တူနာငါးမွမွကြော် နဲ့ သရက်သီးစိမ်းသုပ်

ထိုင်းရိုးရာ ငါးခူ အမွကြော်ကို အခြေခံပြီး ဗူးနဲ့လာတဲ့ တူနာငါးကို လုပ်ထားတာပါ။ ပျားအုံလိုပဲ တစ်ခု နဲ့ တစ်ခု ချိတ်ဆက်ပြီး မွမွရွရွ (ကြွပ်ကြွပ်ကြီး မဟုတ်ပါ)ဖြစ်နေကာ သူ့ချည်း သက်သက်စားရင် အနည်း ငယ် အီတဲ့ တူနာငါး မွမွကြော်ကို သရက်သီး စိမ်းရဲ့ အချဉ်အရသာ၊ sauce မှာပါတဲ့ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့ရဲ့ အနံ့၊ အရသာတို့နဲ့ ပေါင်းစပ်ပြီး စားလိုက်တဲ့ အခါ…… အင်း ……စားချင်သေးတယ် မရပ်မနားဆိုပြီး ဖြစ်သွားမယ် ဆိုတာ အာမခံပါတယ်ရှင် …..
**.. တူနာငါးမွမွကြော် နဲ့ သရက်သီးစိမ်းသုပ် အတွက် လိုအပ်တာလေးတွေ…..
1. တူနာငါးမွမွကြော် – ၁ ခု
2. ဓါးဖြင့်ပေါက်ထားသော (သို့) ခြစ်ထားသော သရက်သီးစိမ်း – လက်တစ်ဆုပ်ခန့် (သရက်သီး မရှိလျှင် အစိမ်းရောင် ပန်းသီးကို သုံးနိုင်ပါတယ်။)
3. ပါးပါးလှီးကာ ရေဆေးထားသော ကြက်သွန်နီ – ထမင်းစားဇွန်း ၁ ဇွန်းခန့် (ကြိုက်လျှင်ပိုထည့်ပါ။)
4. လှီးထားသော နံနံပင် – အနည်းငယ်
5. အခွံချွတ်ထားသော မြေပဲလှော် (သို့) မြေပဲကြော် – ထမင်းစားဇွန်း ၁ ဇွန်းခန့်
6. ချိုချဉ်စပ် Sauce - အောက်တွင်ဖော်ပြထားသော sauce ၏ ၃ ပုံ ၁ ပုံ (ပိုသည့် sauce များကို လေလုံသည့် ဗူးထဲထည့်က ရေခဲသေတ္တာထဲ တစ်လခန့် သိမ်းထားနိုင်ပါတယ်။)
**.. ချိုချဉ်စပ် Sauce လုပ်ဖို့ လိုအပ်တာလေးတွေ…
1. ကြက်သွန်ဖြူ အတက်ကြီး – ၄ တက်
2. ငရုတ်သီးစိမ်း – ၁၀ တောင့်
3. သကြား – ထမင်းစားဇွန်း ၃ ဇွန်းခွဲ
4. ရေနွေးပူပူ – ထမင်းစားဇွန်း ၅ ဇွန်း
5. ငါးငံပြာရည် – ထမင်းစားဇွန်း ၆ ဇွန်း
6. သံပုရာရည် – ထမင်းစားဇွန်း ၅ ဇွန်း
ရေနွေးပူပူထဲ သကြားထည့်ကာ ပျော်အောင်ဖျော်ထားပါ။
ရောထောင်းထားသော ကြက်သွန်ဖြူ နှင့် ငရုတ်သီးစိမ်းတို့ကို ထိုအရည်နွေးနွေးထဲ ထည့်ဖျော်ပါ။ (ကြက်သွန်ဖြူ နှင့် ငရုတ်သီးစိမ်းကို အရည်နွေးနေတုန်းထည့်ရင် ပိုမွေးသွားစေပါတယ်။)
အေးသွားပြီးနောက် ငါးငံပြာရည် နဲ့ သံပုရာရည်ထည့်ဖျော်လိုက်လျှင် လိုအပ်သော ချိုချဉ်စပ် Sauce ကိုရပါပြီ။
