အားကစား ပြုလုပ်ခြင်းနှင့် ပတ်သက်သော အယူအဆများ

အားကစား ပြုလုပ်တယ် ဆိုတာ ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အလေ့အထ တစ်ရပ်ပါ။ အားကစား လုပ်တာဟာ ကျန်းမာရေး အတွက် သာမက ကိုယ့်ကို ကိုယ် ယုံကြည်မှု ရှိခြင်း၊ စိတ်စွမ်းအင် မြင့်တက် လာခြင်း စတဲ့ ဘဝနေထိုင်မှု ပုံစံကို အကျိုးပြုပေးနိုင်တဲ့ အချက်တွေလည်း အများကြီး ရှိပါတယ်။ ဒါပေမယ့် အားကစား အပေါ် ထင်မြင် ထားတဲ့ အယူအဆ အမှား တွေကြောင့် လွဲမှားစွာ လုပ်ဆောင် မိတာတွေ မဖြစ်သင့်ပါဘူး။

အယူအဆ (၁)

အားကစား လုပ်ပြီး အလွန်အမင်း ပင်ပန်းသွားပြီ ဆိုတာ အားကစားကို တကယ်ကောင်းအောင် လုပ်တယ် ဆိုတာကို ပြတာ။

အမှန်

အားကစားလုပ်ပြီး အလွန်အမင်း ပင်ပန်းသွားတာက သင့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်းပြင်း ထန်ထန် တွန်းအားပေး လုပ်ဆောင်စေ ခဲ့တယ် ဆိုတာကို ဖော်ပြတာပါ။ အားကစား အစီအစဉ် စလုပ်တဲ့ ပထမ ရက်သတ္တပတ် နှစ်ပတ်လောက်က လွဲလို့ နောက်ပိုင်းရက်တွေဟာ အားကစား ပြုလုပ်ပြီးတိုင်း လန်းဆန်း သွားရမှာပါ။ အဲဒီအချိန်မှာ အားကစားလုပ်ပြီး ပင်ပန်းတာက အားကစားကြောင့် ခန္ဓာကိုယ်မှာ ဝန်ပိ သွားတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ဒါကြောင့် အားကစားလုပ်တဲ့ အချိန်ကာလနဲ့ အတိုင်းအတာကို လျှော့ချဖို့ လိုအပ်နေပါတယ်။

အယူအဆ (၂)

အားကစားလုပ်ပြီး ကြွက်သားတွေ နာကျင်လာလေလေ၊ ပိုပြီး သန်မာအား ကောင်းလာ လေလေပါပဲ။

အမှန်

ကြွက်သားအမျှင် ဘေးပတ်လည်က တွယ်ဆက်တစ်သျှူးတွေ ထိခိုက်သွားတာကြောင့် ကြွက်သားတွေ နာကျင်ရတာပါ။ ကြွက်သား နာကျင်မှုဟာ အားကစားလုပ်ပြီး ၂၄ နာရီ - ၄၈ နာရီကြာမှာ ခံစားရတတ်ပြီး နောက်ပိုင်းမှာတော့ အလိုလို သက်သာသွားတတ်ပါတယ်။ နာကျင်တဲ့ ကြွက်သားနေရာမှာ မိနစ် ၂၀ ကြာ ရေခဲကပ်ပေးပါ။ တစ်နေ့ကို အကြိမ်ပေါင်း များစွာ ပြုလုပ်ပေးနိုင်ပါတယ်။

ကြွက်သား နာကျင်မှုဟာ အားကစားလုပ်တဲ့အခါ လှုပ်ရှားမှု ပုံစံ မမှန်တာကြောင့် ဖြစ်လေ့ ရှိပါတယ်။ ဥပမာအနေနဲ့ ပြောရရင် လေးလံတဲ့ အလေးကို မြေပြင်နဲ့ ကပ်ပြီး မ,တာမျိုး၊ အားကစားလုပ်ချိန်အတွင်း ကြွက်သား သန်မာအောင် အားကစား လုပ်တဲ့ အခါ ကျွမ်းကျင်တဲ့ အားကစားနည်းပြ တစ်ဦးဆီမှာ လေ့ကျင့်သင့်ပါတယ်။

အယူအဆ (၃)

အဝလွန်သူတွေ အားကစား လုပ်တဲ့အခါ ကယ်လိုရီကျဖို့ ပိုခက်ပါတယ်။

အမှန်

ကိုယ်အလေးချိန် များလေလေ အားကစားလုပ်ရင်း လောင်ကျွမ်းတဲ့ ကယ်လိုရီ ပမာဏ များလေလေပါပဲ။ လေ့လာမှုအရ ပေါင် ၁၁၀ ရှိတဲ့ လူတစ်ယောက်ဟာ 10 mph နှုန်းနဲ့ စက်ဘီးစီးတဲ့အခါ တစ်မိနစ်မှာ ၅ ကယ်လိုရီ လောင်ကျွမ်းပြီး ပေါင် ၂၂၀ ရှိသူမှာတော့ တစ်မိနစ်မှာ ၁၀ ကယ်လိုရီ လောင်ကျွမ်းတာကို တွေ့ရပါတယ်။

အယူအဆ (၄)

အားကစား စလုပ်တဲ့ သူတွေက အားကစားလုပ်ပြီး ကြံ့ခိုင်ပြီးသားလူတွေထက် ချွေးပိုထွက်တယ်။

အမှန်

အားကစား လုပ်တဲ့သူတိုင်း ချွေးထွက်တာပါပဲ။ အားကစား အစီအစဉ် စလုပ်တဲ့ အချိန်မှာ ချွေးထွက်တဲ့ နှုန်းက မြင့်တက် လာပါတယ်။ ဒါဟာ အားကစား လုပ်ချိန်အတွင်း ခန္ဓာကိုယ် ကနေ အပူ (Heat) ထွက် တာကြောင့်ပါ။ ရေ၊ ဆားနဲ့ သံဓာတ်အနည်းငယ် ပေါင်းစပ် ပါဝင်တဲ့ ချွေးဟာ ခန္ဓာကိုယ်ကို အေးမြစေပြီး အပူလွန်တာမျိုး မဖြစ်အောင် ကာကွယ် ပေးတာပါ။ ခန္ဓာကိုယ် အပူချိန် မြင့်တတ်လာတဲ့အခါ အရေပြား က သေးငယ်တဲ့ သွေးကြောလေးတွေ ကျယ်လာပြီး အရေပြားဆီကို ပူနွေးနေတဲ့ သွေးတွေ ရောက်ရှိ စေပါတယ်။ အဲဒီအခါ အရေပြား မွေးညင်းပေါက်ကနေ ချွေးထွက်လာတာပါ။ ချွေးငွေ့တွေ အငွေ့ပြန် သွားတဲ့အခါ အေးမြသွားတဲ့ သွေးတွေဟာ ခန္ဓာကိုယ်အတွင်း ပြန်လည် လှည့်ပတ်ပြီး ခန္ဓာကိုယ် အတွင်း ပိုင်း အပူချိန်ကို လျော့ကျစေပါတယ်။

အယူအဆ (၅)

အားကစား လုပ်ပြီး ခန္ဓာကိုယ် ပုံပန်း သဏ္ဌာန် အချိုးအစား ကျလာလေလေ အားကစား အစီအစဉ်ကို သေချာပြုလုပ်တာ ပေါ်လွင်လေလေပါပဲ။

အမှန်

လူတွေရဲ့ အခြေခံ ခန္ဓာကိုယ် အချိုးအစားပေါ်မှာလည်း မူတည်တယ်။ ဆိုလိုတာက တချို့ လူတွေမှာတော့ အခြေခံ ခန္ဓာကိုယ် တည်ဆောက်ပုံက ကြည့်ကောင်းပြီးသား ဖြစ်တဲ့ အတွက် အားကစားလုပ်ချိန် သိပ်မကြာသေးခင်မှာပဲ ပိုပြီး အချိုးကျတဲ့ ခန္ဓာကိုယ် ပေါ်ပေါက် လာတတ်ပါတယ်။ တချို့ကတော့ အခြေခံ ခန္ဓာကိုယ် တည်ဆောက်ပုံက သိပ် အချိုးမကျတဲ့ အတွက် အားကစား အစီအစဉ်ကို ကြာကြာလုပ်ပြီးမှ အဆင်ပြေ သွားတတ် ပါတယ်။ အားကစားလုပ်တဲ့အခါ စိတ်ရှည်ရှည်ထားပြီး ဖြည်းဖြည်းနဲ့ မှန်မှန် ပြုလုပ်ဖို့ အရေးကြီးပါတယ်။


Mg Mandalay
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...