အစိုးရနှင့် ပညာရေး (ဒေါက်တာ မောင်မောင်စိုး - ဘောဂဗေဒ)
နိုင်ငံသားတိုင်း လက်ခံထားသည့် သဘောတရား တစ်ခုကား အစိုးရအနေဖြင့် ပညာရေးကို တာဝန်ခံရ မည် ဟူသော အယူအဆပင် ဖြစ်သည်။ ပညာရေးနှင့် ပတ်သက်လာလျှင် အစိုးရတွင် တာဝန်ရှိသည်ဟု ဆိုရာ တွင် အစိုးရအနေဖြင့် ပညာရေးကို အကောင်အထည် ဖော်ရမည်။ ၀င်ရောက် လုပ်ကိုင်ရမည် ဟူသော သဘောတရားထက်၊ ပညာရေးကို တာဝန်ခံရမည် ဟူသောသဘော တရားကို ဆိုလိုခြင်းဖြစ်သည်။ အခြေခံ ပညာရေးဖြစ်စေ၊ အထက်တန်း ပညာရေး ဖြစ်စေ၊ တိုင်းပြည်အတွက် ပညာရေး အလွှာတိုင်းတွင် တိုးတက် ဖွံ့ဖြိုးလာရန်အတွက် အစိုးရတွင် တာဝန်ရှိပါသည်။ အခြေခံပညာရေးတွင်လည်း အစိုးရ ကျောင်းများရှိသလို၊ ပုဂ္ဂလိကကျောင်း များလည်း ရှိမည်ဖြစ်သည်။ ကောလိပ်နှင့် တက္ကသိုလ်များတွင် လည်း State Universities များရှိ သလို၊ ပုဂ္ဂလိက တည်ထောင်ထားသော တက္ကသိုလ်ကောလိပ် များ လည်းရှိ မည်ဖြစ်သည်။ သို့သော်လည်း တစ်တိုင်းပြည်လုံး ပညာရည်မြင့်မားရေး အတွက်တော့ အစိုးရ တွင်သာ တာဝန်ရှိမည်ဖြစ်သည်။ ပညာရေးနှင့် ကျန်းမာရေးအတွက် အသုံးပြုသော ပြည်သူ့အသုံးစရိတ် များဆိုသည်မှာ မည် သည့်ပုဂ္ဂလိက အဖွဲ့အစည်းမှ ကျခံနိုင်စွမ်းရှိကြမည် မဟုတ်ပါ။ အစိုးရသာ လျှင် တတ်နိုင်သောအဖွဲ့ အစည်းတစ်ခုသာဖြစ်ပါသည်။
ပြည်သူ့အတွက် ပညာရေး စွမ်းဆောင်ရည် မြှင့်တင်မှုလုပ်ငန်းများ၊ ကျန်းမာရေး စွမ်းဆောင်ရည် မြှင့်တင်မှု လုပ်ငန်းများဆိုသည်မှာ အစိုးရသာလျှင် လုပ်ကိုင်ဆောင်ရွက်မှ ရနိုင်မည်သာဖြစ်သည်။ ကျောင်းဆောက်သော အလုပ်ကို၊ ဆရာများငှားရမ်းပြီး၊ သင်တန်းများ ဖွင့်လှစ်ခြင်းအလုပ်စသည်တို့ သည် အစိုးရလည်း လုပ်ကိုင်နိုင်သည်။ ပုဂ္ဂလိကလည်း လုပ်ကိုင်နိုင်ကြပါသည်။ သို့သော်လည်း တစ်တိုင်းပြည် လုံး နှင့် သက်ဆိုင်သောပညာရေးမြှင့် တင်မှုလုပ်ငန်းများ၊ လူထုပညာရေး လုပ်ငန်းများ၊ မသင်မနေရ မူလတန်း အဆင့်အထိ ပညာရေးလုပ်ငန်းများ၊ အခြေခံအဆင့်တွင် လူတိုင်းပညာ သင်ကြားနိုင်မှုအတွက် လိုအပ်ချက်များ ပံ့ပိုးပေးခြင်းလုပ်ငန်းများအ တွက်တော့ အစိုးရမှတစ်ပါး အခြားမည်သူမျှ မလုပ်ကိုင်နိုင်ပါ။ တိုင်းပြည် အနေဖြင့်ပညာတတ်များ မွေးထုတ်မှု အစီအစဉ်များတွင်လည်း ပုဂ္ဂလိက အပိုင်းတွင် မွေးထုတ်နိုင်သည့်တိုင် စရိတ်ကြီးမြင့်မှု ရှိနိုင်ပါသည်။ ထို့ကြောင့်ပညာရေးတွင် အပတ်တကုတ် ကြိုးစား