ဂုဏ်ရှိတဲ့ အလုပ် (ဆရာသုတ)
အမှိုက်ကျုံးတဲ့သူတွေ ထောင်ထားတဲ့ အမှိုက်သယ် ကုမ္ပဏီ ကြီးတစ်ခုက အတိုင်ပင်ခံ အလုပ်ခေါ်တော့ အတိုင်ပင်ခံ တစ်ယောက်က အဲဒီအလုပ် ကိုလိုချင်တယ်။ စုံစမ်းကြည့် တော့ အဲဒီအမှိုက်သယ် ကုမ္ပဏီကြီးက အမှိုက်ကျုံးတဲ့ သူတွေ ကိုပဲ ခန့်ထားလေ့ ရှိတယ်လို့ သိရတယ်။ အတိုင်ပင်ခံက အမှိုက်ကျုံးတဲ့ လုပ်ငန်းအကြောင်းလည်း မသိဘူး၊ အမှိုက် ကားလည်း မစီးဖူးဘူး၊ အမှိုက်ကျုံးသမားတွေ ဘယ်လို အမှိုက်ကျုံးကြတယ် ဆိုတာလည်း မသိဘူး။ ဒါနဲ့ သူတို့ရပ် ကွက်ထဲကို အမှိုက်လာကျုံးတဲ့ အမှိုက်ကား မောင်းတဲ့သူကို မေးမြန်းစုံစမ်း မေတ္တာရပ်ခံပြီး ၅ရက်ကြာ အမှိုက်ကား လိုက်စီးကြည့် ပါသတဲ့။ အမှိုက်သယ် ကုမ္ပဏီကြီးက အင်တာဗျူး ခေါ်တဲ့ အချိန်မှာ အမှိုက်သိမ်းလုပ်ငန်းကို ကိုယ်တွေ့ မလုပ်ဖူးလို့ တကယ်တမ်း ကျွမ်းကျင်တာ မဟုတ်ပေမယ့် မြင်ဖူးကြားဖူး နီးစပ်မှု ရှိတယ်ဆိုပြီး အင်တာဗျူးမေးတဲ့ အမှိုက်ကျုံးသမား တစ်ဖြစ်လဲ ကုမ္ပဏီလူကြီးတွေက သဘောကျလို့ အတိုင်ပင်ခံ အလုပ် ရသွားပါသတဲ့။
ဒီဖြစ်စဉ်ကလေးကို စာအုပ်တစ်အုပ်ထဲမှာ ဖတ်ရတော့ အတော် အံ့သြမိတယ်။ အမှိုက်ကျုံးတဲ့ သူတွေက ကုမ္ပဏီကြီး ထောင်နိုင်သလား။ နောက်ပြီး အတိုင်ပင်ခံကလည်း အမှိုက်သယ်တဲ့ ကုမ္ပဏီအတွက်များ အတိုင်ပင်ခံ လုပ်ချင်ရတယ်လို့ ဒီလောက်တောင် အလုပ်ရှားသလား။ ပြီးတော့ သူမို့လို့ မရွံမရှာ၊ အမှိုက် ကျုံးလုပ်ငန်း အကြောင်း ကိုယ်တွေ့ သိရအောင် တစ်ပတ်လုံးလုံး အမှိုက်ကားလိုက်စီး ကြည့်ရတယ်လို့။ နောက်ပြီး အနံ့အသက်တွေနဲ့ နေမကောင်းမဖြစ်ဘူးလား။
သူတို့ဆီမှာ အမှိုက်သိမ်းတာက တစ်လမ်းလုံး အမှိုက်စော်နံတဲ့အထိ အမှိုက်ထုတ်တွေကို တစ်ခုချင်း ဖွင့်မွှေနှောက်ပြီး ပြန်ရောင်းလို့ ရမယ့် ပစ္စည်းတွေကို နာရီပေါင်းများစွာ ရှာနေတာမျိုး မဟုတ်လောက် ဘူးလို့ စဉ်းစားမိပါတယ်။ အမှိုက်ပစ်တဲ့ သူတွေက အမှိုက်ကို စနစ်တကျ လုံလုံခြုံခြုံ ထုတ်ပိုးထားပြီး အမှိုက်ကျုံးတဲ့ အမှိုက်သယ်တဲ့ သူတွေက အမှိုက်ကား ကောင်းကောင်းနဲ့လာ၊ လက်နဲ့ ထိကိုင်စရာမလိုဘဲ အမှိုက်ပုံးကိုစက်နဲ့မ၊ စက်နဲ့ ကားထဲထည့်၊ လူက သန့်သန့်ရှင်းရှင်း နေနိုင် တယ်ထင်ပါတယ်။ အမှိုက် သိမ်းတဲ့ ၀န်ဆောင်မှုအတွက်လည်း ထိုက်ထိုက် တန်တန် အခကြေး ငွေရတဲ့အပြင် အမှိုက်ကျုံးတဲ့ အလုပ် ကို လုပ်ရတယ်ဆိုပြီး ဂုဏ်လည်းမငယ် ဘူးနဲ့တူတယ်။ ဒါကြောင့် ကုမ္ပဏီကြီး ထောင်နိုင်ပြီး လုပ်ငန်းထိ ရောက်မှု ရှိဖို့နဲ့ တိုးတက်ဖို့ အသင့်တော်ဆုံး အတိုင်ပင်ခံတွေ ကိုရွေးချယ်ခေါ်ယူနိုင်တဲ့ အဆင့်ရှိတာ ဖြစ်ပါလိမ့်မယ်။
အလုပ်ဟူသမျှဂုဏ်ရှိစွဆိုတာ ဒီအတိုင်းတော့သူ့ဖာသာဂုဏ်ရှိမလာဘူး။ ဂုဏ်ရှိအောင် ကိုယ်ကိုယ် တိုင်သော်လည်းကောင်း၊ ကိုယ့်ရှေ့က လူတွေ ကသော် လည်းကောင်း၊ အဆင့်အတန်းရှိရှိ စနစ်တကျ ကောင်းကောင်း မွန်မွန် မှန်မှန်ကန်ကန် အချိန်အတိုင်းအတာတစ်ခုအထိ လုပ်ခဲ့ပြီး လို့သာလျှင် ဂုဏ်ရှိ တာလို့ စဉ်းစားမိပါတယ်။ ဘယ်လောက်ပဲ ဂုဏ်ရှိတဲ့ အလုပ်ဖြစ်စေ အဆင့်အတန်းမရှိ ပေါက်တတ်ကရ ဖြစ်ကတတ်ဆန်း ဒါမှမဟုတ် ၀ိသမလောဘနဲ့ လိမ်လည်လှည့်ဖြားပြီး ကြုံတွေ့ရသူတွေ ထိခိုက် နစ်နာ အောင် ဒါမှမဟုတ် နောက်တစ်ခါ မဆက်ဆံချင် လောက်အောင် လုပ်နေရင် လူမသိခင် အချိန်အတိုင်း အတာ တစ်ခုအတွင်းတော့ ဟိတ်နဲ့ ဟန်နဲ့မင်နဲ့မောင်းနဲ့ နေလို့ရချင်ရမယ်၊ တစ်ယောက်စကား တစ်ယောက် နားဆိုသလို လူသိသွားတာနဲ့ ဘာဂုဏ်မှ ရှိတော့မှာ မဟုတ်ဘူးလို့ တွေး မိပါတယ်။ ဒါကြောင့် သဘာဝအားဖြင့် ဂုဏ်မရှိလောက်ဘူးလို့ ထင်ရတဲ့ အမှိုက်ကျုံး၊ အမှိုက်သယ် အလုပ်ကို သန့်သန့်ရှင်းရှင်း၊ စနစ်တကျ ကောင်းကောင်းမွန်မွန် မှန်မှန်ကန်ကန် လုပ်နေတဲ့ အမှိုက်သယ် ကုမ္ပဏီ ကြီးက လူတော်အတိုင်ပင်ခံတွေကို ဆွဲဆောင်နိုင်လောက်အောင် ဂုဏ်ရှိပြီးဂုဏ်ရှိ မယ်လို့ထင်ရတဲ့ နာမကျန်းသူတွေကို ကုသပေးတဲ့ ဆရာဝန် အလုပ်၊ အဆောက်အအုံတွေ ဆောက်လုပ်တဲ့ အင်ဂျင်နီယာ အလုပ်၊ အတတ်ပညာ အသိပညာတွေမျှဝေရတဲ့ ဆရာဆရာမ အလုပ်တွေမှာ အသပြာ ဆရာဝန်၊ လူလိမ်အင်ဂျင်နီယာ၊ အသပြာဆရာ ဆရာမဆိုတာတွေ ရှိနေတာဖြစ်ပါတယ်။
ဆရာဝန်၊ အင်ဂျင်နီယာ၊ ဆရာဆရာမ စသည်ဖြင့် ဂုဏ်ရှိတဲ့ အလုပ်တွေမှာ မလွှဲမရှောင်သာတဲ့ အကြောင်းတွေကြောင့် အသပြာကို ရှေ့တန်း တင်ရတာပါ၊ လိမ်လည် လှည့်ဖြားရတာပါ၊ သူတို့ ကိုယ်တိုင်ရဲ့ အပြစ်ထက် ခေတ်စနစ်ကြောင့် ဖြစ်ရတာပါစသည်ဖြင့် ပြောမယ်ဆိုလည်း ပြောနိုင်ပါတယ်။ ဒါပေမယ့် အဆိပ်ဆိုတာ ဘာကြောင့် သောက်သောက် လူကို သေစေတတ်သလို အလုပ်ကို အဆင့် အတန်းမရှိ ပေါက်တတ် ကရ ဖြစ်ကတတ်ဆန်း ဒါမှမဟုတ် ၀ိသမလောဘနဲ့ မမှန်မကန် လိမ်လည် လှည့်ဖြားပြီး ကြုံတွေ့ရသူတွေ ထိခိုက်နစ်နာအောင် ဒါမှမဟုတ် နောက်တစ်ခါ မဆက်ဆံချင်လောက် အောင် လုပ်တာဟာလည်း အခုလို အင်တာ နက်ခေတ်၊ ဖေ့စ်ဘုတ်ခေတ်၊ တွစ်တာခေတ်မှာ မိမိ ကိုယ်တိုင်နဲ့ မိမိရဲ့ လုပ်ဖော် ကိုင်ဖက်တွေ၊ မိမိရဲ့အဖွဲ့အစည်း၊ မိမိလုပ်ကိုင်နေတဲ့ အသက်မွေး ၀မ်းကျောင်း လုပ်ငန်းတစ်ခုလုံးကို အလျင်အမြန်ဂုဏ်ပျက်စေနိုင်ပါတယ်။
ဒီနေရာမှာ အလုပ်တစ်ခုဂုဏ်ရှိလာအောင် လုပ်ရတာအချိန်ကြာပြီး အဲဒီအလုပ်ထဲက လူတွေ ညီညီ ညာညာဝိုင်းဝန်းပြီးရေရှည် လုပ်မှ ဖြစ်နိုင် ပေမယ့် ဂုဏ်ရှိပြီးသား အလုပ်တစ်ခု ဂုဏ်ပျက်သွားအောင် ကတော့ ညီညီ ညာညာ ၀ိုင်းဝန်းနေစရာမလိုဘူး၊ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး နေ့ချင်းညချင်း ပုတ်သွားတာပဲ ဆိုတာကို သတိပြုရမှာဖြစ် ပါတယ်။ အဲဒီ လို ပစ္စုပ္ပန်ငါးခုံးမ၊ အတိတ်ငါးခုံးမတွေ များခဲ့လို့ အပုတ် နံ့လှိုင်လှိုင် ထွက် နေတဲ့လုပ်ငန်းအမျိုးအစားထဲမှာ မိမိကိုယ်တိုင်ကအပုတ် နံ့ဒဏ်ကို ခံနိုင် ရည်ရှိပြီး လုပ်ငန်းသဘော ထိတွေ့ဆက်ဆံရသူတွေ အားလုံးကျေနပ်မှုရှိပြီး စိတ်ချမ်းသာအောင် အဆင့် အတန်းရှိရှိ စနစ်တကျ ကောင်းကောင်းမွန်မွန် မှန်မှန်ကန်ကန်လုပ်ပြနိုင်မယ် ဆိုရင်၊ နောက်ပြီး အချိန် တန်လို့၊ အကြောင်း လည်းတိုက်ဆိုင်လို့၊ ကိုယ့်လိုလူတွေများလာမယ်ဆိုရင်၊ လုပ်ငန်းတစ်ခုလုံး တစ်ဖြည်းဖြည်း အပုတ်နံ့ပျောက်ရုံမက ဂုဏ်ရှိတဲ့လုပ်ငန်းတစ်ခု ဖြစ်လာ နိုင်ပါတယ်။ ဒါပေမယ့် လုပ်ငန်း အမျိုးအစား တစ်ခုလုံးအပေါ် အများ ရှုမြင်ပုံ ပြောင်းလဲသွားဖို့ဆိုတာ တစ်ယောက်တည်း လုပ်နေရုံနဲ့တော့ ဖြစ် မလာနိုင်ဘူးလို့ နားလည်ထားရမှာ ဖြစ်ပါတယ်။
ref; JOB Seeker Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook