ကမ္ဘာ့တန်ဖိုးအကြီးဆုံး လက်ပတ်နာရီများ



လက်ပတ်နာရီများသည် အချိန်ကို ဖော်ပြသည့် အသုံးအဆောင် တစ်ခုအဖြစ်သာ မကဘဲ ဖက်ရှင်ကဏ္ဍ အတွက် အဆင်တန်ဆာ တစ်ခုသဖွယ်လည်း ယူဆနိုင်သည်။ အမှတ်တံဆိပ်ကြောင့်ဖြစ်စေ၊ တပ်ဆင် ထည့်သွင်းထားသည့် ပါဝင်ပစ္စည်းများကြောင့်ဖြစ်စေ အလွန်ဈေးနှုန်းကြီးမြင့်သည့် လက်ပတ်နာရီများ လည်း ရှိနေသည်။

ကမ္ဘာ့ ဈေးအကြီးဆုံး လက်ပတ်နာရီ (၁၀)လုံးကို ရွေးနုတ်ကြည့်သည့်အခါ ဒေါ်လာသိန်းချီ တန်ကြေးရှိ သည့် လက်ပတ်နာရီများမှ ဒေါ်လာ သန်းပေါင်းများစွာအထိ ဈေးနှုန်းကျသင့်သည့် နာရီများထိ ပါဝင်နေ သည်ကို တွေ့ရမည်ဖြစ်သည်။



၁၀။ Tag Heuer – Monaco V4

နာရီအတွင်းပိုင်း စက်ကိရိယာများ၏ လှုပ်ရှားပြောင်းလဲမှုကို မြင်သာအောင် ဒီဇိုင်းဖန်တီးထားပြီး လက်ပတ်ကြိုးအတွက် အကောင်းစား မိကျောင်း သားရေကို ရွေးချယ်ထားသည်။

Tag Heuer၏ စံပြုစရာ မော်ဒယ်တစ်ခုအဖြစ် Monaco V4 ကို သတ်မှတ်နိုင်ပြီး ဒီဇိုင်းပိုင်းအရ တုန်ခါမှု ဒဏ်ကို သာမန်ထက် ခံနိုင်ရည်ရှိပြီး အကြမ်းလည်း ခံနိုင်ကြောင်း ကုမ္ပဏီက ပြောကြားထားသည်။

နာရီ၏ ဒိုင်ခွက်အိမ်အတွက် ပလက်တီနမ် သတ္တုကို ရွေးချယ် သုံးစွဲထားပြီး စုစုပေါင်း နာရီအလုံးရေ (၁၅၀)မျှသာ ထုတ်လုပ်ထားသည်။ ဈေးနှုန်းမှာ ဒေါ်လာ(၈၀၀၀၀)မျှ ဖြစ်သည်။



၉။ Split Seconds Patek Philippe Reference 1436

Tiffany & Coက ထုတ်လုပ်သည့် နာရီသည် ဒေါ်လာ (၂၁၄၀၀၀)မျှ တန်ဖိုးရှိသည်။ ကြော့ရှင်းသပ်ရပ်ပြီး ခံ့ညားသော ဒီဇိုင်းမျိုး ပေါ်လွင်နေအောင် ဖန်တီးထားသော နာရီလည်း ဖြစ်သည်။

လက်ပတ်ကြိုးအတွက် သားရေကိုပင် အသုံးပြုထားပြီး Patek နှင့် Tiffany အမှတ်တံဆိပ်များ ပါဝင်နေခြင်းက နာရီ၏ တန်ဖိုးကို ပိုမိုမြင့်တက်သွားစေခဲ့သည်။



၈။ Rolex Submariner

(၁၉၅၀)ပြည့်လွန် နှစ်များက နာမည်ကြီးခဲ့သည့် ရေအောက် စူးစမ်းရှာဖွေမှု ပညာရှင် ရေငုပ်သမား ယာကွက်စ် ကော်စတီယူနှင့် ပူးပေါင်းကာ Rolexက ရေဖိအားဒဏ် ခံနိုင်သည့် အကောင်းဆုံး နာရီ တစ်မျိုးကို ဖန်တီးခဲ့သည်။