လိုသူများ၊ပညာရေးကို ခုံမင်မက်မောစွာသင်ယူလို သော်လည်း ငွေကြေးမတတ်စွမ်း နိုင်သူများ၊ ပညာရေး တွင် ထူးချွန်ပြောင်မြောက်သော်လည်းငွေကြေးချို့တဲ့နေသူများ အနေဖြင့် အစိုးရသည်သာ အားထားစရာ ဖြစ်ပါသည်။ ပုဂ္ဂလိကကျောင်းများ အနေဖြင့် ပညာတော် သင်ဆုများ အတွက်သာ အလေးထားပေးကြ သည်။ ထောက်ပံ့ကြေး အတွက်တော့ သိပ်မစဉ်းစားကြ သည်ကိုတွေ့ရသည်။ စကောလားရှစ် အတွက် သာ ဦးတည်ပေး ကြခြင်းသာဖြစ်သည်။ စတိုင်ဖင် အတွက်တော့ သိပ်မပေးနိုင်သည့် သဘောဖြစ်သည်။ ထိုသို့ဖြစ်ရ သည့် အကြောင်းမှာ စာတော်သူကို မွေးထုတ်ရန်အတွက် စာတော်သူကိုသာ ရွေးကြခြင်းသာ ဖြစ်သည်။ ထိုသို့သော စကောလားရှစ်များသည်လည်း ငါးကြင်းဆီနှင့် ငါးကြင်းပြန်ကြော်သည့် အစီအစဉ် များ၊ ဈေးကွက်ရရှိစေရန်အ တွက် CSR (Corporate Social Responsibility) သဘောမျိုးပေးခြင်း သာဖြစ်သည်။ အကျိုးလိုသောကြောင့် ညောင်ရေလောင်းကြသည့် အစီအစဉ်များသာဖြစ်သည်။ တိုင်းပြည် အဆင့်အတွက် စဉ်းစားကြခြင်း မဟုတ်ဘဲ၊ ကျောင်းအဆင့် တစ်ခုအတွက်သာ စဉ်းစားကြခြင်း ဖြစ်သည်။
အချို့သော မိဘများအနေဖြင့် ငွေကြေး တတ်နိုင်သောကြောင့် နာမည် ကြီးပုဂ္ဂလိကကျောင်းများ တွင် အပ်နှံခြင်းမျိုးလည်း မရှိမဟုတ် ရှိရမည်ဖြစ်သည်။ သင်ကြားမှုကောင်းသော နာမည်ကြီးဆရာ၊ ဆရာမ များကို ငှားရမ်းနိုင်သော ပုဂ္ဂလိကကျောင်းများဖြစ်သည်။ အချို့သောပုဂ္ဂလိ ကကျောင်းများသည်လည်း ဘာသာရေးကြောထောက်နောက်ခံထားပြီးဖွင့် ထားသော ကျောင်းကြီးများလည်း ရှိတတ်ကြပါသည်။ ထိုသို့သောကျောင်း များသည်လည်း နိုင်ငံခြားတွင်နာမည် ကြီးပြီး ကျောင်းဝင်ခွင့်လည်း ထင်သလောက် မလွယ်ကြပါ။ အစိုးရကျောင်းများနှင့်အပြိုင် ပုဂ္ဂလိကကျောင်း များသည်အရည်အချင်း ပြည့်မီအောင် ပြိုင်ဆိုင်လေ့ရှိကြသည်။ အစိုးရကျောင်းများသည် ပညာရေးသင်ကြားမှု ကောင်းမွန်သည်။ ထိရောက် သည် ဟူသော အချက်များကြောင့်လည်း ပုဂ္ဂလိကများက လိုက် ပြိုင်ကြခြင်းဖြစ်သည်။ သို့သော်လည်း အစိုးရကျောင်းများ အနေဖြင့် အစိုးရ ပံ့ပိုးမှုအခြေအနေ နှင့် ထောက်ပံ့မှုအခြေအနေများသည် ပုဂ္ဂလိက ကျောင်း များအခြေအနေကိုပင် ပြည့်မီနိုင်စွမ်းမရှိသော အခြေအနေသို့ ရောက်လာမည် ဆိုပါကမိဘများ သည် အစိုးရကျောင်းများတွင်ပင် စာရင်းပေးသွင်းပြီး၊ ပုဂ္ဂလိကကျောင်းများတွင် အပ်နှံလာသည့် အနေ အထားမျိုးဖြစ်လာ ပါတော့သည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ ဖွင့်လှစ်ခွင့်မရမီ စပ်ကြား၊ အခြေခံပညာရေး အထက်တန်းစာမေးပွဲ (တက္ကသိုလ်ဝင်ခွင့်စာမေး ပွဲ) အတွက် ကျောင်းခေါ် ချိန်ပြည့်မီစေရန်အတွက်သာ အစိုးရအထက် တန်းကျောင်းများတွင် အပ်နှံထားခြင်းသာ ရှိခဲ့သည်။ သင်ကြားရေး အတွက်တော့ ကျူရှင်ကိုသာ အားကိုးခဲ့ကြသည်ကား အမှန်ဖြစ်သည်။ ဘာသာစုံ ဂုဏ်ထူး ထွက်လေ၊ ကျူရှင်အားကိုးသည့် အနေအထား များလေဖြစ်ခဲ့ကြသည်။ လူတိုင်းလည်း သိသည်။ ကာယကံ ရှင်တိုင်းလည်း သိသည်။ ထိုသို့သော အခြေအနေမျိုးသည် မြန်မာနိုင်ငံမှ မဟုတ်ပါ။ အမေရိကန်လိုနိုင်ငံ မျိုးများလည်းဖြစ်တတ်ကြပါသည်။ ဥပမာအားဖြင့် ၀ါရှင်တန်ဒီစီလို နေရာမျိုးတွင် အစိုးရကျောင်းများသည် သင်ကြားရေး အတော် ညံ့သည့် သဘောကို ပုဂ္ဂလိကတို့ထောင်ထား သောကျောင်းများနှင့် ယှဉ်ကြည့် လျှင် မြင်နိုင်သည်။ သိသာသော အချက်ကား ထိုဒေသရှိလူကြီး သား၊ သမီးများ အစိုးရကျောင်းတွင် ကျောင်းမထားကြခြင်းဖြစ်သည်။ ဘောဂဗေဒပညာရှင် Prof. Milton Friedman ဆိုစကားအရပြော လျှင် အစိုးရကျောင်းများအနေဖြင့် ပုဂ္ဂလိကကျောင်းများထက် သာစေရန် မည်သို့လုပ်ဆောင်ရမည်ကို အစိုးရ ကျောင်းများသို့ ပြည်နယ်အစိုးရ အနေဖြင့် လမ်းညွှန်ပေးရသည့် အနေအထားမျိုးသို့ ရောက်ရှိခဲ့ရသည်ဟု ဆိုပါသည်။
အစိုးရကျောင်းသင်ကြားမှု ညံ့သည်ဖြစ်စေ၊ ပုဂ္ဂလိကကျောင်းများ သင်ကြားမှုညံ့သည်ဖြစ်စေ၊ တိုင်းပြည် သင်ကြားမှုစနစ်ညံ့သွားသည် ကား အစိုးရတွင်တာဝန်ရှိလာပါတော့သည်။ ဒီမိုကရေစီနှင့် ဈေးကွက် စီးပွားရေး စနစ်ကျင့်သုံးသော နိုင်ငံများတွင်တွေ့ကြုံရသော ပညာရေးဆိုင်ရာ ပြဿနာ တစ်ခုမှာ ပညာရေး စရိတ်ကြီးမြင့်ခြင်းဖြစ်သည်။ ဥရောပဖြစ်သော ပြင်သစ်၊ ဂျာမနီ တို့ထက်စာလျှင် အမေရိကန်တွင် ပညာသင်ကြားမှု စရိတ်သည် အတော်ကြီးမြင့်သည်။ တော်ရုံကျောင်း မနေနိုင်ကြ၊ ဘွဲ့ရဖို့ထက်၊ အသက် မွေးဝမ်းကျောင်း တစ်ခုခုတက်ပြီး၊ အလုပ်ခွင်ဝင်ကြသူများသည် ပညာရေးကို အထင်မကြီးလို့မဟုတ်၊ ပညာရေးစရိတ်မ တတ်နိုင်သောကြောင့်ဖြစ်သည်။ ပညာရေးအတွက် ကုန်ကျမှုကို အစိုးရ အနေဖြင့် ၀င်ရောက်လာမှု အပိုင်းတွင် ၀င်ရောက်လာမှု လမ်းကြောင်းမှားသည်ဟု မဆိုနိုင်သည့်တိုင်၊ ပညာရေး စရိတ်ကို မည်သည့်လမ်းကြောင်း အရပံ့ပိုးအကူအညီ ပေးသနည်းဟူသော အချက်ကို ပြန်လည်ဆန်းစစ် ရန် လိုအပ်လာသည်။
များသောအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အစိုးရကိုယ်တိုင်ဦး စီးပြီး၊ ကျောင်းများ ဆောက်လုပ်သည်လည်း ရှိသည်။ ဆရာ၊ ဆရာမ များခန့် ထားသည်လည်းရှိသည်။ ပညာရေး သင်ထောက်ကူ ပစ္စည်းများအတွက် လည်း နိုင်ငံတော်ဘတ်ဂျက်မှ ခွဲဝေသုံးစွဲသည်လည်းရှိသည်။ ယင်းသည် ပညာရေးကို ရောင်းလိုအား ဘက်မှ ဖြည့်ဆည်းသည့်သဘော (Supply Side Contribution)သာဖြစ်သည်။ ကျောင်းရှိသည်။ ဆရာရှိသည်။ ပညာသင်ပေး မည်ဟူသော အချက်များအတွက် ပံ့ပိုးပေးထားခြင်းသာဖြစ်သည်။ သို့သော် လည်း တက်ရောက်မည့် ကျောင်းသားကျောင်းသူများ ဘက်မှကြည့်မည်ဆို လျှင် Demand Side၊ ကျောင်း တက်နိုင်လောက်အောင် မည်သို့အထောက် အပံ့ပေးနိုင်သနည်းဟူသော အချက်အတွက်ကား အရေးကြီး သည်။ များသောအားဖြင့် ဖွင့်ဆိုမှုများတွင် Student's Centered System ဟုသာပြောသည်။ ဖြည့်ဆည်း ထားမှုအပိုင်းတွေက School Centered System လောက်ပင်သာ ဖြည့်ဆည်းပေးထားသည်။ ထို့ကြောင့် လည်း အချို့ဒေသများတွင် ကျောင်းရှိသည်။ ကျောင်းဆရာရှိသည်။ တက်ရောက်သော ကျောင်းသား ကျောင်းသူ အားနည်းလျက်ရှိသော ကျောင်းများအဖြစ် တွေ့ရှိနေရဆဲဖြစ်သည်။
သို့သော်လည်း အစိုးရအနေဖြင့် ပညာရေးအားမပေးဘူးလား ဟူသော မေးခွန်းကိုမေးလျှင်လည်း အားပေးသည်။ ကျောင်းဆောက်ပေးသည်။ ဆရာ၊ ဆရာမများ ခန့်ထားပေးသည်။ ပညာရေးအထောက် အကူပြု ပစ္စည်းများ ပံ့ပိုးပေးထားသည်ကို တွေ့ရှိနိုင်သည်။ သို့သော်လည်း တိုင်းပြည် ပညာရေး ဘာကြောင့် နိမ့်ကျဆဲဖြစ်သည် ဆိုသည်ကား၊ တက်ရောက်သင် ကြားမည့် ကျောင်းသားကျောင်းသူများ အတွက် ပညာသင်ကြားနေမှုကာလ အတွင်း၊ စားဝတ်နေရေး မပြေလည်မှုများ ရှိနေမည်ဆိုပါက တက်ရောက် သင်ကြားသူလည်း ရွှေကျောင်းပြောင်သည်ကား အရေးမကြီး၊ မိ မိဝမ်းခေါင်နေမည့် အချက် ကား အရေးကြီးသည်ကို ပြည်သူကစဉ်းစားနေ ရသောကြောင့်ဖြစ်သည်။
ဆိုလိုသည်မှာ အစိုးရတွင် ပညာရေးအတွက် တာဝန်ရှိသည်။ တာဝန်ယူရမည် ဆိုရာတွင် ပညာရေးကို အစိုးရဘက်မှ စဉ်းစားလုပ်ဆောင် ချက်ခြင်းထက်၊ ပြည်သူ ဘက်မှစဉ်းစား လုပ်ကိုင်ဆောင်ရွက် ပေးမည် ဆိုပါက ပိုမိုထိရောက်သော ပညာရေးကို အကောင်အထည် ဖော်နိုင်မည်သာ ဖြစ်ပါသည်။

ref; JOB Seeker Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook