ပင်လယ်ရေအောက်တွင် ၃၁ ရက်ကြာ နေထိုင်ခဲ့သည့် အတွေ့အကြုံ

ပင်လယ် ရေအောက် ကမ္ဘာတွင် လူသားတို့ အနေဖြင့် ရက်ပေါင်း မည်မျှကြာ နေထိုင်ပါက မည်သည့် အကျိုး သက်ရောက် မှုများ ခံစားရရှိနိုင် သနည်းဟု အချက်ကို သုတေသန ပြုလုပ်ချင်သည့် အတွက် Fabien Cousteau နှင့် သူ၏ အဖွဲ့သား များသည် Florida Keys တွင် ရက်ပေါင်း ၃၁ ရက် ကြာအောင် ပင်လယ် ရေအောက်တွင် နေထိုင်၍ သုတေသန ပြုလုပ်ခဲ့ပါသည်။

ယခုကဲ့သို့ နေထိုင်ခဲ့ခြင်းသည် Fabien Cousteau အနေဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က ၄င်း၏ အဘိုးဖြစ်သူ Jacques Cousteau နေထိုင်ခဲ့သော ရက်ပေါင်းထက် ပိုများအောင် နေထိုင်ခဲ့ခြင်းလည်း ဖြစ်ပေသည်။ ၄င်း၏ မစ်ရှင် ၃၁ တွင် ဓာတ်ပုံဆရာ၊ မက်ဆာချူးဆက် တက္ကသိုလ်မှ ပင်လယ် ရေအောက်ဆိုင်ရာ ဇီဝဗေဒ ပညာရှင်များလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပါသည်။ အဖွဲ့သားများ အနေဖြင့်လည်း နက်ရှိုင်းသော ပင်လယ်ရေအောက်၏ ဖိအား ဒဏ်ကို အံတု၍ ရေအောက်တွင် နေထိုင်မည့် အလုပ်ကို လုပ်ဆောင်ရန်အတွက် များစွာ စိတ်ပါဝင်စားမှု များရှိခဲ့ကြပေသည်။

ပင်လယ် ရေအောက်တွင် နေထိုင်ခဲ့ခြင်းကြောင့် ခန္ဓာကိုယ်တွင် မည်သည့် သက်ေ၇ာက်မှုများ ခံစား ရမည်၊ စိတ်ပိုင်းဆိုင်ရာတွင် မည်သည့်ဖိစီးမှုများ ဖြစ်ပေါ်လာနိုင်သည်ကို သီအိုရီများစွာ ရှိနေသော်လည်း လက်တွေ့နှင့်မှု ကွာခြားမှုတော့ အနည်းငယ်ရှိနေမည် ဖြစ်သောကြောင့် ဖြစ်ပေါ်ခံစားခဲ့ရသည့် Fabien Cousteau ၏ အတွေ့အကြုံများကို ရေးသားဖော်ပြ လိုက်ရပါသည်။

(၁) အရေပြား

ရေအောက်တွင် တစ်လနီးပါးကြာ ငုပ်လျိုးနေထိုင်ကာ ရေထဲတွင် အချိန်များစွာ အလုပ်လုပ်နေရသော သူများအတွက် အဓိကစိန်ခေါ်မှု ပြဿာနာမှာ အချို့သော Aquanaut များ အမည်ပေးထားသော Creeping Crud အရေပြားဆိုင်ရာ ရောဂါလက္ခဏာ များပင် ဖြစ်ပါသည်။ အဆိုပါ လက္ခဏာသည် အရေပြားပေါ် တွင် ၀က်ခြံ အဖုကဲ့သို့ အဖုငယ်လေးများ ပေါက်လာခြင်း ဖြစ်ပြီး ထိုသို့ဖြစ်ရခြင်းမှာ ရေငုပ်သမားများ အနေဖြင့် ၄င်းတို့၏ ၀တ်စုံထဲတွင် ကျင်ငယ် စွန့်ခြင်းကြောင့် ဖြစ်သည်ဟု အဖွဲ့တွင် ပါဝင်ခဲ့သူ Mark Hulsbeck က ဆိုပါသည်။ ၄င်းက ဆက်လက်၍ “ ရေငုပ်သမားနှစ်မျိုး ရှိပြီး တစ်မျိုးမှာ ၀တ်စုံထဲတွင် ကျင်ငယ် စွန့်သော ရေငုပ်သမားနှင့် နောက်တစ်မျိုးမှာ ထိုကဲ့သို့ မလုပ်ကြောင်း ပြောမည့် လူလိမ် ” ပင် ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။