ထိုသို့ဖြင့် တောက်ပပြီး ဒီဇိုင်းဆန်းသစ်ထားသည့် Submarinerကို Rolexက နာရီချစ်သူများထံ မိတ်ဆက် ပေးနိုင်ခဲ့သည်။

ရေအောက်ငုပ်လျှိုးသူများ အသုံးပြုရန် အဓိက ရည်ရွယ်ထားသည့် ဒေါ်လာ (၂၃၄၀၀၀)တန် နာရီသည် ကမ္ဘာပေါ်တွင် ရေဖိအားဒဏ်ခံနိုင်ဆုံး နာရီတစ်လုံး အဖြစ်လည်း အသိအမှတ်ပြု ခံခဲ့ရသည်။



၇။ Montblanc – Grand Tourbillion Heures Mysterieuses

တစ်ချိန်က တန်ဖိုးကြီး ဖောင်တိန်များ ထုတ်လုပ်ခဲ့သည့် အမှတ်တံဆိပ်အဖြစ် လူသိများခဲ့သော်လည်း နောက်ပိုင်းတွင် Montblac သည် လက်ဝတ်ရတနာနှင့် လက်ပတ်နာရီများ ဖန်တီးသည့် နယ်ပယ်သို့ ကူးပြောင်း ဝင်ရောက်လာခဲ့သည်။

Montblanc က ရောင်းချခဲ့သည့် တန်ဖိုးအကြီးဆုံး လက်ပတ်နာရီ မော်ဒယ်မှာ Grand Tourbillion Heures Mysterieuses ဖြစ်သည်။ နာရီဒိုင်ခွက်ကို ပလက်တီနမ် သတ္တုဖြင့် သွန်းလုပ်ထားပြီး လက်ပတ်ကြိုးမှာ အကောင်းစား သားရေဖြစ်သည်။

ထူးခြားဆန်းကျယ်သည့် နာရီဒီဇိုင်းကို Montblanc က တစ်လုံးတည်းသာ ဖန်တီးထုတ်လုပ်ထားခြင်း ဖြစ်သည်။ နာရီတွင် ပါဝင်သော ဒိုင်ခွက်ငယ် တစ်ခုကို ရွှေသားဖြင့် သွန်းလုပ်ထားသည့် စက်သွားငယ် တပ်ဆင်ထားသည်။ နာရီ၏ တန်ဖိုးမှာ ဒေါ်လာ (၃၆၆၀၀၀)မျှဖြစ်သည်။


၆။ Patek Philippe 1953 Model 2523 Heures Universelles

(၂၄)နာရီစာ အချိန်ကို အပြည့်အဝ ပြသနိုင်သလို တစ်ကမ္ဘာလုံးမှ အချိန်များကိုပါ ပြသနိုင်ရန် ဖန်တီး ထားခြင်းကြောင့် နာရီ၏ ဒိုင်ခွက်ဒီဇိုင်း ဖွဲ့စည်းပုံမှာ ရှုပ်ထွေးလွန်းသည်။

ဒိုင်ခွက်၏ အလယ်ဗဟိုတွင် ကမ္ဘာ့မြေပုံတစ်ခု ပါရှိပြီး နာရီဒိုင်ခွက် တစ်ခုလုံးကို (၁၈)ကရက် ရွှေသားဖြင့် သွန်းလုပ်ထားသည်။ ကမ္ဘာပေါ်တွင် ရှားပါးဆုံးနှင့် တန်ဖိုးအရှိဆုံး စာရင်းဝင် လက်ပတ်နာရီ တစ်လုံးဖြစ်သည့် Patek Philippe 1953 Model 2523 Heures Universellesသည် ဒေါ်လာ (၂.၉) သန်းမျှ တန်ဖိုးကျသင့်သည်။


