ထိုင်းနိုင်ငံ၏ ဗုဒ္ဓသာသနာ မည်သည့်အခြေ ဆိုက်နေပြီနည်း (၂)

ဆူလပ်ဆီဗာရတ် ရေးသားသော ၂၀၁၃ ခုနှစ် စက်တင်ဘာလထုတ် ‘Seed of Peace’ အတွဲ ၂၉၊ အမှတ် ၃ ပါ ဆောင်းပါးကို ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။

အလှူဒါနပြုခြင်းသည် တစ်နည်းအားဖြင့် မိမိအတွက် တစ်ကိုယ်ကောင်းစိတ်ကို လျှော့ချလိုက်ရခြင်း ဖြစ်သည်။ မိမိပြုလိုက်သော အလှူကြောင့် အပြန်အလှန်အားဖြင့် လာဘ်လာဘရွှင်စေကြောင်း၊ နတ်ပြည်သို့ ရောက်ရလိုကြောင်း တိတ်တိတ်ကျိတ် ဆုတောင်းနေခြင်းကား မိမိတို့၏အတ္တနှင့် တစ်ကိုယ်ကောင်းစိတ်ကို ပို၍ပင်မြှင့်တင်ရာ ရောက်သေးသည်။ မြတ်စွာဘုရားသည် ဒါနပြုပုံအမျိုးမျိုးကို ဟောကြားခဲ့ပေသည်။ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး အစရှိသည့် ပစ္စည်းလေးပါး လှူဒါန်းခြင်းမျိုးသည် လူတစ်ဦးအနေနှင့် အောက်ထစ်ဆောင်ရွက်နိုင်သည့် ဒါနအမျိုးအစားမျိုး ဖြစ်သည်။ မိမိတို့တွင် ပိုပိုလျှံလျှံရှိလျှင် လှူမည်။ ထိုမှတစ်ဆင့်တက်သော် အပိုအလျှံပစ္စည်း မဟုတ်သည့်တိုင်အောင် မိမိအမြတ်တနိုးရှိသော အရာတို့ကို စွန့်လွှတ်လှူဒါန်းမည်။ ထိုစွန့်လွှတ်မှုမျိုးတွင် မိမိ၏ မိသားစုဘဝပင် အပါအဝင် ဖြစ်နိုင်သည်။

ထိုဒါနမျိုးထက် ပိုမိုမြင့်မြတ်သော ပြုခဲ့သောဒါနမျိုးမှာ ဓမ္မဒါန ဖြစ်သည်။ တရားကိုပေးလှူခြင်း ဖြစ်သည်။ တရားကိုပေးလှူသည်ဟု ဆိုရာတွင် တရားစာအုပ်များနှင့် စီဒီခွေများ လှူဒါန်းသည်ကို ဆိုလိုခြင်း မဟုတ်ပါ။ ထိုစာအုပ်နှင့် စီဒီချပ်ကဲ့သို့သော အလှူများသည် ဝတ္ထုပစ္စည်း အလှူဟုသာ သတ်မှတ် သင့်ပါသည်။ ဓမ္မဒါနဟူသည် တရားသည့်စကား၊ ဟုတ်မှန်သည့်စကားအား အာဏာစက်ကို မကြောက်မရွံ့ ဆိုရဲခြင်း၊ လှည့်ဖြားဉာဏ်များသော လူ့အသိုင်းအဝိုင်းတွင် တရားနှင့်ယှဉ်သော အမှန်ကို ချပြခြင်းမျိုးကို ဆိုလိုသည်။ ထိုဓမ္မဒါနကိုပြုရာတွင် စိတ်ခွန်အား ကြီးစွာလိုအပ်သည်။ အမှန်ကို ထုတ်ပြောခြင်းကြောင့် ဖြစ်လာနိုင်သော အန္တရာယ်နှင့် မလိုလားအပ်သော အကျိုးဆက်များကို ရင်ဆိုင်ရဲသော ရဲရင့်သည့်စိတ်ထား လိုအပ်သည်။

