နေရောင်ခြည် စွမ်းအင်သုံး စက်ရုပ်လယ်သမားများ



ဖွံ့ဖြိုးဆဲနိုင်ငံများမှာ လက်မှုလယ်ယာကနေ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ခဲ့တာကြာပါပြီ။ အခုတစ်ခါ လူတွေ မောင်းနှင်ရတဲ့ စက်မှုလယ်ယာကနေ လူရဲ့ အကူအညီလုံးဝ မလိုအပ်တဲ့ စက်ရုပ်လယ်သမားတွေ နဲ့ အစားထိုးနိုင်တော့မှာပါ။ Ladybird လို့ခေါ်တဲ့ စက်ရုပ်လယ်သမားများဟာ နေရောင်ခြည်စွမ်းအင်ကို အသုံးပြုပြီး အလုပ်လုပ်မှာဖြစ်ပါတယ်။

စက်ရုပ်လယ်သမားတွေကို ဒေါ်လာ တစ်သန်း အသုံးပြုထားတဲ့ သုတေသန စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ Sydney University က တီထွင်ထားတာပါ။ သူတို့ဟာ စမ်းသပ်မှုအဆင့်ကို အောင်မြင်ပြီဖြစ်ပြီး လယ်ယာလုပ်ငန်းခွင်ကို ၀င်ရောက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

စက်ရုပ်လယ်သမားများမှာ လေဆာ၊ ကင်မရာ စတဲ့ Sensor တွေကို တပ်ဆင်ထားတာဖြစ်ပါတယ်။ သူတို့ ဟာ ကောက်ပဲသီးနှံများ ၊ သီးနှံဖျက်ပိုးမွှားများကို စောင့်ကြည့် စစ်ဆေးနိုင်ပါတယ်။ လေဆာရောင်ခြည် လမ်းညွှန်စနစ်နဲ့ အလိုအလျှောက် မောင်းနှင်နိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ သူတို့ရဲ့ ဦးစားပေးအ လုပ်က သတင်းအချက်အလက်များ ကောက်ယူဖို့နဲ့ စောင့်ကြည့်စစ်ဆေးဖို့ပါ။ ဒါပေမယ့်လည်း သူတို့မှာ စိုက်ခင်းကို ပျက်ဆီးနိုင်တဲ့ အလေ့ကျပေါက်နေတဲ့ အပင်ရိုင်းတွေကို ဖယ်ရှားနိုင်ပြီး ကောက်ပဲသီးနှံများ ရိတ်သိမ်းနိုင်တဲ့ စက်ရုပ်လက်တံ ပါရှိပါတယ်။

ကမ္ဘာတစ်ဝန်းမှာ အပူချိန်မြင့်မားလာတဲ့ အတွက် ပိုမိုတိကျတဲ့ စိုက်ပျိုးနည်းစနစ်များ လိုအပ်လာပါတယ်။ စက်ရုပ်လယ်သမားများက စိုက်ခင်းများကို အချိန်ပြည့်စောင့်ကြည့် စစ်ဆေးပေးနိုင်တဲ့ အတွက် လွန်စွာ အသုံးဝင်ပါတယ်။

စက်ရုပ် လယ်သမားကို စမ်းသပ်အသုံးပြုနေတဲ့ လယ်ပိုင်ရှင် Ed Fagan က “ စက်ရုပ်တွေဟာ အပင်ဖျက် ပိုးများနဲ့ သီးနှံဖွံ့ဖြိုးမှုတွေကို စောင့်ကြည့်ပြီး လယ်သမားတွေကို ကူညီနိုင်တဲ့ အတွက် သီးနှံတွေ ပိုမို ဖွံ့ဖြိုးအောင်မြင်လာတာ တွေ့ရပါတယ်။ ကောက်ပဲသီးနှံတွေ စိုက်ပျိုးရာမှာ အမှားတစ်ခုကို တွေ့ရှိတဲ့ အချိန် ဟာ နောက်ကျသွားပါပြီ။ စက်ရုပ်တွေက အဲဒီအမှားတွေ မတွေ့ခင်မှာပဲ သတိပေးနိုင်ပါတယ်။ စက်ရုပ် ဟာ ညအချိန်မှာသာ ထွက်လေ့ရှိတဲ့ အင်းဆက်ပိုးမွှားတွေကို စောင့်ကြည့်ဖို့လည်း အသုံးဝင်ပါတယ်။” လို့ ပြောပါတယ်။


Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...