၅။ Piaget Emperador Temple Watch

စိန်ပွင့်များစွာကို အသုံးပြု တန်ဆာဆင်ထားသည့် လက်ပတ်နာရီ တစ်လုံးအတွက် ဒေါ်လာ(၃.၃)သန်းမျှ ဈေးနှုန်းကျသင့်ခြင်းမှာ မဆန်းလှချေ။

နာရီပေါ်တွင် ပိရမစ်အချွန်ပုံ အဖုံးအကာတစ်ခု ပါဝင်နေပြန်၍ ယင်းကို အလှဆင်ရန် စိန်ပွင့်များစွာ အသုံးပြုထားရသည်။ နာရီမှာ နှစ်ထပ်ဖြစ်ပြီး အဖုံးဖွင့်လိုက်ပါက နံရံကပ် နာရီတစ်လုံးကဲ့သို့ စက်သွား များနှင့် ချိန်သီးတို့ ပါဝင်သည့် မျက်နှာပြင်ကို တွေ့ရမည် ဖြစ်သည်။

ယင်းကို ဆက်၍ဖွင့်လှစ်လိုက်မှသာ စိန်ပွင့်များ ဝန်းရံထားသည့် နာရီဒိုင်ခွက်ငယ် ပေါ်လွင်လာအောင် ဒီဇိုင်းဖော် တည်ဆောက်ထားသည်။


၎။ Patek Philippe Platinum World Time

ကမ္ဘာ့နိုင်ငံ အများအပြား၏ အချိန်များကို ကြည့်ရှုနိုင်အောင် ဖန်တီးထားသည့် နာရီဖြစ်ပြီး အချိန်ဇုန် သတ်မှတ်ချက် (၂၄)ခု ထည့်သွင်းထားနိုင်သည်။

အော်တိုမက်တစ် စက်နာရီတစ်လုံးဖြစ်ပြီး နာရီဒိုင်ခွက်အတွက် ပလက်တီနမ် သတ္တုကို အသုံးပြု တည်ဆောက်ထားသည်။ လက်ပတ်ကြိုးမှာ အကောင်းစား မိကျောင်းသားရေ နက်ပြာရောင် ဖြစ်သည်။

နာရီလက်တံတွင် အကွင်းတစ်ခု ထည့်သွင်းထားခြင်းမှာ မူလ Patek World Time နာရီ၏ ဒီဇိုင်းကို မှီငြမ်းထားခြင်း ဖြစ်သည်။ နာရီတစ်လုံး၏ တန်ဖိုးမှာ ဒေါ်လာ(၄)သန်းအထက် ရှိသည်။


၃။ Louis Moinet Meteoris

ဒေါ်လာ(၄.၆)သန်းမျှ ဈေးနှုန်းမှာ ကြီးမြင့်လွန်းသော်လည်း ထိုကဲ့သို့ တန်ဖိုးကြီးကြီး သတ်မှတ်ရလောက် သည့် အကြောင်းရင်းလည်း ရှိနေသည်။

နာရီကုမ္ပဏီက ကမ္ဘာပေါ်တွင် တွေ့ရှိနိုင်သည့် ရွှေ၊ ပလက်တီနမ် သတ္တုများအစား အာကာသထဲ၌ ပျံသန်းနေခဲ့ဖူးသော သတ္တုများဖြင့် နာရီတစ်လုံး တည်ဆောက်ရန် ထူးထူးဆန်းဆန်း စိတ်ကူးရခဲ့သည်။

ထို့ကြောင့်လည်း ကမ္ဘာမြေပေါ် ကျရောက်လာခဲ့ဖူးသည့် ဥက္ကာခဲငယ် အပိုင်းအစများကို လိုက်လံစု ဆောင်းယူခဲ့သည်။ ထို့နောက်တွင်မူ အဆိုပါ လက်ပတ်နာရီကို ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။

