။

ခရမ်းချဉ်သီးကြေပြီး နွမ်းသွားလျှင် ရေနွေး၊ အရသာမှုန့် နှင့် ဆားကို ထည့်ကာ ၂ ခါလောက်မွှေပေးပါ။

ထို့နောက် လှီးထားသော ငါးဥများကို ထည့်ကာ အနှစ်ရရန် အတွက် ငါးဥ ၇ တုံးလောက်ကို ကြေသွား အောင် ဇွန်း နှင့် ဖိချေပြီးလျှင် ၂ မိနစ်ခန်.မွှေကြော်ပါ။

အိုး အဖုံး ဖုံးပြီး ၆ မိနစ်ခန့် medium heat ဖြင့် ဆက်တည်ထားပါ။ ထိုအတော အတွင်း ၃ ခါလောက် မွှေပေးပါ။

ငါးဥအတွင်းက ကျက် မကျက် သိရအောင် ငါးဥတစ်တုံးကို ဇွန်းဖြင့် ဖိချေကြည့်ပါ။ မကျက်သေးလျှင် မိနစ်အနည်းငယ် ဆက်တည်ပေးပြီးမှ မီးကိုပိတ်ပါ။

မီးပိတ်ပြီးနောက် ၅ မိနစ်ခန့် ထားပြီးလျှင် အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။


ref;Chaw Su's Food Friends
-------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...