ထို့ကြောင့် အဓိက ကုသမှု ခံယူခြင်းသည် ရေငုပ်ပြီးတိုင်း ပဋိဇီဝဆေးပါဝင်သော ဆပ်ပြာများကို အသုံး ပြုခြင်းဖြင့် ဖြေရှင်းနိုင်ပါသည်။ ခန္ဓာကိုယ် အတွက်သာမက နား တွင်လည်း သက်ရောက်မှုများရှိပြီး အဆိုပါ နေရာများကို ကုသရန်အတွက် Aluminum Acetate မှပြုလုပ်သော ဆေးဝါးများကို အသုံးပြုနိုင် ပါသည်။

အချို့သော Aquanauts များ၏ အဆိုအရ ၄င်းတို့ တွေ့ကြုံခံစားရသော ဖိအားသည် သာမန် ပင်လယ်ရေ မျက်နှာပြင်ထက် ၂.၅ ဆ ပိုမိုသည်ဟု ဆိုပါသည်။ ထို့အပြင် အခြားသော ဘေးထွက်ဆိုး ကျိုးတစ်ခုမှာ အသားအရေဖြူလျော်လာခြင်း နှင့် ဗီတာမင် ဒီ ထွက်ရှိမှုလျော့ကျလာခြင်းဖြစ်သည်ဟု သိရပြီး အဓိက အကြောင်းအ၇င်းမှာ နေရောင်ခြည်ကို ရရှိနိုင်မှုနည်း ပါးသောကြောင့် ဖြစ်ပေသည်။ Aquanauts များ၏ အဓိက နားလည်သဘောပေါက်မှုမှာ ၄င်းတို့အနေဖြင့် ပင်လယ်ရေမျက်နှာပြင်အထက်သို့ ပြန်ရောက် သောအခါ လေနှင့်ပြန်လည် ထိတွေ့ရသောကြောင့် ၄င်းတို့အနေဖြင့် နောက်ထပ်ပျောက်ဆုံး နေသော အရာမှာ မည်သည့် အရာဖြစ်ကြောင်းကိုလည်း သိရှိခဲ့ရပါသည်။

(၂)အရသာနှင့် ဆာလောင်မှု

Aquanauts များ၏ သတင်းပို့ချက်အရ ရေထဲတွင် နေထိုင်အလုပ်လုပ်ရသော ၄င်းတို့အတွက် အရသာ ခံသည့် အလေ့အကျင့်များ လျော့ပါးသွားခြင်းပင် ဖြစ်သည်ဟု ဆိုပါသည်။ Mark Patterson ၏ သီအိုရီ များအရ ဖိအားပမာဏများစွာရှိသောနေရာ၌ နေထိုင်ရခြင်းသည် နှာခေါင်းအနေဖြင့် အနံခံရန် အာရုံ ထွေပြားမှု များဖြစ်ပေါ်ခြင်း ယခုကဲ့သို့ ဖြစ်သည်ဟု သိရပြီး ၄င်းတို့အနေဖြင့် ပူစပ်ပူလောင် အစားအစာ များကိုလည်း စားချင်စိတ် ဖြစ်မိသည်ဟု ဆိုပါသည်။

ရေအောက်ထဲ၌ နေထိုင်ပြီး ဖိအားများစွာ တည်ရှိနေသော နေရာများတွင် မကြာခဏရေငုပ်နေရသော သူများအတွက် ဇီဝဖြစ်ပျက်မှုသဘောတရားအရ ခန္ဓာကိုယ်အပူချိန်ကို ထိန်းသိမ်းရန် ကြိုးစားလုပ်ဆောင်ရ ပါသည်။ အစားအစာနှင့် ပတ်သက်၍ ဆန်၊ ပဲ နှင့် ပုဇွန် များကို စားသုံးကြပြီး တစ်ခါတစ်ရံတွက် အသင့်စား အစားအစာ MRE (Meat Ready to Eat) များကိုသာ စားသုံးကြပါသည်။ တစ်ခါတရံတွင် ၄င်းတို့အတွက် ပီဇာ များ၊ ဟမ်ဘာကာများ များကို အထူးတောင်းဆိုမှုအရ ပေးပို့ခြင်းကြောင့် စား ရသော်လည်း ၄င်းပေးပို့မှုမှာ ရှားပါးသည်ဟု ဆိုပါသည်။

(၃)အိပ်စက်ခြင်း

ရေထဲတွင် နေ့အချိန်၌ နာရီပေါင်းများစွာ အလုပ်လုပ်ဆောင် ရခြင်းကြောင့် ညဘက်ရောက်သည့် အခါ၌ လူတိုင်းနီးပါး ကောင်းစွာ အိပ်ပျော်နိုင်ကြပါသ်ည။ သို့သော် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဓာတ်ပုံဆရာဖြစ်သူ Kip Evans က Silver Fish ဟု ခေါ်သော ငါးအမျိုးအစား တစ်ကောင်သည် မိမိအိပ်ခန်းရှိ ပြတင်းပေါက် နားသို့ ချဉ်းကပ်လာသောအခါ ၄င်းကိုယ်၏ အလင်းပြန်မှုကြောင့် အိပ်စက်ရန် ခက်ခဲမှု ကြုံခဲ့ရသည်ဟု ဆိုပါသည်။

