မယ်စကြ၀ဠာမြန်မာ သရဖူကို ဘယ်သူ ဆောင်းနိုင်မလဲ

ဇွန်သံစဉ်၊ ဆုမြတ်နိုးကျော်၊ ယွန်းမှီမှီကျော်နှင့် သျှားထွဋ်အိန္ဒြာ။ ဓာတ်ပုံ - မယ်စကြ၀ဠာမြန်မာ 

မယ်စကြ၀ဠာ မြန်မာပြိုင်ပွဲ ကြီးအတွက် မတ်လ ကတည်းက ဖောင်စတင် လက်ခံခဲ့ပြီး မေလကတည်းက အဆင့်ဆင့် လူရွေးလာခဲ့ကာ နောက်ဆုံး အဆင့် ရွေးချယ်ပွဲ ကြီးကို လာမယ့် ဇူလိုင်လ ၂၆ ရက်နေ့၊ အမျိုးသား ဇာတ်ရုံကြီးမှာ ကျင်းပ သွားတော့မှာ ဖြစ်ပါတယ်။

နှစ်လတာကြာမြင့်တဲ့ ဒီပြိုင်ပွဲကြီးမှာ သရဖူဆောင်းခွင့် ရရှိတဲ့ အလှမယ်ဟာ မယ်စကြ၀ဠာ ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး သွားရောက် ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

ဒီနိုင်ငံတကာ ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံအနေနဲ့ မနှစ်ကစပြီး ပြန်လည် ပါဝင်ခွင့်ရခဲ့ကာ မိုးစက်ဝိုင် က သွားရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

ပြိုင်ပွဲမှာ ဆုမချိတ်ခဲ့ပေမယ့် အသံပေါင်းစုံ၊ ဂယက်ပေါင်းစုံကတော့ ပြည်တွင်းမှာ ဆူညံနေခဲ့တာပါ။

ဒီနှစ်မှာရော.. ပရိသတ်အကြိုက်နဲ့ အကဲဖြတ်ဒိုင်တွေ ရွေးထုတ်လိုက်တဲ့ ကိုယ်စားပြုအလှမယ်နဲ့ ထပ်တူ ကျပါ့မလား၊ မယ်စကြ၀ဠာမြန်မာ ဘယ်သူဖြစ်မလဲ ဆိုတာက အခုချိန်မှာ စိတ်ဝင်စားစရာ အကောင်းဆုံး အချိန်ဖြစ်နေပါပြီ။

ပြိုင်ပွဲဝင်တွေအနေနဲ့လည်း ရင်ခုန်စိတ်လှုပ်ရှားနေကြတာမို့ လက်ရှိအချိန်ထိ လူစိတ်ဝင်မှု အများဆုံး ခံနေရတဲ့ ပြိုင်ပွဲဝင်တွေရဲ့ ရင်ခုန်သံကိုလည်း နားထောင်ကြည့်လိုက် ပါဦးနော်။

ဆုမြတ်နိုးကျော် (ခါးနံပါတ် ၁၅)၊ အသက် ၂၀ 

"နောက်ဆုံး အဆင့်ပြိုင်ပွဲ ကြီးနီးနေလို့ စိတ် လှုပ်ရှားတယ် ဆိုပေမယ့် ယှဉ်ပြိုင်ခြင်း သာ အဓိက ဆိုတဲ့ စိတ်နဲ့ ညီမက ယှဉ်ပြိုင်သွားမှာပါ။ ကိုယ်ကြိုးစား ထားသလောက်နဲ့ တူတဲ့ တန်ပြန် အကျိုးသက်ရောက် မှုလည်း ပြန်ရမယ် လို့လည်း ယုံကြည်ပါတယ်။ ဆုရ သည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကိုယ့်အတွက် တစ်ခုခုတော့ ဒီပြိုင်ပွဲကနေ ကျန်ခဲ့ မယ်လို့ ထင်ပါတယ်" လို့ ဆုမြတ်နိုးကျော်က ဆိုပါတယ်။