နောက်ဒါနတစ်မျိုးမှာ အဘယဒါနဟု ရည်ညွှန်းနိုင်ပြီး ကြောက်ရွံ့စိတ်ကင်းလျက် သတ္တဝါများကို ခွင့်လွှတ်သည်းခံနိုင်ခြင်းအားဖြင့် ပြုသည့်ဒါနမျိုး ဖြစ်သည်။ မိမိတို့အပါးတွင် နီးကပ်စွာ တည်ရှိနေသည့် အခြိမ်းခြောက်ဆုံး ရန်သူသည် မိမိ၏ လောဘ၊ ဒေါသနှင့် မောဟများ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် အကြောက်တရားနှင့် မကင်းကြပေ။ ဆင်းရဲမည်ကို ကြောက်သည်။ အာဏာလက်မဲ့ဖြစ်မည်ကို ကြောက်သည်။ ဦးစားပေးပုဂ္ဂိုလ်အဖြစ် နေရာအပေးမခံရမည်ကို ကြောက်သည်။ နာမည်ကျော်မဖြစ်မှာ ကြောက်သည်။ အသိပညာမရမည်ကို ကြောက်သည်။ အိုရ၊ နာရမည်ကို ကြောက်သည်။ သေရမည်ကို ကြောက်သည်။

ထိုကြောက်တတ်သော စိတ်များကို တဖြည်းဖြည်း ဖယ်ရှားလာနိုင်သောအခါတွင် ကျွန်ုပ်တို့ထံတွင် ရန်သူနည်းသွားပေတော့သည်။ အခြားဘာသာဝင်များ၊ အခြားနိုင်ငံသားများ၊ အခြားမျိုးနွယ်စုများသည် အကျွန်ုပ်တို့၏ ရန်သူများ မဟုတ်ကြတော့ပေ။ ဆက်လက်၍ သူတို့နှင့် ကျွန်ုပ်တို့ကြားတွင် ပဋိပက္ခများ၊ ရင်ဆိုင်ပြောဆိုနေရမှုများ တည်ရှိကောင်း တည်ရှိနေနိုင်ပါသည်။ သို့သော် ကြောက်စိတ်ကင်းသောအခါ ထိုသူတို့ကို အမုန်းဖြင့် မဆက်ဆံတော့ပေ။ လူအဖြစ်မှ လျှောချလိုက်သော ဆက်ဆံရေးမျိုးကို တစ်ဖက်လူအပေါ် မကျင့်သုံးတော့။ ကျေအေး သည်းခံမှုများ ရှိလာသောအခါ ခွဲခြားဆက်ဆံမှုတို့ လျော့ပါးလာသည်။ နောက်ဆုံးတစ်နေ့တွင် လူသားအချင်းချင်း စည်းလုံးညီညွတ်ခြင်းသို့ ရောက်ရှိနိုင်မည်။

ကိုယ်ကျင့်တရား စောင့်ထိန်းခြင်း (သို့မဟုတ်) သီလသည် လူသားတို့ကြား ပုံမှန်ဖြစ်သော တန်းတူရည်တူ ဆက်ဆံရေးမျိုးကို တည်ဆောက်ရန် ကျင့်သုံးရသော နည်းတစ်ခုပင် ဖြစ်သည်။ သီလရှိသောအခါတွင် မိမိကသူတစ်ပါးကို ဗိုလ်ကျလွှမ်းမိုးရန် ကြိုးစားခြင်း၊ တစ်ဖက်သားအပေါ် ခေါင်းပုံဖြတ်ခြင်းများ ကင်းပလာမည်။ ငါးပါးသီလတွင် ထိုတရားမျှတမှု ထွန်းကားစေရန် ရည်ရွယ်ချက်ပါသည်။ Alan Watts ဟုခေါ်သော ရှေးရှေးက ဗုဒ္ဓဘာသာ အင်္ဂလိပ်ကြီးတစ်ဦးက ပြောဖူးသည်။ “ကျွန်တော် သက်သတ်လွတ်စားဖြစ်တာ နွားအော်တဲ့ (ငိုတဲ့) အသံက ဂေါ်ဖီထုပ်ထက် ပိုပြီးကျယ်လောင်လို့ပေါ့ဗျာ” ဟုဆိုသည်။

အကြင်သူသည် ဗုဒ္ဓဟောကြားခဲ့သည့် တရားတော်တို့ကို နှစ်ခြိုက်၍ မြင့်မြတ်သော ရဟန်းဘဝဖြင့် နေထိုင်ရန် အသင့်ဖြစ်ပြီဆိုလျှင် မြတ်စွာဘုရား ဟောကြားခဲ့သော ဝိနည်းစည်းကမ်းများကို လိုက်နာရပေတော့မည်။ ဗုဒ္ဓချမှတ်ထားသော စည်းကမ်းများကို ချိုးဖောက်ခဲ့သည်ရှိသော သံဃာ့ဂုဏ်ညှိုးနွမ်းရတော့မည်။ လိင်ဆက်ဆံလျှင်၊ လူတစ်ဦးတစ်ယောက်၏ အသက်ကိုသတ်လျှင်၊ သူတစ်ပါးဥစ္စာကို ခိုးယူလျှင်၊ ဈာန်အဘိညာဉ်ရပြီဟု လိမ်ပြောလျှင် အလိုလို ရဟန်းအဖြစ်က လျှောကျတော့သည်။ သူတစ်ပါးကို ဝန်မပိစေသော၊ သူတစ်ပါးအပေါ် ဗိုလ်မကျသော ရဟန်းတို့၏ စင်ကြယ်သည့်အဖြစ်ကို စောင့်ထိန်းရာတွင် လိင်မှုကိစ္စတို့ကို ရှောင်ခွာခြင်း၊ အအိပ်အစားနည်း နိုင်သမျှနည်းခြင်း၊ ရိုးရှင်းနှိမ့်ချသော အနေအထိုင်မျိုးဖြင့် ကိစ္စနည်းစေခြင်း၊ လူဝတ်ကြောင်တို့ကဲ့သို့ ငွေရှာသော အသက်မွေးဝမ်းကျောင်းအလုပ်ကို မလုပ်ခြင်း အစရှိသည်တို့ကို အခြေခံအားဖြင့် လိုက်နာရသည်။ ရဟန်းတို့၏ အာဟာရကို ဒါယကာတို့ လှူဒါန်းသော ဆွမ်းဖြင့်သာ ဖြည့်ဆည်းကြရသည်။ ရှေးရှေးက သင်္ကန်းမှာ ပံ့သကူသင်္ကန်း ဖြစ်ခဲ့သည်။ ဆေးအတွက် တောထဲမှ သစ်ဥသစ်ဖုများကို အားကိုးခဲ့ကြရသည်။ ထိုရိုးစင်းသော နေမှုထိုင်မှုများသည် လောဘမသတ်နိုင်သည့် လူ့အဖွဲ့အစည်းကို စိန်ခေါ်နေသည့် ရဲရင့်သောနေခြင်းမျိုး ဖြစ်သည်။

အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်မရှိသည့် အတွက်ကြောင့် ရဟန်းတို့သည် ငွေကိုမပိုင်ဆိုင်ကြပေ။ ဆယ်ပါးသီလတွင် ငွေကိုကိုင်ဆောင်ခြင်း၊ လက်ခံခြင်းကို ရှောင်ကြဉ်ရမည်ဟူသော ပညတ်ချက်ပါသည်။ ထိုအချက်သည် ဘုန်းကြီးရဟန်းနှင့် လူတို့ကို ကွဲပြားစေသော အချက်ဖြစ်သည်။ လူတို့သည် ရဟန်းတို့ကဲ့သို့ပင် လိင်ကိစ္စကိုရှောင်ကြဉ်ကောင်း ရှောင်ကြဉ်နိုင်ကြမည်။ အအိပ်အစားကို မလွန်ကျူးအောင် ဆင်ခြင်ကောင်း ဆင်ခြင်နိုင်ကြမည်။ သို့သော် ငွေမရှာဘဲနေရန်ကား မတတ်နိုင်ပေ။ လူမှန်လျှင် ဝင်ငွေရှိမှ ရပ်တည်နိုင်သည်။ ထို့ကြောင့် အလုပ်လုပ်ကြရသည်။ ထိုအလုပ်သည် သမ္မာအာဇီဝဖြစ်သော် အတိုင်းထက်အလွန် ဖြစ်သည်။

လက်ရှိ ထိုင်းဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းတွင်မူ သံဃာအများစုသည် အသက်မွေးဝမ်းကျောင်း အလုပ်ကိုယ်စီနှင့် ဖြစ်သည်။ တရားဟောခြင်းသည် ဝင်ငွေရှာသော အလုပ်တစ်ခု ဖြစ်လာသည်။ ငွေမရလျှင် မဖြစ်တော့သော တရားပွဲများ ဖြစ်လာကြသည်။ ဒါယကာတို့ပေးရသော ငွေပမာဏသည် တရားဟောကိုယ်တော်၏ ကျော်ကြားမှုနှင့် သံဃာ့အဖွဲ့အစည်းများတွင် ရရှိထားသော အဆင့်အတန်းပေါ်တွင် မူတည်သည်။ အချို့သော ကိုယ်တော်တို့က ရေမန်းနှင့် အန္တရာယ်ကင်း လာဘ်ရွှင်စေသည်ဟုယူဆသော အဆောင်များ ရောင်းချကာ အသက်မွေးသည်။ ဤသို့ဖြင့် ရလာသော အလှူငွေများကို စာသင်ကျောင်း၊ ဆေးရုံအစရှိသည့် နေရာများတွင် ပြန်လည်သုံးစွဲသော ကိုယ်တော်များလည်း ရှိကြပါသည်။ စာသင်ကျောင်းဆောက်ရန် အလှူခံပေးရသည့် တာဝန်များ မည်သည့်အချိန်ကစ ရဟန်းတော်များထံ ရောက်လာခဲ့ပါသနည်း။ ဇိမ်ခံကားများစွာပိုင်သော ကိုယ်တော်သည် တရားလွန် စီးပွားရှာသောကြောင့် လူသိခဲ့ရသည်။ သို့သော် ငွေခင်သောကိုယ်တော်မှာ သူတစ်ဦးတည်း မဟုတ်ပေ။

သင်္ကန်းရုံထားသော သံဃာများအနေနှင့် လိင်မဆက်ဆံဘဲ မနေနိုင်၊ ကာမဂုဏ်အာရုံကို မပယ်နိုင်လျှင်ကား လူထွက်ခြင်းက အကောင်းဆုံးလမ်း ဖြစ်ပေမည်။ အရှက်ကင်းသော ရဟန်းတု ရဟန်းယောင် ဖြစ်နေရခြင်းထက် လူအဖြစ်က ပိုကောင်းပါသည်။ ထိုင်းသံဃာ့ အသိုင်းအဝိုင်းတွင် ရဟန်းတု ရဟန်းယောင်များ ဖောချင်းသောချင်း ဖြစ်နေသည်။ အချို့သည် သံဃာ့အဖွဲ့အစည်းများတွင် အထက်တန်းကျသော နေရာများတွင် ရှိနေကြသည်။ စီမံခန့်ခွဲရေးဆိုင်ရာ ရာထူးကြီးများကို ကိုင်ထားကြသည်။ ထိုသံဃာများစွာသည် တရားအားထုတ်ရန် အချိန်မပေးနိုင်တော့။ မိမိတို့၏စိတ်ကို ပြန်လည်သုံးသပ်ရန်၊ တရားကျင့်ကြံမှု၌ တိုးတက်ရာ တိုးတက်ကြောင်းကို ရှာဖွေရန် မအားလပ်နိုင်တော့ပေ။

များစွာသော ထိုရဟန်းတို့အနီးတွင် အဆိုးအကောင်းကို ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြနိုင်မည့် သူတော်ကောင်းများ ဝန်းရံနေခြင်း မရှိကြ။ ခယဝပ်တွားနေကြသော အကပ်အမြှောင်များသာ သူတို့အနားတွင် ရှိသည်။ ထို့အတူ ရဟန်းများစွာသည် အာဏာရှင်များ၊ အရင်းရှင် စီးပွားရေးသမားများ၊ အမျိုးသားရေးဝါဒီများနှင့် ပေါင်းကာ မိမိတို့အရှိန်အဝါနှင့် ဓနအင်အား ကြီးထွားလာအောင် ဆောင်ရွက်ကြသည်။ ထိုင်းသံဃာ့ အဖွဲ့အစည်းသည် နေရာအနှံ့ ခြစားနေသည်ဖြစ်ရာ Nen Kam ကဲ့သို့ ဂျက်လေယာဉ်ပိုင်သော ရဟန်းမှာ ပင်လယ်ကြမ်းပြင်ပေါ်တွင် ထုနှင့်ထည်နှင့်ရှိသော ရေခဲတောင်ကြီး၏ အစွန်အဖျားကို လှမ်းမြင်ရခြင်းသာ ဖြစ်သည်။

ချိုမွှေး

The Voice Journal
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...