(၄)အသက်ရှုခြင်းနှင့် စကားပြောခြင်း

Aquanauts များအနေဖြင့် ၄င်းတို့နေထိုင်ရမည့် နေရာသို့ ပထမဆုံးရောက်သည့် အချိန်တွင် ဖိအားများ စွာ ရှိသော နေရာ၌ တည်ရှိနေသောကြောင့် ၄င်းတို့အနေဖြင့် စကားပြောဆိုရာ၌ အခက်အခဲ ရှိနေခဲ့ သော်လည်း နောက်ပိုင်းတွင် အဆင်ပြေမှု ရှိခဲ့သည်ဟု ဆိုပါသည်။ ရေတပ်မှ ရေငုပ်သမားဖြစ်သူ Marc Chase က အသက်ရှုခြင်းနှင့် ပတ်သက်၍ များစွာ သတိထားရ မည်ဖြစ်ပြီး မိမိတို့ရေငုပ်ရာ ပတ်ဝန်း ကျင်တွင် အဆိပ် အတောက်ဖြစ်စေမည့် အရာများလည်း ရှိနေသည်ဟု ဆိုပါသည်။

(၅)နားနေခန်း

Aquanauts များအနေဖြင့် ရေထဲသို့ ဆင်းခြင်းများ၊ အခန်းတွင်းသို့ ပြန်လည် ၀င်ရောက်ခြင်းများ၊ ရေငုပ် ၀တ်စုံချွတ်လဲခြင်းများ ပြုလုပ်နိုင်ရန်အတွက် ရေလုံခန်းတစ်ခုထားရှိပြီး ၄င်းအခန်းထဲတွင် အုပ်ချုပ်မှု ဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက် ကြပါသည်။ အဆိုပါ အခန်းအတွင်းသို့ တစ်ခါတစ်ရံ ငါးများ ၀င်ရောက် လာသောကြောင့် လေမှုတ်ခြင်းဖြင့် ငါးများကို မောင်းထုတ် ရလေ့ရှိကြောင်း သိရှိရပါသည်။

(၆)မြင်တွေ့ခြင်း

အလင်းရောင်ရရှိမှုအနေဖြင့် အနည်းငယ် ပမာဏသာရရှိသော်လည်း သုတေသနပြုသူများအနေဖြင့် အဆိုပါ မြင်တွေ့ခြင်းဆိုင်ရာနှင့် ပတ်သက်၍ ထူးခြားသော သတင်းပို့မှုများ မရှိခဲ့ပေ။

(၇)တွေးခေါ်ခြင်း

အချို့သော Aquanauts များ၏ သတင်းပို့ချက်အရ ၄င်းတို့အနေဖြင့် Nitrogen Narcosis များကို ခံစား ရသောကြောင့် အရက်မူးသကဲ့သို့ ဖြစ်ပေါ်မိကြောင်း၊ ၄င်းပြဿာနာမှာလည်း ဖိအားများသော ရေအောက် တွင် အလုပ်လုပ်ဆောင်ရခြင်းကြောင့် ဖြစ်သည်ဟု ဆိုပါသည်။ အတွေ့အကြုံရှိသူ Mark Hulsbeck ကမူ မူးဝေမှုအရာအားလုံးသည် Nitrogen Narcosis ကြောင့်ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ အေးမြသော ပင်လယ် ရေအောက်တွင် ရက်ပေါင်းအတော်ကြာ နေထိုင်မှုကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်ဟု လည်း ၄င်းက ယူဆထားပါသည်။

(၈)ကန့်သတ်ချက်

Aquanaut များအနေဖြင့် ရေအောက်တွင် အချိန်အကန့်အသတ်မရှိ ရေငုပ်နိုင်သနည်းဟု မေးလျှင် သတ်မှတ်ထားသော စံချိန်စံနှုန်းမရှိသော်လည်း ဖိအားပမာဏ နှင့် ရေအောက်တွင် အသက်ရှုချိန်၌ ပါဝင်သည့် အောက်ဆီဂျင်ပမာဏတို့တွင် မူတည်နေသည်ဟုပင် ဖြေကြားရမည်ဟု Mark Hulsbeck က ဆိုပါသည်။ သို့သော် ယခုကဲ့သို့ နေထိုင်ခြင်းသည် လူ၏ ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများ လည်ပတ် မှုအတွက် ထိခိုက်မှုရှိပေသည်။ ရေငုပ်သမားများအတွက် အများဆုံးအနေဖြင့် ရေအောက်တွင် အလုပ်လုပ်ဆောင်နိုင်ရန် မှာ ၇ ရက်မှ ၁၀ ရက်အတွင်းသာ သင့်တော်ကြောင်း သိရှိရပါသည်။

Ref:PopularScience
WorldWide(BMSTU)

ref;TechSpace Journal

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook



ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...