ထိုင်းနိုင်ငံ၏ ဗုဒ္ဓသာသနာ မည်သည့်အခြေ ဆိုက်နေပြီနည်း (၁)
ဆူလပ်ဆီဗာရတ် ရေးသားသော ၂၀၁၃ စက်တင်ဘာလထုတ် “Seed of Peace” အတွဲ ၂၉၊ အမှတ် ၃ ပါ ဆောင်းပါးကို ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။
လတ်တလော ထိုင်းဗုဒ္ဓဘာသာ အသိုင်းအဝိုင်း တွင် ဘုန်းကြီးများ နာမည်ပျက်သည့် ကိစ္စများ အများအပြား ပေါ်ပေါက်လာခဲ့သည်။ ဒကာများ ကြားတွင်လည်း ဖြစ်ပျက်နေသော အခြေအနေကို မကျေနပ်ခြင်း၊ ဘာလုပ်ရမှန်း မသိခြင်းများ ခံစားနေကြရသည်။ ဖြစ်ပျက်သမျှတွင် နိုင်ငံခြားသား ရဟန်းတစ်ပါး လူထွက်ရသည့် အဖြစ်လည်း ပါဝင်ခဲ့သည်။ ၃၇ ဝါ ရမှ လူထွက်ရခြင်း ဖြစ်ပြီး ထိုင်းတွင် သူ့ကို ကိုးကွယ်ကြသော သူများ၌ အထက်တန်းလွှာနှင့် လူလတ်တန်းစား ဒကာ၊ ဒကာမ များစွာ ပါဝင်သည်။ နောက်ထပ် နာမည်ပျက် ကိစ္စတစ်ခုမှာ ဇိမ်ခံကားများစွာ ပိုင်ဆိုင်သော ရဟန်းတစ်ပါးနှင့် ဆိုင်သည်။ ထိုထိုင်းရဟန်းတွင် ကိုယ်ပိုင်ဂျက်လေယာဉ်ပင် ပိုင်ဆိုင်ပြီး သူ့ကိုယ်သူ ရဟန္တာအမည် ခံထားသူ ဖြစ်သည်။ ပဲရစ်တွင် ဈေးဝယ်ထွက်သော ရဟန္တာဖြစ်သည့်အပြင် ဓာတ်ပုံများတွင် ကိုရင်ငယ်တစ်ပါးနှင့် နမ်းရှုပ်နေသည့် အဖြစ်ကို အများသိသွားခဲ့သည်။ ထိုကိုယ်တော်သည် ထိုင်းသံဃာ့ အသိုင်းအဝိုင်းမှ ထေရ်ကြီးဝါကြီး အဆင့်ဆင့်ကို မော်တော်ကား အကောင်းစားများ ဝယ်လှူရန် စီစဉ်နေချိန်တွင် အရှုပ်တော်ပုံများ လူသိသွားခြင်း ဖြစ်သည်။
ထိုသို့ ဘုန်းကြီးပြဿနာ များစွာ ပေါ်ပေါက်လာသောအခါ လူတို့က ထိုင်းနိုင်ငံတွင် ဗုဒ္ဓသာသနာ ညှိုးနွမ်းသည့် ကာလကြီး ဖြစ်နေလေပြီဟု ဆိုကြသည်။ သာသနာ ကွယ်ခါနီးပြီလောဟု မေးခွန်းထုတ်ကြသည်။ မှန်သင့်သလောက် မှန်သော စိုးရိမ်မှု ဖြစ်သည်။ သာသနာတွင် ကြုံတွေ့နေရသော ကိစ္စများမှာ များစွာ ရှုပ်ထွေးသည်။ သတိဖြင့် ပြောဆိုရေးသားရန် လိုအပ်သည်။
ဗုဒ္ဓမြတ်စွာသည် ဉာဏ်အလင်းကို ရှာဖွေရန် တရားအားထုတ်ခဲ့ပုံ၊ နောက်ဆုံး သဗ္ဗညုတဉာဏ်တော်ကို ရရှိကာ ဘုရားဖြစ်လာပုံတို့ကို သုံးသပ်ကြည့်ကြပါစို့။ မြတ်စွာဘုရားသည် Transformation ဟု ဆိုသကဲ့သို့ပင် အဆင့်ဆင့် ဖြစ်ပေါ် ပြောင်းလဲလာသည်တို့ကို ဖြတ်သန်းခဲ့ရသည်။ အနိစ္စ၊ ဒုက္ခနှင့် အနတ္တ သဘောတို့ကို ထိုးထွင်းသိမြင်ကာ သာမန်လူ တစ်ဦးအဖြစ်မှ သဗ္ဗညုတဉာဏ်ရှင် ဘုရားအဖြစ်သို့ ရောက်တော်မူသည်။ ဗုဒ္ဓ၏ဘဝကို ဓမ္မနှင့်ကင်းကွာကာ ရှုမြင်၍ မရနိုင်။ ထိုသဘောကို ပဉ္စဝဂ္ဂီ ငါးဦးအား တရားဦးဟောခြင်းတွင် သိသာစွာ မြင်နိုင်သည်။ ဘုရားရှင်အဖြစ်သို့ ရောက်ရှိပြီးနောက် တရားဦး ဟောသောအခါ ပဉ္စဝဂ္ဂီ ငါးဦးတို့က ရဟန်းအဖြစ်ကို တောင်းခံသဖြင့် ရဟန်းပြုခွင့်ပေးရာမှ သံဃာဟူသော အဖွဲ့အစည်းတစ်ရပ် စတင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစကာ ဘုရား၊ တရား၊ သံဃာဟူ၍ ရတနာသုံးပါး ပေါ်ထွန်းလာခဲ့သည်ဟု ဗုဒ္ဓဘာသာဝင်တို့က ယုံကြည်ခဲ့ကြသည်။
ဘိက္ခုနှင့် ဘိက္ခုနီတို့သည် မြင့်မြတ်သည့် ဘဝကို ရှာဖွေသူတို့ ဖြစ်ကြသည်။ သူတစ်ထူး၏ ကိုးကွယ်မှုကို ခံယူတော်မူထိုက်သော၊ ကာမဂုဏ်ကို စွန့်ပယ်ထားသော၊ လိင်မှုကိစ္စများမှာ ရှောင်ကြဉ်ကြသော သူတို့ဖြစ်ကြသည်။ လောကီလူမှုဘဝကို စက်ဆုပ်ကာ ကြမ်းတမ်းသော၊ နိုင်လိုမင်းထက်မှု များပြွမ်းသော လူတို့၏ နေ့စဉ်လောကထဲမှ ရုန်းထွက်နိုင်သူများ ဖြစ်ကြသည်။ သံဃာတို့ကြားတွင် လူတန်းစားအလွှာ ခွဲခြားခြင်း မရှိ။ တန်းတူညီမျှမှု ထွန်းကားသည်။ စည်းလုံးသည်။ လောဘ၊ ဒေါသနှင့် မောဟတို့ ကင်းစင်သည်။ ထို့ကြောင့်ပင် ဗာဘနိုမေ ဆိုသူက သံဃာ့အစုအဝေးသည် ကမ္ဘာပေါ်တွင် ပထမဆုံး ပေါ်ပေါက်လာသော ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း ဖြစ်သည်ဟု ဆိုခဲ့ဖူးသည်။
မြတ်စွာဘုရားသည် သတ္တဝါတို့၏ ချမ်းသာကြောင်း တရားများကို လေးဆယ့်ငါးဝါခန့် ဟောကြားပြီးနောက် ပရိနိဗ္ဗာန် ပြုတော်မူသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုချိန်တွင် သာသနာတော်ကို စောင့်ရှောက်ရန် ဘုရား၏ အရိုက်အရာကို ကိုယ်စားဆက်ခံနိုင်သည့် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကိုမျှ ရွေးချယ်တော် မမူခဲ့ပေ။ ပရိနိဗ္ဗာန်ပြုပြီးချိန်တွင် သာသနာကို စောင့်ရှောက်ရန်မှာ ဓမ္မဝိနယကို လိုက်နာကြရန်သာ ဖြစ်သည်ဟုဆိုလျက် တရားဓမ္မကိုသာ ကိုးကွယ်ရာအဖြစ် ချန်ထားခဲ့သည်။ ဗုဒ္ဓဟောကြားသော ဓမ္မဝိနယအတိုင်း ကျင့်ကြံအားထုတ်ကြလျှင်ကား သာသနာ မကွယ်ကြောင်း ဖြစ်ပြီး မစောင့်ထိန်းနိုင်လျှင်ကား သာသနာသည်လည်း အနိစ္စသဘောမှ မလွတ်နိုင်ဘဲ မှေးမှိန်လာတော့မည်။ တစ်နည်း ဆိုရလျှင်ကား တရားဓမ္မက သာသနာကို မစောင့်ရှောက်နိုင်တော့ဘဲ တစ်စုံတစ်ယောက်က (သံဃာတို့က) စောင့်ရှောက်ကြလိမ့်မည်ဟု ဗုဒ္ဓဘာသာဝင်တို့က ယုံကြည်ကြချိန်တွင် သာသနာကွယ်ရန် များစွာ နီးစပ်လာတော့မည်။
ထိုင်းနိုင်ငံတွင် သာသနာညှိုးနွမ်းလာမည်ကို စိုးရိမ်နေကြသော ဗုဒ္ဓဘာသာဝင် အပေါင်းတို့သည် မိမိတို့ ကိုယ်မိမိတို့ အောက်ပါမေးခွန်းများ မေးသင့်လှပေသည်။ “ကျွန်တော်၊ ကျွန်မတို့သည် ဓမ္မဝိနယနှင့်အညီ ကျင့်ကြံနေထိုင်သူများ ဖြစ်သလော။ သို့မဟုတ် ဒုက္ခမှ လွတ်မြောက်ရန် ဗုဒ္ဓ၊ ဓမ္မ၊ သံဃအရိပ်၌ ခိုလှုံကြသူများ သက်သက်လော (သို့မဟုတ်) အမည်ခံ ဗုဒ္ဓဘာသာဝင်မျှသာ ဖြစ်နေသလော” ဟူသော မေးခွန်းများကို မိမိတို့ ကိုယ်မိမိတို့ ပြန်မေးကြပါလေ။ အမည်ခံ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားကို မိမိတို့အားပို၍ ချမ်းသာလာအောင်၊ ပို၍ ကျန်းမာလာအောင်၊ ပို၍ အာဏာရလာအောင်၊ ပို၍ နာမည်ကြီးလာအောင် လုပ်ရာတွင် အားကိုးသူများ ဖြစ်ကြသည်။ ပြောင်ပြောင်ပြောရလျှင်ကား ထိုကဲ့သို့သော ဗုဒ္ဓဘာသာဝင်တို့သည် ဗုဒ္ဓကို သူတို့အတွက် လာဘ်ကောင်းရန် အဆောင်စီရင်ပေးသော ပယောဂ ဆရာသာသာအဖြစ်သို့ အဆင့်နှိမ့်လိုက်ကြသည်။
ဓမ္မသည် ကျင့်စဉ်ဖြစ်သည်ဟု ဆိုလျှင် ဝိနယသည် ထိုကျင့်စဉ်ကို ကျင့်ရာတွင် လိုက်နာရမည့် စည်းကမ်းဖြစ်သည်။ အကယ်၍ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ပါသည်ဟု ကျွန်ုပ်တို့ ဆိုငြားအံ့၊ ထိုတရားများကို မကျင့်ကြံ၊ ထိုစည်းကမ်းများကို မစောင့်ထိန်းကြလျှင် အချည်းနှည်းသာ ဖြစ်သည်။ ဗုဒ္ဓတရားတော်များ၏ အနှစ်သာရတွင် မိမိတို့၏ တစ်ကိုယ်ကောင်းဆန်မှုနှင့် အတ္တကို လျှော့နိုင်သမျှ လျှော့လျက် နောက်ဆုံးတစ်နေ့တွင် “ငါ” ကို ပယ်သတ်နိုင်ရန် ဖြစ်သည်။ ထို “ငါ” ဟူသော တစ်ကိုယ်ကောင်း စိတ်ကို ပယ်မှသာ အခြားသူများအပေါ် ကူညီနိုင်မည်။ သတ္တဝါများနှင့်တကွ သဘာဝပတ်ဝန်းကျင်ကိုပါ စောင့်ရှောက်နိုင်မည်။
ဗုဒ္ဓတရားတော်များ၏ အနှစ်တွင် လောဘကို ရက်ရောမှု၊ စွန့်လွှတ်မှု၊ ဒါနအဖြစ်သို့ အသွင်ပြောင်းနိုင်ရန် အားပေးသည်။ ဒေါသကို မေတ္တာအဖြစ်သို့ ပြောင်းလဲရန် သင်ကြားသည်။ မောဟကို ကြည်လင်သော ပညာဉာဏ်အဖြစ်သို့ ပြောင်းလဲပစ်ရန် ဟောသည်။ ယခုခေတ်တွင် ဖြစ်ပေါ်နေသော အရင်းရှင်စီးပွားရေး ဝါဒနှင့် စားသုံးမှု ပဓာနဝါဒတို့သည် ထိုဗုဒ္ဓ၏ တရားတော်များနှင့် လုံးလုံး ဆန့်ကျင်နေတော့သည်။ အရင်းရှင်နှင့် စားသုံးမှု ပဓာနဝါဒ၏ လွှမ်းမိုးပုံကို နားမလည်ဘဲ သူတို့၏ ဆွဲအားများနောက် ကောက်ကောက် ပါအောင် လိုက်လျှင်ကား ဗုဒ္ဓ၏ တရားအနှစ်မှာ ရင်ထဲအထိ ထိုးဖောက် ဝင်ရောက်နိုင်ရန် ခဲယဉ်းလှသည်။ ဥပမာ- ပကာသန ဆန်သော အလှူများ၊ ကုသိုလ်ယူခြင်းများတွင် လူတို့သည် မိမိတို့၏ အတ္တကို ခုံမင်မှုအား ဘွင်းဘွင်းကြီး ပြနေလေ့ ရှိသည်။ တစ်ဖန် လူလတ် တန်းစားများနှင့် အထက်တန်းလွှာတို့၏ တရားစခန်း သွားကြပုံကို ကြည့်ပါ။ နေ့စဉ် လူတို့ကြုံတွေ့နေ ရသော မတရားမှုပေါင်းစုံ၊ အကြမ်းဖက်မှု ပေါင်းစုံတို့မှ ဖြစ်ထွန်းပေါ်ပေါက်လာသော အကျိုးအမြတ်များကို မြိုးမြိုးမြက်မြက် ခံစားလျက် ထိုမတရားမှုတို့ ပြွမ်းသော တကယ့်လောကကို ရှောင်ကွင်းနိုင်ရန် အေးရိပ်ဆာယာသို့ ယာယီခိုလှုံကာ မိမိ၏ ငြိမ်းအေးမှုကို ရှာဖွေကြခြင်းသည် တရားပါ၏လော။ ဗုဒ္ဓ၏လမ်းစဉ် ဖြစ်နိုင်ပါမည်လော။ ထိုကဲ့သို့သော အလှူပေးခြင်းနှင့် တရားစခန်း ဝင်ခြင်းများဖြင့် ဗုဒ္ဓ၏ တရားအနှစ်ကို နားလည်နိုင်ရန်မှာ ဝေးပါသေးသည်။
ချိုမွှေး
The Voice Journal
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)