နာရီကို ဖန်တီးရန်အတွက် ဥက္ကာခဲ စုဆောင်းသူ လက်လာဘန်နေးကိုပင် သီးခြား အကူအညီ တောင်း ခဲ့ပြီး မားစ်ဂြိုဟ်ပေါ်မှ လွင့်စင်လာသည့် ဥက္ကာခဲ အပိုင်းအစများနှင့် လမှပဲ့ထွက်လာသည့် အပိုင်းအစ အချို့ကိုပင် နာရီထဲတွင် ထည့်သွင်းပေါင်းစပ်ထားသည်။


၂။ Patek Philippe Supercomplication Pocket Watch

လက်ပတ်နာရီအဖြစ် ဝတ်ဆင်နိုင်သော်လည်း ခံ့ခံ့ထည်ထည် အိတ်ဆောင်နာရီလေး တစ်လုံးအသွင် မျိုးဖြင့် Patek Philippe Supercomplication Pocket Watchကို ဖန်တီးထားခြင်း ဖြစ်သည်။

(၁၈)ကရက် ရွှေသားဖြင့် ဖွဲ့စည်းထားသည့် နာရီလေးကို (၁၉၃၂)ခုနှစ်က ပြုလုပ်ခဲ့သည်။ နာရီကို အနုစိတ်လွန်းစွာ ဖန်တီးခဲ့ရာ (၄)နှစ် အချိန်ယူခဲ့ရသည်။

ယင်းအိတ်ဆောင် နာရီလေးကို ခေတ်အဆက်ဆက် လက်လွှဲခဲ့ကြပြီး ယခုအခါ နယူးယောက်မှ ဘဏ် လုပ်ငန်းရှင် ဟန်နရီဂရေဗက်စ် ဂျူနီယာက ထိန်းသိမ်းထားသည်။

ရှေးလက်ရာလေးဖြစ်သည့် အဆိုပါ နာရီလေးကို (၁၉၉၉)ခုနှစ်က လေလံတင် ရောင်းချရာ အိတ်ဆောင် နာရီ တစ်လုံးအတွက် ကမ္ဘာ့ဈေးအမြင့်ဆုံး စံချိန်အဖြစ် ဒေါ်လာ(၁၁)သန်း ရရှိခဲ့သည်။



၁။ Chopard 201 Carat Watch

အမျိုးသမီးဝတ် လက်ပတ်နာရီလေး၏ ဈေးနှုန်းမှာ ဒေါ်လာ(၂၅)သန်းဖြစ်ပြီး ကမ္ဘာ့ဈေးအကြီးဆုံး လက်ပတ်နာရီအဖြစ်လည်း ပြိုင်ဘက်မရှိ ရပ်တည်နေသည်။

နာရီကို တစ်ချက်မြင်လိုက်ရုံမျှဖြင့် အဘယ်ကြောင့် ထိုမျှထိ ဈေးနှုန်းကြီးမြင့်ရသည်ကို သဘောပေါက် သွားမည် ဖြစ်သည်။

(၁၂)ကရက် စိန်ပြာတစ်ပွင့်၊ (၁၁)ကရက် စိန်ဖြူတစ်ပွင့်၊ (၁၅)ကရက် ပန်းရောင်စိန်ကြီးတစ်ပွင့်ကို ဒိုင်ခွက် နံဘေးတွင် ဝန်းရံအလှဆင်ထားပြီး (၁၆၃)ကရက် အလေးချိန်ရှိ အဖြူရောင်နှင့် အဝါရောင် စိန်ပွင့်ငယ်များကိုပါ တပ်ဆင်ထားပေးသည်။

နာရီတွင် ပါရှိသည့် စိန်အမျိုးမျိုး၏ စုစုပေါင်း အလေးချိန်သည် (၂၀၁)ကာရက်ရှိပြီး ယင်းကို အစွဲပြုကာ Chopard 201 Carat Watchဟု အမည်ပေးထားခြင်း ဖြစ်သည်။ 


_Tech3
7Day News Journal 
No.429 Friday, July 4, 2014 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...