ဓာတ်လိုက်ပြီး နှလုံးရပ်တဲ့အခါ

အခုတလော မြန်မာပြည်မှာ ဓာတ်လိုက်ပြီး သေဆုံးကြရတဲ့ အကြောင်းတွေ တော်တော်လေး ကြားရပါတယ်။

ဓာတ်လိုက်လို့ သေဆုံးတဲ့ အခါမှာ Ventricular fibrillation ဆိုတဲ့ မူမမှန်တဲ့ နှလုံးခုန်မှုကြောင့် နှလုံး တဆတ်ဆတ် တုန်ပြီး မညှစ်နိုင်လို့ သေဆုံး ကြရတာ များပါတယ်။ နှလုံးက မညှစ်နိုင် တော့တဲ့ အခါမှာ ဦးဏှောက်ကို သွေးမရောက်နိုင် တော့ပဲ သတိလစ်ပြီး သေဆုံးကြတာ ဖြစ်ပါတယ်။

၁).ပထမ အရေးအကြီးဆုံး အချက်ကတော့ ဓာတ်လိုက်ပြီ ဆိုရင် လျှပ်စစ်မီး ခလုပ်ကို ပိတ်ဖို့ အရေးအကြီးဆုံး ပါပဲ။ အိမ်မှာ ဖြစ်ရင်တော့ မိန်းခလုပ်ကို ပိတ်ရပါမယ်။ သူများကို ကယ်ဆယ်သူ အနေနဲ့ မိမိကိုယ်ကိုယ် အန္တရာယ်ကင်းအောင် သေချာ ကြည့်ကို ကြည့်ရပါမယ်။

လမ်းမပေါ်က ဓာတ်ကြိုး ဆိုရင်တော့ ဗို့အားပိုများပြီး အန္တရာာယ်က ပိုကြီးပါတယ်။ သက်ဆိုင်ရာကို အရေးပေါ် ဖုန်းဆက်ပြီး ရပ်ကွက် အပိုင်းအလိုက် မီးဖြတ်တာတွေကို တာဝန်ရှိသူတွေ အနေနဲ့ လုပ်နိုင် ပါတယ်။

၂)လူနာကို ဘေးကင်းတဲ့ နေရာကို အမြန်ပို့ပါ။ လက်ဗလာနဲ့ မဟုတ်ပဲ ရာဘာဘိနပ်နဲ့ ရာဘာ လက်အိပ် အရှည်တွေကတော့ ကယ်ဆယ်သူကို အန္တရာယ်နည်း စေနိုင်ပါတယ်။ ရေမစိုတဲ့ ပလပ်စတစ် စားပွဲခင်း ရှိရင်လည်း လူနာကိုပတ်ပြီး ကယ်နိုင်ပါတယ်။ တိုက်ရိုက်တော့ မထိပါစေနဲ့။

၃) အရေးပေါ်အသက်ကယ်ယာဉ်ကို အမြန် ခေါ်ရပါမယ်။ နှလုံးရပ်တဲ့သူအတွက် Defibrillator နှလုံးနှိုး စက်ကို အရေးပေါ် လိုပါတယ်။

၎)တတ်နိုင်သမျှ ဘေးကလူတွေရဲ့ အကူအညီကို ယူသင့်ပါတယ်။ လူနာကို ဘေးကင်းရာ သယ်ပြီးသွားဖို့၊ အရေးပေါ်ကားခေါ်ဖို့၊ လျှပ်စစ်ဌာနကို ဆက်သွယ်ဖို့စသဖြင့် လုပ်စရာရှိတာတွေကို လုပ်ဖို့ကတော့ လူအများလိုပါတယ်။ ဒီနေရာမှာ မိုဘိုင်းလ်ဖုန်းတွေက အသုံးကျပါတယ်။ တကယ်အလုပ်လုပ်တဲ့ အရေးပေါ်ဖုန်းနံပါတ်တွေကို အလွယ်တကူရဖို့လည်း အရေးကြီးပါတယ်။ လျှပ်စစ်ဌာနအနေနဲ့လည်း အရေးပေါ် ၂၄ နာရီ ဆက်သွယ်လို့ရတဲ့ ဖုန်းနံပါတ်တွေကို လူအများသိအောင် လုပ်ထားသင့်ပါတယ်။

၅)လူနာကို လက်ဗလာနဲ့ မဟုတ်ပဲ အန္တရာယ်ကင်းအောက် လုပ်ပြီးရင်တော့ အရေးပေါ် အသက်ကယ် မှုကို လုပ်ရပါမယ်။

၆)လူနာအသက်ရှုသလား၊ သွေးကြော စမ်းလို့ရသလား၊ သတိရနေသလား ကြည့်ရပါမယ်။လိုအပ်ရင် ရှေးဦး သူနာပြုနည်းနဲ့ လူနာကို စောင့်ရှောက်ရပါမယ်။

၇) လူနာက သတိလစ်ပြီး အသက်မရှု၊ သွေးလည်း မလျှောက်တော့ဘူးဆိုရင်တော့ အရေးပေါ် နှလုံးနဲ့ အသက်ရှုအရေးပေါ်ကုသမှုကို စလုပ်ရပါမယ်။ နှလုံးကို အကြိမ် ၃၀ ဖိပြီးတိုင်း အသက်ရှူ ၂ ခါ မှုတ်ပေး ရပါမယ်။

၈)ခြေထောက်ကို အပေါ်မြှောက်ထားပေးခြင်းနဲ့ သွေးပေါင်ကျခြင်းကို သက်သာစေနိုင်ပါတယ်။ ထိုင်ခုံ တလုံးကို လှန်ပြီးတော့ ခြေထောက်ကို တင်ထားနိုင်ပါတယ်။

၉)လူနာမှာ ဓာတ်လိုက်လို့ မီးလောင်၊ ဒဏ်ရာရထားရင် သန့်ရှင်းရေးလုပ်ပြီး အ၀တ်သန့်သန့်နဲ့ အုပ်ထား ပေးပါ။

၁၀)လူနာ ကောင်းကောင်း သတိရလာတဲ့အထိ လူနာကို အစားအစာ မကျွေးသင့်ပါဘူး။

လူနာ သတိရလာပြီးရင်တော့ ကောင်းတဲ့ အချက်ပါပဲ။ သတိကောင်းကောင်း ရလာရင်တောင် ဆေးရုံကို ပို့သင့်ပါတယ်။

တချို့နိုင်ငံတွေမှာတော့ ဓာတ်လိုက်ရင် အလိုအလျှောက် မီးပိတ်စေတဲ့ Circuit Breaker တွေကို အိမ်တွေ၊ အဆောက်အဦးတွေမှာ မထည့်မနေရ ဥပဒေနဲ့ ထည့်ထားရပါတယ်။ အစိုးရတိုင်းဟာ ပြည်သူလူထု အတွက် အသက် အန္တရာယ်ကို ကာကွယ်ပေးရပါတယ်။ တိုးတက်တဲ့နိုင်ငံတွေ မှာတော့ ဥပဒေနဲ့အညီ လုပ်ကြတော့ လူတွေရဲ့  အသက်ကို ကာကွယ်နိုင်ပါတယ်။ မလုပ်ရင်လည်း တရားစွဲခံရပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေလည်း အရေးယူခံရတာတွေ၊ ၀န်ကြီးတွေ နှုတ်ထွက်ပေး ရတာတွေအထိကို ရှိပါတယ်။

လူအများ ဓာတ်လိုက်ခြင်း အန္တရာယ်ကနေ ကင်းဝေးကြပါစေ။

ref;မြန်မာနှလုံးဖောင်ဒေးရှင်း
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...