**.. တူနာငါးမွမွကြော် အတွက် လိုအပ်တာလေးတွေ…
1. tuna with a little olive oil – 130 g (ကျွန်မ သုံးတဲ့ tuna ဗူးက no drain မို့လို့ ဆီနည်းနည်းပဲ ပါ ပါတယ်။) (ငါးအသားထဲ ရေတွေအရမ်းစိမ့်ဝင်နေနိုင်တာကြောင့် tuna with water ကို မသုံးပါဘူး။)
2. bread crumbs – ထမင်းစားဇွန်း ၃ ဇွန်း
3. ဆီ – 2 1/2 cups (625 ml)
ဗူးထဲမှပါသည့် ဆီများကို စစ်ထုတ်ပစ်ထားသော တူနာများ နှင့် bread crumb ကို ကြိတ်စက်ထဲထည့်ပြီး low speed ဖြင့် အသားအားလုံးကြေကာ မွမွလေးဖြစ်အောင် ကြိတ်ပေးပါ။
ပြီးလျှင် ပန်းကန်ပြားတစ်ချပ်ထဲထည့်ကာ ပိုမွသွားစေရန် လက်ဖြင့်ဖွပေးပါ။
high heat ဖြင့် အပူပေးထားသော ဒယ်အိုးထဲမှ ဆီ အရမ်းပူပြီး အငွေ့အတော်လေး ထွက်ကာ တူးလု နီးပါးဖြစ်မှ ပန်းကန်ထဲမှ တူနာအားလုံးကို တစ်ပြိုင်နက်ထဲ ဒယ်အိုးအလယ်ထဲသို့ လက်ဖြင့်သပ်ချပါ။
(ကျွန်မ ဆီကို အပူပေးတဲ့အချိန်က ၁၄ မိနစ်ခန့်ကြာပါတယ်။ မီးဖိုအမျိုးအစားမတူတာကြောင့် အချိန် အတိုး၊ အလျော့ရှိနိုင်ပါတယ်။)
ဆီအပူရှိန်မှန်ပါက တူနာအားလုံးကို ထည့်ချပြီးသည်နှင့် စက္ကန့်အနည်းငယ်အတွင်း တူနာများ အချင်းချင်း ဆက်ကာ အဝိုင်းပြားကြီးဖြစ်လာပါမယ်။ (အဝိုင်းပြားကြီးမဖြစ်ပဲ ဖွာထွက်ကုန်လျှင် ဆီပူဖို့လိုသေးတဲ့ အတွက်ဖြစ်ပါတယ်။)
အောက်ပုံပါအတိုင်း အဝိုင်းပြားကြီးဖြစ်ကာ ပေါ်လာလျှင် အပေါ်ဖက်ပါ အကျက်ညီသွားစေရန် စက္ကန့် အနည်းငယ် ဇွန်းပြားဖြင့် ခပ်ဖွဖွဖိချထားပါ။ (အရမ်းဖိမိလျှင် ကျိုးကြေသွားနိုင်ပါတယ်။)
ပြီးနောက် ဇကာဇွန်းပြားကြီးကိုသုံး၍ ဆီစစ်ပြီး ဆယ်ပါ။ (ဇကာဇွန်းပြားကြီးမရှိလျှင် ဇွန်းကြီး ၂ ချောင်းကို သုံးကာ ဘေးနှစ်ဖက်မှ မပြီး ဆယ်ပေးပါ။)
၅ မိနစ်ခန့် ဆီဆက်စစ်ထားပြီးမှ ပန်းကန်တစ်ချပ်ထဲထည့်ပါ။
ထိုအပေါ်မှာ သရက်သီး၊ ကြက်သွန်နီ၊ နံနံပင်၊ မြေပဲတို့ ဖြူးကာ၊ sauce ကို ဆမ်းပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
ref;Chaw Su's Food Friends
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook