မျက်စိထဲသို့ အမှိုက်ဝင်လျှင် - ဒေါက်တာကံညွန့်

  Pic; mentalfloss.com
မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်ဟု ဆိုလေ သည်။ လျှပ်တစ်ပြက်ကပင် ကြာတတ် သေး သည်။ မျက်တောင် တစ်ခတ်ကမူ တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံ အတွင်းမှာပင် ပြုလုပ်နိုင်လေ သည်။ ၎င်းမှာမျက်စိ ကိုကာကွယ်ရန် သဘာဝက ယင်းကို ဖန်တီးထားခြင်း ဖြစ်ပေသည် မျက်တောင် တစ်ခုစီ၏ ခြေရင်းကို သေးငယ် သော အာရုံကြောများဖြင့် ရစ်ပတ်ထားခြင်း၊ မျက်ကြည်လွှာ အပါအဝင် မျက်လုံး၏ မျက်နှာပြင် တွင် ဖြန့်ကြက်ချထားသည့် အာရုံကြော မျှင်တို့၏ ထူးခြားစွာ ခံစားနိုင်ခြင်းတို့ကြောင့် မျက်စိအပေါ်ကျ ရောက်လာမည့် အန္တရာယ်ကို မျက်တောင်ခတ်ခြင်း၊ မျက်စိမှိတ်ခြင်းဖြင့် ကာကွယ်နိုင်ရန် သဘာဝက ဖန်တီးထားခြင်း ဖြစ်ပေသည်။ မျက်စိထဲသို့ တစ်ခုခု ဝင်လာလျှင် မျက်ရည် ထွက်လာခြင်းကလည်း အလိုအလျောက် အမှိုက်ထွက်သွားစေရန် ဖန်တီးထားခြင်း ဖြစ်သည်။

သို့သော် သဘာဝကမျက်စိကို မည်သို့ပင် ကာကွယ်ထားစေကာမူ မျက်စိထဲသို့ အမှိုက်ဝင်ခြင်းသည် ပြဿနာတစ်ခု ဖြစ်နေပေသေးသည်။ တောင်သူဦးကြီးများလုပ်ငန်းခွင်တွင် စပါးခွံဝင်ခြင်း၊ မြေမှုန်သဲမှုန် ဝင်ခြင်း၊ တွင်ခုံ၊ ကားဘော်ဒီရုံနှင့် အခြားစက်မှုလက်မှု လုပ်ငန်းများမှ ပြည်သူများတွင် သံမှုန်သံစဝင် ခြင်း၊ မော်တော်ဆိုင်ကယ် စီးသူတို့တွင် ပိုးကောင်းဝင်ခြင်းစသည်တို့မှာ ကျွန်တော်တို့နိုင်ငံတွင် ရှောင် လွှဲမရသည့် ပြဿနာတစ်ခုပင် ဖြစ်နေပေသေးသည်။

ယမန်နှစ် ၂၀၁၃ ခုနှစ်အတွင်း ရန်ကုန်မြို့ မျက်စိအထူးကု ဆေးရုံကြီးတစ်ခုတည်း၌ပင် မျက်စိထဲအမှိုက် ဝင်၍လာပြရသူပေါင်း ၂၂၀၀ ကျော်ရှိနေပါသည်။ ကျန်သောဆေးရုံ ဆေးခန်းတို့တွင် လာပြသည့်စာ ရင်းမပါရှိသေးပေ။

မျက်စိထဲသို့ အမှိုက်ဝင်ခြင်းသည် ဝင်လျှင်ဝင်ချင်းမျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ခြင်း၊ မျက်စိကို ပိတ်ချည်ဖွင့်ချည်လုပ်ခြင်းဖြင့် အလိုအလျောက် ပြန်ထွက်သွားနိုင်ပါသည်။ ထိုသို့ပြုလုပ်သော်လည်း ထွက်မသွားပါက ရေခွက်သို့မဟုတ် လက်ခုပ်ထဲတွင် ရေသန့်သန့်ထည့်၍ မျက်စိကိုပိတ်ချည်ဖွင့်ချည် လုပ်ကြည့်ပါ။ သာမန်ဝင်လာသော အမှိုက်ထွက်သွားပါလိမ့်မည်။ တွင်ခုံတွင်သံစဝင်ခြင်း၊ ကားဘော်ဒီ ထုရင်း သံချေးဖတ်ဝင်ခြင်းစသည့် မျက်စိထဲသို့ အားပြုဝင်လာသော အမှိုက်များမှလွဲ၍ တခြားဝင်တတ် သောအမှိုက်များမှာ ဖော်ပြပါနည်းနှင့်ပင် ထွက်သွားနိုင်ပါသည်။

အမှိုက်ဝင်လျှင် အရေးကြီးဆုံး ရှောင်ရန်အချက်မှာ မျက်စိကိုလက်ဖြင့် မပွတ်ရန်ဖြစ်ပါသည်။ တချို့က အမှိုက်ကြောင့် ခိုးလိုးခုလု ခံစားနေရခြင်းကို ပျောက်လိုပျောက်ငြား မျက်စိကိုလက်ဖြင့် ဖိပွတ်ကြပေ သည်။ ထိုသို့ပြုလုပ်ခြင်းသည် မျက်စိကိုအန္တရာယ် အဖြစ်စေဆုံးဖြစ်ပါသည်။ အကြောင်းမှာ အပေါ်ယံ ကြောတွင်ရှိနေသော အမှိုက်များသည် လွယ်ကူစွာပြန်မထွက်နိုင်တော့ဘဲ မျက်မှေးလွှာထဲတွင် နစ်ဝင် သွားတတ်ခြင်း၊ မျက်ခွံအောက်တွင် ရှိနေသည့် အမှိုက်ကြောင့် မျက်စိကိုလက်ဖြင့်ဖိ၍ ပွတ်လိုက်သော အခါမျက်ကြည်လွှာ ပွန်းပဲ့ရောင်ရမ်း သွားတတ်ခြင်းတို့ကြောင့် ဖြစ်ပေသည်။ မျက်ကြည်လွှာ ရောင်ရမ်း ခြင်းသည် မျက်စိအမြင်အာရုံကို ထိခိုက်ဆုံးရှုံးစေနိုင်သော ရောဂါတစ်ခုဖြစ်ပေသည်။

မျက်စိထဲသို့ အမှိုက်ဝင်ခြင်းသည် ဖြစ်လျှင်ဖြစ်ချင်း အချိန်မီထုတ်ယူပစ်နိုင်ပါက အန္တရာယ်မဖြစ်နိုင် သော်လည်း အချိန်မီမထုတ်ယူနိုင်ဘဲ ရက်ကြာသွားပါက မျက်ကြည်လွှာ ရောင်ရမ်းခြင်း၊ အနာဖြစ်ခြင်း ဖြစ်ပေါ်ကာအမြင် အာရုံထိခိုက်သွားနိုင်ကြောင်း သိထားကြရန်လိုပေသည်။

တွင်ခုံ၊ ဘော်ဒီရုံ၊ အလုပ်ရုံမှ လုပ်သားများ သံမှုန်သံစဝင်၍ လည်းကောင်း၊ တောင်သူဦးကြီးများ စပါးခွံ၊ စပါးစ၊ မြေမှုန်၊ မြေစဝင်၍လည်းကောင်း၊ မျက်ကြည်လွှာရောင်ရမ်းသည့် ရောဂါဖြစ်ကာ အမြင်အာရုံ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးကြသူများများလှပေပြီ။

ယခုအခါမိုးဦးကျရာသီ ရောက်ခဲ့ပါပြီ။ တောင်သူဦးကြီးများ လယ်ယာလုပ်ငန်းခွင်သို့ဝင်ကြရတော့မည် ဖြစ်သည်။ ယခုမိုးဦးကျလယ်ထွန်ချိန်တွင် တောင်သူဦးကြီးများ၌ ရွှံ့ညွန်များ၊ မသန့်ရှင်းသောရေများ မျက်စိထဲသို့ ဝင်တတ်ပါသည်။ ထိုသို့ဝင်လျှင်ဝင်ချင်း မျက်စိကို ရေသန့်ပုလင်းမှ ရေဖြင့်လည်းကောင်း၊ ရေသန့်မရနိုင်ပါက မိုးရေဖြင့်လည်းကောင်း၊ မျက်နှာသစ်သကဲ့သို့ ဆေးကြောရန်လိုပါသည်။ ထိုသို့ ဆေးကြောပြီးပါက ဖြစ်နိုင်လျှင် ပိုးသတ်ဆေးမျက်စဉ်း တစ်ခုခုကို ခတ်နိုင်က ပိုကောင်းပါသည်။ ပိုးသေ ဆေးမျက်စဉ်းဆိုသည်မှာ Chlorophenicol၊ တက်ထရာဆိုဒ်ကလိန်း, Ciprofloxacin, Ofloxacin, Tobramycin, Nemycin စသည့်မျက်စဉ်းများဖြစ်သည်။ ယခုအခါကျေးရွာများတွင် ပြည်သူ့ကျန်းမာ ရေးစောင့်ရှောက်ပေးနေသည့် သားဖွားဆရာမများရှိနေပါသည်။ ၎င်းတို့ထံတွင်လည်း အကူအညီ တောင်း၍ ဖော်ပြပါမျက်စဉ်းတစ်ခုခုကို ဆောင်ထားသင့်ကြပါသည်။

ယင်းနောက် ဆောင်းရာသီ စပါးရိတ်သိမ်းချိန်တွင်မူ နေပူထဲတွင် အလုပ်လုပ်ရပြီဖြစ်၍ နေကာမျက်မှန် ဆောင်ထားကြစေလိုပါသည်။ နေကာမျက်မှန်သည် နေပူဒဏ်ကိုလည်းကောင်း၊ လေတိုက်ခြင်းဒဏ်ကို လည်းကောင်း၊ လေတိုက်ခြင်းကြောင့် ဖုန်နှင့်အခြားအမှုန် အမှိုက်များ ဝင်ခြင်းကိုလည်းကောင်း၊ စပါးနှံ စိုက်မိခြင်းကို လည်းကောင်း၊ အကာအကွယ်ပြုပါလိမ့်မည်။ ထို့ပြင်ပြင်းထန်သော နေပူဒဏ်ကို နှစ်ရှည် လများခံစားရခြင်းကြောင့် ဖြစ်တတ်သည့် မျက်သားတတ်ခြင်း၊ မျက်စိထာဝစဉ်နီရဲခြင်း၊ မျက်စိအတွင်း တိမ်ဖြစ်ခြင်း၊ မျက်ခမ်းကင်ဆာဖြစ်ခြင်းတို့ကိုလည်း တစ်ပါတည်း ကာကွယ်ပြီးသား ဖြစ်ပါလိမ့်မည်။

မျက်စိဆရာဝန်တစ်ဦး၏ အလုပ်သည် မျက်စိရောဂါများကို ကုသပေးရန်ဖြစ်ပါသည်။ ဆေးနှင့်ပျောက် နိုင်သည့်ရောဂါကို ဆေးကုသပေးပြီး ခွဲစိတ်ကုသပေးရမည့် လူနာကို ခွဲစိတ်ပေးရုံသာရှိပါသည်။ ယခု တော့မျက်စိဆရာဝန်က သံချေးခွာသည့် အလုပ်ကိုပါ လုပ်ပေးနေသည်ဆိုလျှင် ယုံနိုင်ကြမည်မထင်ပါ။ တစ်ပတ်တွင် သုံးလေးယောက်ခန့် မျက်စိထဲသံစဝင်၍ သံစထုတ်၊ သံချေးခွာလုပ်ပေးနေရပါသည်။ သံချေးတက်နေသော သံတိုသံစများကို ထုထောင်းရိုက်နှက်လိုက်သောအခါ သံနှင့်အတူသံချေးဖတ် သည်မျက်စိတွင် အထူးသဖြင့် မျက်ကြည်လွှာတွင် လာကပ်ပါတော့သည်။ ထိုသံစကို ထုတ်ပေးရသော အခါ သံစထွက်သွားသော်လည်း သံချေးဖတ်သည် အလွယ်တကူမထွက်နိုင်တော့ပါ။ ထိုအခါမျိုးတွင် ယင်းကပ်နေသော သံချေးဖတ်ကို မျက်ကြည်လွှာ မပျက်စီးရအောင် မှန်ဘီလူးအောက်တွင် အပ်ထိပ် ဖျားလေးနှင့် ခွာပေးရတော့သည်။ ထုနှက်လိုက်သည့် အချိန်အဆအရ မျက်ကြည်လွှာ၏အထဲတွင် စိုက်ဝင်နေတတ်သဖြင့် ယင်းသို့သံချေး ခွာပေးရသည့် အလုပ်သည် မလွယ်ကူဘဲ ရှိတတ်ပါသည်။ ထိုအခါ မျက်ကြည်လွှာသည် အနာဖြစ်လာပြီး အမြင်အာရုံကိုပါ ထိခိုက်တော့သည်။ ထို့ကြောင့် တွင်ခုံ၊ ဘော်ဒီရုံနှင့် သံတိုသံစများ ရိုက်နှက်ပြုလုပ်ရမည့် စက်ရုံအလုပ်ရုံတို့မှ လုပ်သားများအတွက် တိုက် တွန်းအကြံပြုလိုသည်မှာ အလုပ်လုပ်တိုင်း၊ သံတိုသံစရိုက်နှက်ဖြတ်တောက်ရတိုင်း ဖိုင်ဘာမျက်စိကာ ကိုတပ်ဆင်အလုပ်လုပ်ကြပါ။ ဖိုင်ဘာကာဘာမရှိပါက ဖိုင်ဘာမှန်၊ ပလတ်စတစ်မှန်ဖြင့် ပြုလုပ်ထား သော (မကွဲနိုင်သည့်) နေကာမျက်မှန်များ တပ်ဆင်အလုပ်လုပ်ကြပါဟု တိုက်တွန်းလိုပါသည်။ ထိုသို့ တပ်ဆင်အလုပ်လုပ်ခြင်းဖြင့် မျက်စိထဲသို့ သံတိုသံစဝင်ခြင်း၊ အမှိုက်သံချေးဖတ်ဝင်ခြင်းတို့ကို ကာ ကွယ်နိုင်သည့်အပြင် ဂဟေဆက်သည့် စူးရှသော မီးအလင်းရောင်ကြောင့် ဖြစ်တတ်သည့်မျက်ကြည် လွှာစူးရှရောင်ရမ်းခြင်း၊ မျက်စိအာရုံလွှာရောင်ရမ်းခြင်း၊ မီးအပူဒဏ်ကြောင့် ဖြစ်တတ်သည့် အတွင်းတိမ် ဖြစ်ခြင်းတို့ကိုပါ ကာကွယ်ပေးလိမ့်မည်ဖြစ်ပါသည်။ တစ်ခုသတိထားရန်မှာ မျက်စိသည်ထိခိုက်ဒဏ်ရာ တစ်ခုခုရရှိပါက အကောင်းပကတိကဲ့သို့ ပြန်ဖြစ်အောင် ကုသရန်မှာ မလွယ်ကူလှသဖြင့် ထိခိုက်ဒဏ် ရာရခြင်းမှ အတတ်နိုင်ဆုံး ကာကွယ်ရန်ဖြစ်ပါသည်။ မတတ်သာ၍ ထိခိုက်ဒဏ်ရာရလျှင်လည်း အမှိုက်၊ သံစဝင်ခဲ့လျှင်လည်း ဖြစ်လျှင်ဖြစ်ချင်း အမြန်ဆုံးမျက်စိကုဌာနတွင် ပြသကုသခြင်းသည် အမြင်အာရုံ ကိုကယ်တင်ရန် အကောင်းဆုံးဖြစ်ပါသည်။

ထို့ကြောင့် မျက်စိထဲသို့ မတော်တဆ အမှိုက်ဝင်ပါက-

(၁) လက်နှင့် ဖိမပွတ်ပါနှင့်။

(၂) မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်၍ မျက်စိကို မှိတ်ချည်ဖွင့်ချည် လုပ်ပါ။

(၃) မရလျှင် ရေခွက်သို့မဟုတ် လက်ခုပ်ထဲတွင် ရေသန့်သန့်ဖြင့် မျက်စိကို မှိတ်ချည်ဖွင့်ချည် လုပ်ပါ။

(၄) ထိုသို့လုပ်၍မှ ခိုးလိုးခုလုနေခြင်း မပျောက်ပါက နီးစပ်ရာမျက်စိဆေးရုံ ဆေးခန်းတစ်ခုခုတွင် ပြသပါ။

(၅) အမှိုက်ဝင်ပြီး မျက်စိစူးခြင်း၊ မျက်ရည်ထွက်ခြင်း၊ နေရောင်ကြောက်ခြင်း၊ မျက်စိမှုန်ခြင်း တို့ဖြစ်နေပါ က အလွန်အရေးကြီးပါသည်။

(၆) မျက်စဉ်းအဖြစ် ပိုးသေဆေး ပဋိသေဆေး ပဋိဇီဝအာနိသင် သက်သက်သာပါသော ဆေးကို ၂ နာရီ တစ်ကြိမ်ခန့် ခတ်ပါ။ ကော်တီဇုန်း၊ စတီရွိုက်အာနိသင် ပါသောဆေးကို လုံးဝမခတ်ရပါ။

အမှိုက်ကစ ပြသာဒ်မီးလောင်ဟု ဆိုခြင်းသည် အမှိုက်ကို မီးလောင်လွယ်သဖြင့်ပေါ့ဆစွာ မပစ်ကြရန် နှင့်အသေးအဖွဲပဲဟု ဂရုမစိုက်ဘဲမနေကြရန် နှိုးဆော်သတိပေးခြင်းဖြစ်သည်။ အမှိုက်ဝင်၍ မျက်စိပျက် ခဲ့ရသူများလှပေပြီ။ မျက်စိထဲ အမှိုက်ဝင်ရုံဖြင့် ဘာမှမဖြစ်နိုင်ဟု ပေါ့ဆစွာမနေမိကြစေရန် ဤဆောင်း ပါးဖြင့် တိုက်တွန်းလိုက်ရပါသည်။

ရွှံ့သဲဖုန်မှုန့် ဝင်လျှင်
မျက်စိခုမည်ပင်
ခုလျှင်ချက်ချင်း၊ ရေနဲ့ကျင်း
မျက်စိအန္တရာယ်ကင်း၊
လက်နှင့်ပွတ်တိုက်လုပ်ပါက မျက်စိရောဂါရ။


မြန်မာ့အလင်းသတင်းစာ
ဇွန် (၁၇) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...