တကယ်လို့ သူသာ ဆုရခဲ့မယ် ဆိုရင်တော့ "နိုင်ငံခြားမှာ သွားပြိုင် ရတော့မယ် ဆိုရင်တော့ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်းတွေကို ပြင်ဆင်သွားပြီး ကမ္ဘာက မြန်မာရဲ့ဓလေ့ ထုံးတမ်းတွေကို သိအောင် လက်လှမ်း မှီသလောက် ပြသပေးသွား ရင်းနဲ့ ယှဉ်ပြိုင် ဖြစ်မှာပါ"လို့ ဆိုပါတယ်။

"ညီမသာ ဆုမရဘူးဆိုရင် ဘယ်သူ့ကို ရစေချင်တယ် ဆိုတာမျိုးတော့ မရှိပါဘူး"လို့လည်း ဆုမြတ်နိုးကျော် က ပြောပါသေးတယ်။

အရင်တုန်းက မော်ဒယ်ပြိုင်ပွဲတွေ ၀င်ပြိုင်ခဲ့ဖူးပေမယ့် ဒီပြိုင်ပွဲကတော့ သူ့ဘ၀မှာထူးခြားပြီး ကွဲပြားတဲ့ ပြိုင်ပွဲတစ်ခု ပါပဲလို့လည်း ဆိုပါတယ်။

"အရင်ပြိုင်ပွဲတွေ တုန်းက အလှအပက အဓိကဆိုတာနဲ့ ရွေးတာမျိုးတွေပေါ့။ ဒီပြိုင်ပွဲကတော့ အချိန်တွေ လည်း အများကြီးပေးရတယ်။ ပြီးတော့ အလှအပသာမက ကိုယ်ခန္ဓာကျန်းမာတာ၊ အရည်အချင်း၊ လူမှု ဆက်ဆံရေးစတာတွေကိုလည်း အကဲဖြတ်တယ်ပေါ့။ ပြီးတော့ Organization က ခရီးစဉ်တွေ စီစဉ်ပေး တယ်ဆိုတာကလည်း တခြားနိုင်ငံမှာ သွားပြိုင်ပွဲဝင်ရင် အဖွဲ့အစည်းနဲ့ ဘယ်လိုလက်တွဲ လုပ်ဆောင်ရ မယ်ဆိုတာကို သင်ပြပေး တာဖြစ်တာကြောင့် အဲဒီအတွေ့အကြုံတွေလည်း ရပါတယ်။ ညီမကတော့ ဒီပြိုင်ပွဲမှာ ပါဝင်ရတာ ဂုဏ်ယူပါတယ်"လို့လည်း အလှမယ်လေးက ဆိုပါတယ်။

သူဖြစ်ချင်တဲ့ ဆန္ဒကတော့ မြန်မာနိုင်ငံအတွက် အကျိုးတစ်ခုခုဖြစ်စေနိုင်တဲ့ မယ်မြန်မာ ကောင်း တစ် ယောက် ပါတဲ့။
-----------------------------------------------------

ဇွန်သံစဉ် (ခါးနံပါတ် ၆)၊ အသက် ၁၉ နှစ် 

အွန်လိုင်းကနေ မဲပေး ရွေးချယ်တဲ့ စနစ် ပြုလုပ် ထားရာမှာ အရပ်ရှည်ရှည်နဲ့ ဆွဲ ဆောင် အားကောင်းတဲ့ မျက်လုံး အကြည့်တွေ ပိုင်ဆိုင်ထားတဲ့ ဇွန်သံစဉ်က လတ် တလောမှာ မဲအများဆုံး ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

"ငယ်ငယ်လေး ကတည်းက နိုင်ငံကို ကိုယ်စားပြုတဲ့ ကြယ်တစ်ပွင့် ဖြစ်ချင်တာ ညီမ ဆန္ဒပါ။ အခုကြီးလာတော့ ဒီမော်ဒယ် ဘ၀ကို ရွေးချယ်ခဲ့ပြီး ပြိုင်ပွဲတွေပြိုင်ခဲ့ရင်း လူတွေကိုလည်း ကူညီ ပေးနိုင်ပြီး နိုင်ငံ့ကိုယ်စားပြု အလှမယ်တစ်ယောက် ဖြစ်ချင်လာတာက ညီမရည်မှန်းချက်ပါ"လို့ ဇွန်သံစဉ် က ဆိုပါတယ်။

လက်ရှိမှာ မဲအများဆုံး ရထားတာ ဆိုတာလည်း သူလုံးဝ မျှော်လင့်မထားတဲ့ အရာဖြစ်လို့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ကျေးဇူး တင်တယ်လို့လည်း ဆိုပါတယ်။

"အွန်လိုင်းကနေ မဲပေးတဲ့ စနစ်တွေကို Organization က တင်ပြီးတဲ့အခါမှာ ညီမ ၀င်ကြည့် ဖြစ်တော့ အရမ်းလည်း အံ့အားသင့်ပါတယ်။ ပျော်လည်းပျော်တယ်။ ပရိသတ်တွေက ကိုယ့်ကို အဲဒီလိုအားပေးတဲ့ အတွက် သူတို့အတွက် ပိုကြိုးစားသွားမယ်ဆိုတဲ့ စိတ်ဖြစ်မိပါတယ်။ ညီမကို ဆက်ပြီး အားပေးနေပါဦး" လို့လည်း အလှမယ်လေးက သူ့ပရိသတ်တွေကို တိုက်တွန်း ထားပါတယ်။

မဲပေးတဲ့စနစ်မှာ မဲအများဆုံး ရထားတယ်ဆိုပေမယ့် သရဖူရရှိဖို့အတွက်ကိုလည်း အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်သွားမယ်လို့လည်း ဇွန်သံစဉ်က ဆိုပါသေးတယ်။

၂၀၁၂ခုနှစ်မှ စတင်ကာ Myanmar Model Management မှာ မော်ဒယ်သင်တန်းကို စတင် တက် ရောက်ခဲ့ပြီး မစ္စခရစ္စမတ်ပြိုင်ပွဲမှာ Title ဆု၊ ၂၀၁၃ ခုနှစ် မစ္စအင်တာနေရှင်နယ် ပြိုင်ပွဲ၏ မှာတော့ 1st Runner up ဆုနဲ့ Miss Hotelier Association ဆုတို့ကို ရရှိထားသူလည်း ဖြစ်ပါတယ်။

သူသာ မြန်မာနိုင်ငံကိုယ်စားပြု မယ်စကြ၀ဠာဖြစ်ခဲ့မယ်ဆိုရင်တော့ "ညီမစိတ်ကိုတော့ အမြဲဖြူစင်အောင် ထားပါတယ်။ ဆုရသွားရင် အဲဒါလေးကို ဆက်ထိန်းသိမ်းပါမယ်။ ပြီးတော့ နိုင်ငံ့ကိုယ်စားပြု တစ်ယောက် ဖြစ်သွားပြီဆိုတော့ သာမန်အချိန်တွေလို နေလို့မဖြစ်တော့ပါဘူး။ Miss Universe Myanmar ဆိုတဲ့ သရဖူကိုရထားတဲ့အတွက် အနေအထိုင်လည်း ဆင်ခြင်ရမှာပါ။ ကိုယ့်မြန်မာဂုဏ်ကို ဖော်ဆောင်ရမယ်။ တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်တဲ့အခါမှာ မြန်မာ့ကျက်သရေနဲ့ အရောင်မမှေးမှိန်အောင် နေထိုင်သွားမှာပါ" လို့ သူစိတ်ကူး ခံယူချက်ကို ပြောပြခဲ့ပါတယ်။ 
--------------------------------------------------------

ယွန်းမှီမှီကျော် (ခါးနံပါတ် ၁၆)၊ အသက် ၂၀ 

သူလေးကတော့ မဲပေးစနစ်မှာ ဒုတိယနေရာကနေ လိုက်နေသူလေး ဖြစ်ပါတယ်။

"ပြိုင်ပွဲဝင် တစ်ယောက် အနေနဲ့ကတော့ နောက်ဆုံး အဆင့်ပြိုင်ပွဲမှာ ဆုကို မှန်းပါ တယ်" လို့ ဆိုသလို "မရခဲ့ရင်လည်း ရသွားတဲ့ သူငယ်ချင်းတွေ အတွက် ၀မ်းသာပေး မှာပါ။ ဂုဏ်ယူပေးဖို့ အဆင်သင့်ပါပဲ"လို့ သူ့ရဲ့ စိတ်ပြင်ဆင်ထား ပုံကို ပြောပြပါတယ်။

"ကိုယ်ကြိုးစား သလောက် ကိုယ့်အပေါ်မှာ တူညီတဲ့ ရလဒ်တစ်ခု ရမှာပဲဖြစ်လို့ အချိန်တိုင်း ညီမ အကောင်း ဆုံးကြိုးစားသွားမှာပါ။ မဲပေးစနစ်မှာ ဒုတိယနေရာရနေတဲ့ အတွက်လည်း ပျော်ပါတယ်။ကိုယ့်ကို ပရိသတ်က အဲဒီလိုအားပေးတယ်ဆိုတော့ ပိုအားဖြစ်ပါတယ်။ ညီမကို ဆက်ပြီး အားပေးပါ။ စိတ်မပျက်ရအောင် အကောင်းဆုံး ကြိုးစားသွားမှာပါ" လို့ ယွန်းမှီမှီကျော် က ဆိုပါတယ်။

သူ့ရဲ့ ဘ၀ရည်မှန်းချက်ကတော့ အောင်မြင်တဲ့ အမျိုးသမီး တစ်ယောက် ဖြစ်ချင်တာပါတဲ့။ 
-------------------------------------------------------

သျှားထွဋ်အိန္ဒြာ (ခါးနံပါတ် ၁၈)၊ အသက် ၂၀ 

အွန်လိုင်း မဲပေးစနစ်မှာ တတိယ နေရာကနေ လိုက်နေပြီး ပြိုင်ပွဲမတိုင်ခင် လေ့ကျင့် ရေး ခရီးထွက်ခဲ့တဲ့ ဖူးခက်ခရီးစဉ်မှာ Miss Myanmar-Thailand Friendship သရဖူနဲ့ ဆုကြေး ကန်ဒေါ်လာ ၁,၀၀၀ ရရှိထားသူ ဖြစ်ပါတယ်။

ဒီဆုကို ထိုင်းနိုင်ငံက ပညာရှင်တွေက ခရီးစဉ်တစ်လျှောက် ပြိုင်ပွဲဝင် တွေရဲ့ အပြုအမူ တွေနဲ့ စင်ပေါ်မှာ တင်ဆက်မှုတွေကို အကဲဖြတ်ပြီး ပေးအပ်ခဲ့တာဖြစ်ပါတယ်။

"တကယ်လည်း စခန်းသွင်းလေ့ကျင့်နေတုန်းက ထရိန်နာတွေပြောတဲ့အတိုင်း ညီမ တကယ်ကြိုးစား ခဲ့ပါတယ်။ ဆုရမယ်လို့တော့ မျှော်လင့်မထားပါဘူး။ ဒါပေမဲ့ ရတော့လည်း ညီမအတွက် ပိုအားဖြစ်စေ ပါတယ်။ နောက်ဆုံးပြိုင်ပွဲမှာ ပြိုင်ပွဲဝင်ဖို့ အားတစ်ခုလိုပါပဲ။ ဆုရပြီးသွားလို့ အတော်ဆုံးလို့ မခံစားမိ ပါဘူး။ ဖိုင်နယ်ပွဲအတွက်လည်း ညီမ ပိုကြိုးစား လေ့ကျင့်နေပါတယ်။ ဆုရသွားလို့ပေါ့ သွားတာမျိုး မရှိပါဘူး။ ပိုကြိုးစားချင်စိတ် ဖြစ်လာပါတယ်" လို့ သျှားထွဋ်အိန္ဒြာက ပြောပါတယ်။

ဆုရဖို့ မျှော်မှန်းထားပေမယ့် ပြိုင်ပွဲကြီးကို အကောင်းဆုံး ပြီးဆုံးသွားဖို့ မျှော်လင့်ထားတဲ့ သူက ပြီးခဲ့တဲ့နှစ် ဧပြီလက Talent and Model အေဂျင်စီမှာ မော်ဒယ်သင်တန်း စတင်တက်ရောက်ခဲ့ပြီး အလှမယ် ကောင်း တစ်ယောက် ဖြစ်ချင်တာလို့ ဆိုပါတယ်။


ref;Myanmar Times
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...